Monday, April 4, 2011

တရားမင်းသခင် - ၁၀။ သုဘာ


သုဘာသည် တစ်ချိန်က ကပိလဝတ် မြို့တော်၌ အလှဆုံး ဖြစ်ခဲ့၏။ ရမ္မက်သွေးကြွအောင် အမြှူဆွယ်နိုင်ဆုံး ပြည့်တန်ဆာမ တစ်ယောက်လည်း ဖြစ်ခဲ့၏။ ယခုအခါ သုဘာ အိုလေပြီ။ သုဘာ၏ စိတ်ဓာတ်လည်း ကျန်းမာကြံ့ခိုင်ခြင်း မရှိတော့ပေ။ သုဘာ တစ်ကိုယ်တည်း ကပိလဝတ် မြို့တော်အတွင်း ခြေဦးတည့်ရာ လှည့်လည်သွားလာ နေ၏။ တစ်ချိန်က အဖိုးအနဂ္ဃ ထိုက်တန်ခဲ့သော ကာသိတိုင်းဖြစ် ဝတ်ရုံသည် ယခုအခါ သုဘာ၏ ကိုယ်ပေါ်၌ ဖွာလံကျဲအောင် စုတ်ပြတ်နေလေပြီ။ သုဘာသည် ညစ်ပေစုတ်ပြတ်နေသည့် အပေါ်ရုံကို မြေပေါ်မှာ ဖြန့်ခင်းလိုက်၏။ ထို့နောက် ကိုယ်အပေါ်ပိုင်း ဝတ်လစ်စလစ် ဖြစ်သွားသည်ကို အလေးမမူဘဲ ဝတ်ရုံစုတ် အခင်းပေါ်မှာ ထိုင်လိုက်၏။ လယ်ထွန်မင်္ဂလာ ပွဲသဘင်သို့ သွားနေသည့် သာကီဝင် မင်းသား အစဉ်အတန်းကြီးကို ငေးစိုက်ကြည့်နေရင်း သုဘာ တစ်ယောက်တည်း ရေရွတ်နေလေ၏။

“ဒီအုပ်စုထဲက လူငယ်တွေကို ငါ မသိပါလား။ သူတို့ရဲ့ ခမည်းတော်တွေကိုတော့ ငါ ကောင်းကောင်း သိတာပေါ့။ အော် . . . သူတို့ ဆံပင်တွေ ဖြူနေပါပေါ့လား။ တစ်ချိန်ကတော့ သူတို့ဆံပင်တွေ နက်မှောင်နေတာပဲ။ သူတို့ ငါ့ဆီ လာခဲ့ကြဖူးတယ်။ အဲဒီတုန်းက ငါ့ကို သူတို့ ကြည့်ပုံဟာ ခု ကြည့်ပုံနဲ့ တစ်ခြားစီပဲ။ အို . . . သက္ကောဒန ရယ် . . .။ မြို့တော်ရဲ့ ပြည့်တန်ဆာမ ဘဝကို စွန့်လွှတ်ပြီး ကိုယ်လုပ်တော်မောင်းမ လုပ်လှည့်ပါလို့ တောင်းဆိုတာကို မှတ်မိပါသေးရဲ့လား။ လာအိပ်ကြတဲ့ အချောဆုံး အလှဆုံး လိစ္ဆဝီမင်းသားတွေရော တစ်ခြားသာကီဝင် မင်းသားတွေပါ ဒီလိုမျိုး ကမ်းလှမ်းကြတယ်ဆိုတာ ပြောပြတော့ မျက်စိမျက်နှာ ပျက်ခဲ့တာ ရှက်သွေးဖြန်းခဲ့တာ မှတ်မိပါသေးရဲ့လား။ အို . . . သက္ကောဒန . . .။ ချစ်ရသူကြီး ရေ . . .။ ခုတော့ လိစ္ဆဝီတွေလည်း လာမအိပ်ကြတော့ဘူးလေ . . .။ ကိုယ်လုပ်တော်မောင်းမအဖြစ် ရွေးကောက်လှည့်ပါတော့ . . .။”

