ကျောင်းပိတ်ရက် ကြုံခဲ့လို့ စာသင်ဖို့ ပြင်ထားတာတွေ ပိုတောင်နေတာနဲ့။ အင်တာနက်။ အီးမေးလ်။ ဘလော့ဂ်။ ကြာလာတော့။ ပျင်း။ ညောင်း။ အိပ်ချင်။ မုန့်စားချင်။ အိမ်ဖုန်းဆက်ရရင် ကောင်းမယ်။
အိမ်ကို ဖုန်းဆက်ရတာကလည်း ပျင်းစရာ။ ပျင်းစရာထက် စိတ်ပျက်စရာ ပိုကောင်းတာ။ စိတ်ပျက်စရာကောင်းလို့ ပျင်းတာ။ များသောအားဖြင့် အိမ်ဖုန်းခေါ်ရတာက လိုင်းမမိမချင်း အထပ်ထပ် ပြန်ပြန်ခေါ်နေရင်း လိုင်းမချိတ်မိဘဲ အင်တာနေရှင်နယ် ကောလင်းကဒ်သာ ကုန်ကုန်သွားတတ်တယ်။ ဘာတွေများ သဘောကောင်းနေတယ်မသိ။ ဒီတစ်ခါတော့ ချက်ချင်း လိုင်းဝင်ပြီး သုံးချက်လောက်ပဲ မြည်လိုက်ရသေး ဖုန်းလာကိုင်တယ်။ အများအားဖြင့်က လိုင်းဝင်တာတောင်မှ ချက်ချင်း ဖုန်းလာကိုင်တဲ့သူ ရှိတာမဟုတ်။ ၀င်တောင့်ဝင်ခဲ လိုင်းဝင်တာကို လိုင်းမကျခင် လာကိုင်ကြပါ့မလား စိတ်ပူရတာပဲ များတယ်။ ဒီတစ်ခါတော့ အဖေက ဖုန်းနားမှာ ထိုင်နေတာနဲ့ တူပါတယ်။
“ဦးဇင်း . . .။ တပည့်တော်။”
ခါတိုင်းဆို အဖေက ဖုန်းကိုင်တာမဟုတ်။ အသက်ကြီးလို့။ ငါးနှစ်လောက်က တစ်ခါ လေဖြတ်ဖူးတဲ့ နာတာရှည် နာလန်ထမို့။ လေးဘက်နာ ခဏခဏ ထနေလို့ အလှုပ်အရွေ့ ခပ်နည်းနည်းမို့။ ကိစ္စ၀ိစ္စတွေက အေးအေးကင်းကင်း နေနေလို့။ သူ့အဆို “ထွန်တုံးပိတ်လိုက်ပြီ၊ နှာဖားကြိုး ဖြုတ်လိုက်ပြီ”မို့။
“ဘယ်သူမှ မရှိကြဘူး။”
“ကျောင်းသွားကြတာ။”
ဘာလို့ကျောင်းသွားကြတာပါလိမ့်။ ဘ-ကစာသင်ကျောင်း သွားရအောင် အိမ်မှာ ကျောင်းသားလည်း ရှိတာမဟုတ်။ ပညာရေးကော်မတီ အဖွဲ့ဝင်တွေလည်း မဟုတ်ကြ။ သွားတာကလည်း တစ်အိမ်လုံး။ အမေ။ အစ်မ။ တူမ။ ဆရာတော်များ တစ်ခုခု ဖြစ်သလား။
“စခန်းပွဲ။ ဒီနေ့ ငါးရက်ရှိပြီ။”
“တရားတော့ မထိုင်နိုင်ဘူး။”
“ည တရားပွဲတော့ သွားပါတယ်။”
“လှူပါတယ်။”
“တရားပွဲ ငါးသောင်း။”
“ယောဂီတွေ ရေချိုးဖို့ အုတ်ကန်လုပ်ကြတာလည်း ငါးသောင်း။”
“ငလျင်က လှုပ်တော့လှုပ်တယ်။ နည်းနည်းပါ။”
“တစ်ခြားတော့ ဘာမှ မလှူချင်သေးပါဘူး။”
“သီတင်းကျွတ်ရင်တော့ ကထိန်ခင်းအုံးမယ်။”
“ဒီနေ့ တပေါင်းလပြည့်ကျော် ခြောက်ရက်။ တပည့်တော် ရှစ်ဆယ်ပြည့်တာ။”
“အသက်ကြီးပြီ ဦးဇင်းလည်း ပြန်လာတော့။”
