“ခမည်းတော် . . .။ ဆိတ်မကြီးနဲ့ ဆိတ်သားငယ် သားတော်ရှေ့မှာ ရောက်နေသလို မြင်ရောင်မိတယ် ဘုရား။ ကူကယ်ရာမဲ့တဲ့ ဒီ ဆိတ်သားအမိဟာ မကြာခင် အချိန်အတွင်းမှာ မာနခက်ထန်တဲ့ သာကီဝင်တွေရဲ့ ဝမ်းဗိုက်ထဲ ရောက်သွားမှာကို သားတော် စောင့်ဆိုင်း မနေနိုင်တော့ပါဘူး ဘုရား။ သနားစရာ ဒီ ခြေလေးခြောင်း သတ္တဝါတွေကို သနားကြင်နာတော်မူပါ ခမည်းတော်ဘုရား။ ဒီ ဆိတ်နှစ်ကောင်ကို ဟင်းလျာအဖြစ် မသတ်လိုက်ဖို့ စားဖိုမှူးကို အမိန့်ချမှတ်တော်မူပါ ဘုရား။ အမိန့်တော်ကို ယူဆောင်ပြီး သားတော် ချက်ချင်း ပြန်သွားလိုက်ပါ့မယ် ဘုရား။”
သုဒ္ဓေါဒန မင်းကြီးသည် သားတော်မင်းသား၏ လှိုက်လှိုက်လှဲလှဲ တောင်းပန်မှုကို လိုက်လျော်သည့် အနေဖြင့် ဆိတ်သားအမိကို မသတ်ဖြတ်ရန် အမိန့် ချမှတ်တော်မူ၏။ သိဒ္ဓတ္ထမင်းသားသည် မြင်းကို နောက်ပြန်လှည့်လိုက်ပြီး နန်းတော်ဆီသို့ အမြန်ဆုံး မောင်းနှင်သွားလေ၏။ နန်းတော် နောက်ဖေးရှိ စားဖိုဆောင်နှင့်ကပ်လျက် တည်ရှိသော ဂိုဒေါင်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စူးစူးဝါးဝါး ဟစ်အော်သံ တစ်ခုကို သိဒ္ဓတ္ထမင်းသား ကြားလိုက်ရသည်။ မင်းသားသည် မြင်းကို အသံလာရာသို့ ချက်ချင်း ဦးတည်မောင်းနှင်လိုက်သည်။ ထို့နောက် ဆိတ်သားအမိကို ရှာဖွေသည်။ ဆိတ်သားအမိကား မြေမှာလဲကျ နေလေပြီ။ ၎င်းတို့၏ ခြေတို့ကို တုတ်နှောင်ထား၏။ ခေါင်းနှင့်ကိုယ်ကား အိုးစားကွဲ နေကြလေပြီ။ လည်ချောင်းတို့မှ စီးကျနေသော သွေးများ ပူးနွေးလျက် ရှိသေးသည်။ ခြေတို့လည်း ဆတ်ဆတ်တုန်ခါလျက် ရှိနေသေးသည်။
သိဒ္ဒတ္ထမင်းသားသည် နာကြည်းစွာ ဟစ်အော်လိုက်၏။
“အိုး . . .။ ဆိုးလိုက်တဲ့လူ။ ဘယ်လိုလုပ်လိုက်တာလဲ။ နှလုံးသားမှ ရှိရဲ့လား။”
မင်းသားသည် ကြောက်မက်ဖွယ် မြင်ကွင်းကို မကြည့်ရက်နိုင်ပေ။ နဖူးပြင်ကို ဘယ်လက်ဝါးဖြင့် တွန်းဖိ၍ပုတ်ရင်း အကြည့်လွှဲလိုက်သည်။ လက်ကို နဖူးပြင်မှာ တင်ထားဆဲ ဖြစ်၏။ ဝမ်းနည်းပက်လက် နာကြင်ကျေကွဲရင်း သားသတ်သမား၏ မျက်နှာကို ငေးစိုက် ကြည့်နေ၏။ သားသတ်သမားသည် သွေးစိမ်းရှင်ရှင် ပေကျံနေသော သားသတ်ဓားကို ကိုင်ဆောင်လျက် မလှုပ်မယှက် ရပ်နေလေ၏။