သုဘာသည် အသံကုန် ဟားတိုက်ရယ်မောရင်း ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်သည်။ လမ်းပေါ်၌ တစ်ဦးတစ်ယောက်မှ မရှိပေ။ သူ့ရယ်သံကို မည်သူမျှ မကြားနိုင်ဟု နားလည်လိုက်သော သုဘာသည် ပါးစပ်ပိတ်လိုက်ပြီး ခေါင်းငိုက်စိုက်နှင့် မျက်လွှာချ နေလေ၏။

ထိုစဉ် အဆိပ်ပြင်းသည့် ပုရွက်ဆိတ် အနက်ကြီးများ အတန်းလိုက် သူ့ရှေ့မှာ ဖြတ်သွားနေသည်ကို သုဘာ တွေ့လိုက်ရ၏။ သုဘာသည် ပုရွက်ဆိတ် အနက်ကြီးများကို စိုက်ကြည့်နေရင်း ရုတ်တရက် အကြံတစ်ခု ရလိုက်သည်။ ပုရွက်ဆိတ် အနက်ကြီး တစ်ကောင်ကို ဂရုတစိုက် ဖမ်းယူလိုက်၏။ မျက်လုံးအစုံကို မှေးမှိတ်ထားရင်း ပုရွက်ဆိတ်ကို သူ့ရင်သားပေါ် တင်လိုက်သည်။ ပုရွက်ဆိတ် ဒဏ်ရာရသွားအောင် ခပ်ဆတ်ဆတ်လည်း ဖိချေလိုက်သေးသည်။ ထို့နောက် တစ်ကိုယ်တည်း ရေရွတ်နေ၏။

“ကိုက်စမ်း။ အဆိပ်ပြင်းတဲ့ ကောင်။ ကိုက်ပါ။ ကိုက်စမ်းပါ။ မင်း ငါ့ကိုကိုက်တော့ ဗိမ္ဗိသာရကို သတိရလိုက်တာ . . . ။ ငါ အပျိုရည် ပျက်ခဲ့တာ အဲဒီညပေါ့။”

သုဘာသည် မျက်လုံးများ မှိတ်ထားဆဲ ဖြစ်သည်။ လက်နှစ်ဘက်ကို ရင်ဘတ်ပေါ် တင်ထား၏။ ရုတ်တရက်ပင် ပုရွက်ဆိတ်ကို ရင်သားပေါ်မှာ ချေပစ်လိုက်သည်။ မြေမှာခင်းထားသော အပေါ်ရုံကို ကောက်ယူလိုက်ပြီး လမ်းပေါ် တက်ပြေးလေ၏။ သူမဆီသို့ မြင်းစီးလျက် လာနေသော လုလင်ပျို တစ်ယောက်ကို တွေ့လိုက်သည်။ သုဘာသည် အကြောက်အလန့် ကင်းမဲ့စွာ မြင်းရှေ့မှာ ခုန်ဝင်လိုက်၏။ ဇက်ကြိုးကို ဖမ်းဆွဲလိုက်ပြီး မြင်းကို ရပ်တန့်စေ၏။

မြင်းစီးလုလင်ပျိုကား လယ်ထွန်မင်္ဂလာ ပွဲသဘင်သို့ သွားရောက်ရန် နောက်ကျနေသည့် သိဒ္ဓတ္ထမင်းသား ဖြစ်ပေသည်။ မင်းသားသည် စိတ်ရောဂါသည် အမျိုးသမီး သုဘာ၏ အပြုအမူကို အပြစ်ဟု မမှတ်ယူပေ။ သုဘာသည် လမ်းကို ပိတ်ရပ်လျက် မင်းသားကို အချိန်အတန်ငယ်ကြာအောင် တိတ်ဆိတ်ငြိမ်သက်စွာ ငေးစိုက်ကြည့်နေသည်။ အရူးမတစ်ယောက်ဖြစ်သည်ဟု အတိအကျ သိလိုက်ရသောအခါ မင်းသားသည် သုဘာ ပြုလိုရာ ပြုခွင့် ပေးထားလိုက်၏။ သုဘာသည် မြင်းဇက်ကြိုးကို လွှတ်လိုက်ပြီး ခြေနင်းကို ဆုပ်ကိုင်လိုက်ပြန်သည်။ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် မင်းသားကို ပြော၏။