“ကျောင်းကတော့ ထန်းရွက်တဲကျောင်းပေါ့။”
“ထန်းရွက်တဲကျောင်းပဲ ဆောက်ပေးနိုင်မှာ။”
အဖေ အသက်ရှစ်ဆယ် ပြည့်တော့မယ် ဆိုတာတော့ အရင်တစ်ခါ ဖုန်းဆက်တုန်းက ပြောလို့ သိတယ်။ ရက်အတိအကျ မှတ်မထားလိုက်မိ။ တစ်ခါမှလည်း မမှတ်ခဲ့။ ပြန် မေးရမှာလည်း အားနာလို့ မမေးဘဲ သိသလိုလို နေခဲ့တာ။ တိုက်တိုက်ဆိုင်ဆိုင် သူ့မွေးနေ့မှာ ဖုန်းဆက်လိုက်မိတယ်။ ပြောပုံက ရယ်စရာလိုလိုနဲ့ သူအသက်ကြီးလို့ အနီးအနားမှာ ရှိစေချင်တဲ့သဘော။ နေစရာ ကျောင်းမှ မရှိတာဆိုတော့ ထန်းရွက်တဲကျောင်းတဲ့။ မက်လုံးက သိပ်မလှ။ သဘောက သူတော့ ဒါပဲ တတ်နိုင်တယ် ဆိုတဲ့သဘော။
သဘောက အလတ်တန်းစား မြန်မာ ဘုန်းကြီးတစ်ပါးရဲ့ သဘောလား။ မြန်မာပြည်မှာ လူလတ်တန်းစား ပျောက်နေပြီလို့ ပြောကြသံ ကြားဖူးတယ်။ ပြည်ပ ရောက်ကုန်တာတဲ့။ ပြည်တွင်းမှာ ကျိကျိတက်အောင်လည်း မလုပ်နိုင်၊ တီတွန်တဲ့ အထဲလည်း မပါချင်၊ ထိုက်တန်တဲ့ အလတ်တန်းစား နေရာရယ်လို့လည်း ဟုတ်တိပတ်တိ ရှာမတွေ့လို့ ထွက်ပေါက်ရှာကြတာတဲ့။ တိုင်းပြည်အတွက် မကောင်းတာက ဘရိန်းဒရိန်းတဲ့။ လူ့စွမ်းရည် အရင်းအမြစ် ဆုံးရှုံးမှုတဲ့။ လူတွေလိုတွက်ပြီး အလတ်တန်းစား ဘုန်းကြီးလို့ သတ်မှတ်ရမလား။ မြန်မာပြည်တွင်းမှာ အလတ်တန်းစား ဘုန်းကြီးတွေ ပျောက်ကုန်ပြီလား။ [ပျောက်တယ်ဆိုလည်း အပြင်ထွက်လို့ ပျောက်တာတော့ ဟုတ်မယ် မထင်ပါဘူး။ ပြည်ပမှာ မြန်မာဘုန်းကြီးတွေအတွက် နေရာမှ မရှိတာ။ လူတွေလိုမှ မဟုတ်တာ။] ပြည်တွင်းမှာ ပက်ပက်စက်စက် လျှမ်းလျှမ်းတောက်ကြီး ဘုန်းမကြီးနိုင်လို့၊ နွမ်းနွမ်းပါးပါးနဲ့ သာသနာ့ဝန်ကို သည်ပိုးနိုင်တဲ့ သတ္တိ၊ စေတနာ၊ သဒ္ဓါ၊ ၀ါသနာတွေလည်း မရှိလို့ ထွက်လာခဲ့တာလား။ ထိုက်တန်တဲ့ အလတ်တန်းစား နေရာတစ်ခုခု မျှော်လင့်သလား။ ဘရိန်းဒရိန်းရလေချင်းလို့ ခြုံးပွဲချရလောက်အောင်ရော တန်ဖိုးရှိသလား။ သာသနာအတွက်ရော တစ်စုံတစ်ရာ ဆုံးရှုံးလို့လား။
မေးရင်းတွေးရင်း အမှတ်မထင် တွက်စစ်ကြည့်တော့ ဒီနေ့ အသက်ရှစ်ဆယ်ပြည့်တဲ့ အဖေ့မွေးနေ့မှာ ဒီရောက်တာ နှစ်နှစ်နဲ့ ခုနစ်ရက်တိတိ ရှိခဲ့ပြီဆိုတာ သိလိုက်ရတယ်။
:)
ရှင်အာစာရ
No comments:
Post a Comment