“သားသတ်သမား . . .။ နို့ရည်တွေ တင်းကားနေတဲ့ ဒီ သားသည်အမေ ဆိတ်မကို သတ်နိုင်လောက်အောင် ဘယ်လိုများ ရက်စက်ခဲ့သလဲ။ မိုက်လိုက်တဲ့ သတ္တဝါ။ ဆိတ်ကလေးကလည်း လူလိုပဲ နို့စို့နေတုန်းပဲ ရှိသေးတာ။ နို့မခွာသေးတဲ့ ဒီ ဆိတ်ကလေးကို ဘယ်လိုများ သတ်ရက်ခဲ့သလဲ။ ပြောစမ်းပါအုံး။ ဒီလို သတ်ဖြတ်မှုကို ဘယ်သူ့အတွက် လုပ်လိုက်တာလဲ။”
“ခွင့်လွှတ်တော်မူပါ အရှင့်သား။ ဆိတ်မကြီးရဲ့ အသားက လယ်ထွန်မင်္ဂလာပွဲအတွက် ဖြစ်ပါတယ် ဘုရား။ ဆိတ်သူငယ်ရဲ့ အသားကတော့ မင်းကြီးနဲ့ အရှင်မင်းသားတို့အတွက်ပါ ဘုရား။”
“ဒီဆိတ်ကလေးကို ငါ့အတွက် သတ်ရမယ်လို့ ဘယ်သူ အမိန့်ပေးခဲ့တာလဲ။”
စားဖိုမှူးသည် ကြောက်ရွံ့သောကြောင့် အတန်ငယ် နှုတ်ဆိတ်သွား၏။ ထို့နောက် လက်ချောင်းများ ချိတ်ဆိတ်လျက် ကွေးဆုပ်ထားသော လက်အစုံဖြင့် မင်းသားကို ဦးတင်လျှောက်ထား၏။
“သည်းခံခွင့်လွှတ်တော်မူပါ အရှင်မင်းသား။ အရှင့်သားနဲ့ ကြင်ယာတော် မင်းသမီးတို့ရဲ့ ပွဲတော်စာ အမဲဟင်းအတွက် အသားရဖို့ ဆိတ်သားငယ် ဒါမှမဟုတ် နွားသားငယ်ကို နေ့စဉ်နေ့တိုင်း သတ်ဖြတ်ခဲ့တာပါ ဘုရား။ ဒီနေ့မှ ထူးထူးခြားခြား ဖြစ်ပွားခဲ့တာရယ်လို့ မရှိပါ ဘုရား။”
“တော် တော်။ ငါ့အတွက်ပဲဖြစ်ဖြစ် မင်းသမီးအတွက်ပဲဖြစ်ဖြစ် နန်းတော်ကနေ အမဲဟင်း ယူမလာနဲ့တော။ နန်းတော်ထဲမှာ ဒါမျိုးတွေ နေ့တိုင်း ဖြစ်ခဲ့တာကို ငါ မသိခဲ့ဘူး။ ခုချိန်ကစပြီး အသားမစားမိဖို့ ဂရုစိုက်တော့မယ်။ နှလုံးသား မဲ့လိုက်တဲ့ သားသတ်ကောင် . . .။ ဒီပြစ်မှုမျိုး ဘယ်လိုများ လုပ်နိုင်ခဲ့သလဲ ပြောစမ်းပါအုံး။ ဒီလိုသတ်ဖြတ်တာ ဘာကောင်းသလဲ။ ဒီပြစ်မှုတွေရဲ့ အကျိုးဆက်ကနေ ဘယ်လိုများ လွတ်မြောက်နိုင်မှာလဲ။”
မင်းသားသည် သားသတ်သမား စဖိုမှူးကို ဆက်တိုက် မေးခွန်းထုတ်နေ၏။ စားဖိုမှူးသည် သွေးစွန်းနေသည့် ဓားကို ပစ်ချလိုက်ပြီး လက်နှစ်ဘက်ကို ယှက်ပိုက်လျက် ကိုယ်ကို ကုန်းညွတ်ကာ အရိုအသေပြုရင်း မင်းသားကို လျှောက်တင်၏။
“အရှင့်သား နှစ်သက်ကောင်း နှစ်သက်နိုင်ပါလိမ့်မယ် ဘုရား။ ကျွန်တော်မျိုးဟာ မြင့်မြတ်တဲ့ ဂင်္ဂါမြစ်ဆီ တစ်နှစ်တစ်ခါ သွားပါတယ် ဘုရား။ ဝတ်ရုံအဝါကို တကိုယ်လုံးခြုံပြီး မြင့်မြတ်တဲ့ ဂင်္ဂါမြစ်ရေမှာ စိမ်ပါတယ် ဘုရား။ ကျွန်တော်မျိုးရဲ့ အပြစ်အားလုံးကို မြင့်မြတ်တဲ့ ရေစင်နဲ့ ဆေးကြောပါတယ် ဘုရား။ ကျွန်တော်မျိုးတို့ သားသတ်တဲ့ အလုပ်ကို လုပ်ကိုင်လာတာ ဆွေးမျိုး ခုနစ်ဆက် ရှိပါပြီ ဘုရား။ ရှေးက မိဘ ဘိုးဘွားတွေလည်း ဒီနည်းနဲ့ပဲ အပြစ်တွေကို ဆေးကြောခဲ့ကြပါတယ် အရှင့်သား။”