“မင်းလို မင်းသားလေးတွေ ဆယ်နှစ်ယောက်နဲ့ မင်းသမီးလေးတွေ လေးယောက်ကို ငါ့အိမ်ကနေ စွန့်ပစ်ခဲ့ရဖူးတယ်။ အားလုံး မဟာဆီ မဟာသွေးတွေချည်းပဲ။ အစေခံမက ငါ့ ကလေးတွေကို အဝတ်နဲ့ ထုတ်ပတ်ပြီး စွန့်ပစ်လိုက်တာ။ အစေခံမ ကလေးတွေကို စွန့်ပစ်ရာက ပြန်လာတော့လည်း မင်းသားငယ် မင်းသမီးငယ်လေးတွေကို ဘယ်လိုလုပ်လိုက်သလဲဆိုတာ တစ်ခါမှ ငါ မေးမကြည့်ခဲ့ဘူး။ ငါ့မှာ မေးခွင့်လည်း မရှိခဲ့ဘူး။ ငါ့ဝမ်းနဲ့လွယ်မွေးခဲ့ရတဲ့ ကလေးတွေကို အဲဒီ ဘီလူးမ လည်မျိုညှစ်သတ်လိုက်ပြီး သုဿာန်တစပြင်မှာ စွန့်ပစ်ခဲ့တယ်ဆိုတာ ငါ သိတယ်။ အို . . . နတ်ဒေဝတာတို့။ ကြီးလေးလိုက်တဲ့ ပြစ်မှုကြီးပါလား။ ဒါပေမယ့် မင်းသားရယ် . . . ငါ ဘာမှ မတတ်နိုင်ခဲ့ဘူး။ မင်းဟာ ဟို အစေခံမ အဝတ်နဲ့ထုတ်ပြီး စွန့်ပစ်ခဲ့တဲ့ ငါ့ကလေးတစ်ယောက် ဖြစ်နိုင်တယ်။ မင်းဟာ အဲဒီ သဘက်မရဲ့ လက်ကနေ လွတ်မြောက်ပြီး ခုလို လူလားမြောက်လာတာ နေမှာပေါ့။ သား . . .။ သားရယ် . . .။ . . . ငါလေ မင့်အမေပါ။ မင့်အဖေကတော့ . . . သုဒ္ဓေါဒနပေါ့။ ကပိလဝတ်က သာကီဝင်တွေ အားလုံးရဲ့ မျက်နှာပေါက်ကို ငါ သိတယ်။ ဒါပေမယ့် သားရယ် . . . သူတို့က ငါ့ကို မသိကြဘူး။ နီတာရဲလေး မင့်ကို ဟို အယုတ်တမာမ အဝတ်နဲ့ ထုတ်ပတ်နေတုန်းက မင်း နာလွန်းလို့ ငိုလိုက်တာ။ မင့်မျက်နှာကိုနမ်းရင်း အမေ့ကို ခွင့်လွှတ်ပါ သားရယ် . . .လို့ ငါပြောခဲ့သေးတယ်။ ဒါထက်ပိုပြီး ဘာများ ငါ တတ်နိုင်မှာလဲ။ မင့်ကို ငါ ခိုးကြောင်ခိုးဝှက်နဲ့ မွေးမြူမယ်ဆိုရင် ဟိုကောင်မက ငါ့ကို ငြိုးမှတ်ထားပြီး ငါရထားတဲ့ ကပိလဝတ်ရဲ့ ပြည့်တန်ဆာ အကြီးအမှူးရာထူးကနေ ဖြုတ်ချမှာပေါ့။ ငါ့သွေးသားကနေ ပေါက်ဖွားခဲ့တဲ့ ငါ့သား။ ငါ့သွေးသားနဲ့ ကြီးထွားလာခဲ့တဲ့ ငါ့သား။ အမေ့ကို ခွင့်လွှတ်ပါ သားရယ် . . .။ အမေ . . .လို့ တစ်ခွန်းလောက် ခေါ်လိုက်ရင် အမေ ပျော်ပျော်ကြီး သေနိုင်ပါပြီကွယ် . . .။”

သုဘာသည် စိတ်ထိခိုက်လွန်း၍ မျက်ရည်များ ကျလာပြီး ရှိုက်ကြီးတငင် အော်ငိုလေ၏။

မင်းသားလည်း ထိထိရှရှ ခံစားလိုက်ရ၏။ မင်းသားသည် မြင်းပေါ်မှ ဆင်းလိုက်ပြီး အဖွားအို၏ ဦးခေါင်းကို ကိုင်လျက် စကားဆို၏။

“ဟုတ်ပါတယ် အမေ. . .။ ကျွန်တော်ဟာ ဘုရင်သုဒ္ဓေါဒနရဲ့ သား အစစ်ပါ။”

မင်းသား၏ စကားကို ကြားလိုက်ရသည်နှင့် ဒုက္ခသည် အဖွားအိုသည် မိခင်မေတ္တာဖြင့် အရူးအမူး ဖြစ်သွား၏။ မင်းသား၏ မျက်နှာ ရင်ဘတ်နှင့် လက်ချောင်းများကို ကိုင်တွယ် စမ်းသပ်နေလေသည်။ အဖွားအိုသည် ဟန်ချက်မထိန်းနိုင်လောက်အောင် တုန်တုန်ရီရီ ဖြစ်နေ၏။ ပါးလျသော နှတ်ခမ်းအစုံသည် တဆတ်ဆတ် တုန်နေ၏။

“အမေ . . .။ အမေ့အတွက် ကျွန်တော် ဘာများ လုပ်ပေးနိုင်ပါသလဲ။”ဟု သိဒ္ဓတ္ထမင်းသားက မေး၏။

“သား . . .။ အမေ့သားရယ် . . .။ အမေ ဆာတယ်။ ဒင်္ဂါးပြား တောင်းနေတာ။ အမေ့ကို ဒင်္ဂါး ပေးပါ သားရယ် . . .။”

သုဘာသည် ချက်ချင်းပင် ရွှေဒင်္ဂါးနှစ်ပြား ရလိုက်၏။ ရွှေဒင်္ဂါးများကို လက်နှစ်ဘက်နှင့် ဆုပ်ကိုင်ကာ ရင်မှာ ဖိထားလျက် မင်းသား၏ မျက်နှာကို ငေးစိုက်ကြည့်နေရင်း နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။ ထို့နောက် ကိုယ်ကိုလှည့်၍ ထွက်ပြေးသွားလေ၏။ ပြေးနေရင်း ပင်ပန်းလာသည်နှင့် မြေပေါ်မှာ ထိုင်ချလိုက်ပြီး ခေါင်းငိုက်စိုက် ချထားလျက် ငိုလေ၏။

သုဘာသည် အလွန်အမင်း စိတ်ထိခိုက်နေ၍ နေရာမှ မလှုပ်ရွေ့နိုင်တော့ပေ။ သိဒ္ဓတ္ထမင်းသားသည် ဒုက္ခသည် အမျိုးသမီးကို ငေးစိုက် ကြည့်နေလေ၏။

သုဘာသည် ဒင်္ဂါးပြားများကို ပွေ့ပိုက်လျက် ငိုကြွေးနေရာမှ ရုတ်တရက် ခေါင်းထောင်လိုက်သည်။ အရောင် တလက်လက် တောက်ပနေသည့် ဒင်္ဂါးနှစ်ပြားကို အာသာငမ်းငမ်း ငေးစိုက် ကြည့်နေ၏။ သိဒ္ဓတ္ထမင်းသားသည် မူလနေရာမှာပင် မလှုပ်မယှက် ရှိနေသေးသည်။ မင်းသားက သူမကို စိတ်ဝင်တစား ငေးကြည့်နေမှန်း သိလိုက်သော သုဘာသည် မင်းသားရှိရာသို့ ပြေးသွားပြန်လေ၏။