“ရူးလိုက်မိုက်လိုက်တဲ့ လူ။ တစ်ခြားနည်းနဲ့ ကုသိုလ်ကောင်းမှု မလုပ်ဘူးလား။”
“အရှင်မင်းသား . . .။ ကုသိုလ်ကောင်းမှုလည်း လုပ်ပါတယ် ဘုရား။ ကျွန်တော်မျိုးမှာ အိုမင်းမစွမ်း မကျန်းမမာ ဖြစ်နေရှာတဲ့ ဂိလာန ဖခင်ကြီး ရှိပါတယ် ဘုရား။ ဖခင်ကြီးဟာ သေလုမျောပါး ဖြစ်နေတဲ့ နွားငယ်လေးလို အမြဲအော်ဟစ် ညီးတွားနေရပါတယ် ဘုရား။ အဲဒီ ဖခင်ကြီးကို ကျွန်တော်မျိုးကိုယ်တိုင် ပြုစုလုပ်ကျွေးပါတယ် ဘုရား။ သန့်ရှင်းရေး လုပ်ပေးပါတယ် ဘုရား။ ဆေးကြောပေးပါတယ် ဘုရား။ အစာခွံ့ကျွေးပါတယ် ဘုရား။ အိပ်ယာဝင်တဲ့အထိ သိပ်ပေးပါတယ် ဘုရား။ ကုသိုလ်ရဖို့ ရည်ရွယ်ပြီး ဒီလို ပြုစုလုပ်ကျွေးလာတာ ခုနစ်နှစ် ရှိပါပြီ ဘုရား။
“အရူးပဲ။ မြင့်မြတ်တဲ့ ဂင်္ဂါရေက မကောင်းမှုတွေကို ဆေးလျှော် ပစ်လိုက်သလို ကုသိုလ်ကောင်းမှုတွေကိုလည်း ဆေးလျှော် ပစ်လိုက်လိမ့်မယ်လို့ရော မစဉ်းစားမိ ဘူးလား။ ရူးသွပ်တဲ့ အယူအစွဲတွေကို ဆုပ်ကိုင်မထားဘဲ အခု ကျူးလွန်နေတဲ့ ပစ်မှုမျိုးတွေကို ရှောင်ကြဉ်ပါ။ ငမိုက်သားရဲ့ ဖခင်အိုကြီး ခုနစ်နှစ်လုံးလုံး ဆင်းရဲဒုက္ခ ခံစားနေရတာဟာ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုကြီးတွေရဲ့ အကျိုးဆက်ပေါ့။”
မင်းသား၏ နှလုံးသားသည် ညှိုးလျပူပန်လျက် ရှိနေ၏။ မင်းသားသည် ဆိတ်သားအမိ၏ ရုပ်အလောင်းကို နောက်ဆုံးအကြိမ် ကြည့်လိုက်၏။ လောကကြီး တစ်ခုလုံး နားမကျန်းဆင်းရဲမှု အစုအဝေး ဖြစ်သည်ဟု သူ တွေးမိလိုက်သည်။ ဤ နားမကျန်းမှုကို ကုစား ဖြေဖျောက်ပေးနိုင်ရန် မင်းဧရာဇ်ဖြစ်အောင် ကြိုးစားရမည်လော၊ သို့တည်းမဟုတ် သစ္စာတရားကို ထိုးထွင်းသိမြင်အောင် အားထုတ်ရမည်လော ဟူသည်ကိုလည်း စဉ်းစားခန်း ဖွင့်နေပြန်လေသည်။
မင်းသားသည် စကားတစ်ခွန်းမျှ မပြောတော့ပေ။ ဂိုဒေါင်မှ ထွက်ခွာလိုက်ပြီး မြင်းပေါ်တက်လိုက်သည်။ ထို့နောက် လယ်ထွန်မင်္ဂလာပွဲ ကျင်းပရာသို့ သွားလေ၏။
(ဆက်ရန် . . . . .)
Ref:
Ref:
Portrait of the Buddha (from a Novelist's Pen)
by Jayasena Jayakody, English Translation by K. D. de Lanerolle.
FOR FREE DISTRIPUTION - NOT FOR SALE.
No comments:
Post a Comment