“သား . . .။ ဒီ ဒင်္ဂါးတွေ ပြန်ယူပါ။ ဗိုက်ပြည့်မယ့် စားစရာကို အမေ မလိုချင်တော့ဘူး။ ချုံးချုံးကျနေတဲ့ အမေ့စိတ်၊ ပူဆွေးသောကရောက်နေတဲ့ အမေ့စိတ်ကို ဖြေသိမ့်ပေးနိုင်မယ့် အရာကိုပဲ လိုချင်ပါတယ်။ ယူပါ။ ဒီ ဒင်္ဂါးတွေကို ယူပါ။ ပျော်ရွှင်တဲ့ စိတ်ဝိညာဉ် ပြန်လည်ရရှိအောင် ဘယ်အရာက ကူညီဖေးမ ပေးနိုင်မယ်ဆိုတာ အမေ့ကို ပြောစမ်းပါ။”

အစွန့်ပယ်ခံ အမျိုးသမီးကို သိဒ္ဓတ္ထမင်းသားက အရေးတယူ ဆက်ဆံနေ၏။ မင်းသားသည် အမျိုးသမီး၏ စိတ်မချမ်းမြေ့မှုကို နားလည်နိုင်၏။ သောကအငွေ့ ရိုက်ခတ်မှုကြောင့် မင်းသားလည်း မရွှင်မပျ ဖြစ်နေလေသည်။

“အမေ . . .။ ကျွန်တော်ဟာ အမေ့လို ခိုးကိုးရာမဲ့သူတွေကို ကူကယ်နိုင်မယ့် တရားဒေသနာကို ကြိုးစားရှာဖွေနေတာပါ။ အခု ရှင်သန်နေကြသူတွေ အသချေင်္ အနန္တနဲ့ မွေးဖွားလာကြမယ့်သူတွေ အသချေင်္ အနန္တကို ကူကယ်နိုင်မယ့် နည်းလမ်းကို မရရအောင် ရှာဖွေပါ့မယ်။ အတားအဆီး အနှောင့်အယှက်တွေ ဘယ်လောက်ပဲ ကြမ်းတမ်းကြမ်းတမ်း ရအောင် ရှာဖွေမှာပါ။ ကျွန်တော် ပေးခဲ့တဲ့ ဒင်္ဂါးတွေကို ပြန်မလိုချင်ပါဘူး အမေ . . .။ ယူလိုက်ပါ။ အမေ အဆာပြေအောင် လုပ်လိုက်ပါ . . .။”

“သာဓု . . . သာဓု . . . သာဓုပါ သားရယ် . . .။ အမေ မသေခင် ကယ်တင်ပါကွယ်။ ပူဆွေးသောကက အမေ့ကို တမြေ့မြေ့ ကျွမ်းလောင်နေပါပြီ”ဟု သုဘာက သိဒ္ဓတ္တမင်းသားကို တောင်းပန်တိုးလျှိုးနေလေ၏။

သိဒ္ဓတ္ထမင်းသားသည် ဒုက္ခသည် အမျိုးသမီး သုဘာ၏ မျက်ဝန်းများကို နောက်ဆုံးအကြိမ် ကြည့်လိုက်သည်။ သုဘာသည် ဒင်္ဂါးစေ့များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၏။ မိခင်စိတ် အပြည့်ဖြင့် မင်းသားကို ကြည့်နေ၏။ မင်းသားသည် အကြည့်လွှဲလိုက်ပြီး မြင်းပေါ်သို့ ခုန်တက်ကာ ခပ်သုတ်သုတ် မောင်းနှင်ထွက်ခွာ သွား၏။ လယ်ထွန်မင်္ဂလာ ပွဲသဘင်ကား ခြိမ့်ခြိမ့်သဲသဲ ရှိနေလောက်ပေပြီ။

(ဆက်ရန် . . . . .)

Ref:
Portrait of the Buddha (from a Novelist's Pen) 
by Jayasena Jayakody, English Translation by K. D. de Lanerolle. 
FOR FREE DISTRIPUTION - NOT FOR SALE.

No comments:

Post a Comment