Wednesday, March 23, 2011

Basic Method of Meditation (3-A) - အခြေခံတရားရှုမှတ်နည်း (၃-က)



အပိုင်း (၁)နဲ့ အပိုင်း (၂)မှာ (ဒီဆောင်းပါးမှာ သတ်မှတ်တဲ့အတိုင်း) ကမ္မဋ္ဌာန်းရဲ့ အဆင့်လေးဆင့်ကို ဖော်ပြခဲ့ပါတယ်။

အဲဒါတွေကတော့
၁။ ပစ္စုပ္ပန်သိမှတ်မှု၊
၂။ ကင်းဆိတ်တဲ့ ပစ္စုပ္ပန်သိမှတ်မှု၊
၃။ အသက်ရှူမှုအပေါ်မှာထားတဲ့ ပစ္စုပ္ပန်သိမှတ်မှု၊
၄။ အသက်ရှူမှုမှာ အစဉ်မပြတ် အပြည့်အစုံ အာရုံစိုက်မှု-တို့ ဖြစ်ပါတယ်။

နောက်တစ်ဆင့် မတက်ခင်မှာ အဆင့်တိုင်း အဆင့်တိုင်းဟာ ကောင်းကောင်း ဖွံ့ဖြိုးပြီး ဖြစ်ရပါမယ်။ သဘာဝအတိုင်း လွတ်ပေးရတဲ့ ဒီအဆင့်တွေကို လွယ်လွယ်နဲ့ ကျော်ပစ်လိုက်ရင် ပိုမြင့်တဲ့ အဆင့်ကို မတက်ရောက်နိုင်ပါဘူး။ အခြေခံအုပ်မြစ် မခိုင်ဘဲနဲ့ အဆောက်အဦ မြင့်မြင့် တည်ဆောက်သလို ဖြစ်နေပါလိမ့်မယ်။ ပထမ အထပ်ကို ပြီးစလွယ် မြန်မြန်ဆောက်ပြီး ဒုတိယအထပ် တတိယအထပ်တွေ ဆက်ဆောက်သလိုပေါ့။ စတုတ္ထအထပ် ဆင့်လို်က်တော့ အဆောက်အဦးက လှုပ်လာပြီ။ ပဥ္စမအထပ်လည်း ဆင့်လိုက်ရော ပြိုကျတော့တာပဲ။ ပဥ္စမအဆင့် မတက်ခင် အဲဒီ အခြေခံလေးဆင့် ခိုင်မြဲ တည်ငြိမ်အောင် အချိန်ယူပြီး လုပ်ပါ။

“အသက်ရှူမှုမှာ အစဉ်မပြတ် အပြည့်အစုံ အာရုံစိုက်ခြင်း”ဖြစ်တဲ့ စတုတ္ထအဆင့်မှာ ဆက်လက် တည်နေနိုင်ပါစေ။ အသက်ရှူလိုက်တိုင်း အကြားအလပ်မရှိ သိမှတ်နေပါ။ အသက်ရှူမှု အကြိမ် နှစ်ရာသုံးရာလောက်မှာ သက်သက်သာသာ မှတ်သိနေနိုင်ပါစေ။ ဒီအဆင့်မှာ အသက်ရှူမှုကို ရေတွက်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ နောက်တစ်ဆင့် မတက်ခင် စတုတ္ထအဆင့်မှာ ဘယ်လောက်ကြာရမယ်ဆိုတဲ့ အချိန်ပိုင်းကို ညွှန်ကြားနေတာပါ။ ကမ္မဋ္ဌာန်းအလုပ်မှာ သည်းခံခြင်းဟာ အကောင်းဆုံး နည်းလမ်းပါပဲ။

ပဥ္စမအဆင့်ကတော့ “လှပတဲ့ အသက်ရှူမှုမှာ အစဉ်မပြတ် အပြည့်အစုံ အာရုံစိုက်ခြင်း”ဖြစ်ပါတယ်။ မကြာခဏဆိုသလို ဒီအဆင့်ဟာ အားမစိုက်ရဘဲ သဘာဝအတိုင်း ရှေ့ကအဆင့်နဲ့ ဆက်တိုက် ဖြစ်လာတတ်ပါတယ်။ အာရုံစူးစိုက်မှုဟာ အသက်ရှူမှု ဖြစ်စဉ်အပေါ် ဘာမှဝင်မစွက်ဘဲ လေရှူရှိုက်မှု အတွေ့အကြုံမှာပဲ လွယ်လွယ်ကူကူ စဉ်ဆက်မပြတ် ကျရောက်နားနေ တဲ့အခါ အသက်ရှူမှုဖြစ်စဉ် ငြိမ်ကျသွားပါတယ်။

ကြမ်းတမ်းတဲ့ သာမန်အသက်ရှူမှုကနေ ပြေပြစ်ငြိမ်းချမ်းတဲ့ အသက်ရှူမှု၊ “လှပတဲ့ အသက်ရှူမှု”အဖြစ် ပြောင်းလဲသွားပါတယ်။ စိတ်ဟာ လှပတဲ့ အသက်ရှူမှုကို သိမှတ်ပြီး အဲဒီအသက်ရှူမှုမှာ ကျေနပ်နှစ်သက် နေပါတယ်။ စိတ်ဟာ နက်နဲတဲ့ ကျေနပ်မှုကို တွေ့ကြုံရပါတယ်။ စိတ်ဟာ လှပတဲ့ အသက်ရှူမှုအပေါ် ရှုကြည့်နေရတာကိုပဲ သဘောကျနေပါတယ်။ စိတ်ကို တွန်းအားပေးစရာ မလိုပါဘူး။ စိတ်ဟာ လှပတဲ့ အသက်ရှူမှုမှာ သူ့အလိုလို တည်ရှိနေပါတယ်။

ကိုယ်က ဘာမှ လုပ်စရာ မလိုပါဘူး။ ဒီအဆင့်မှာ ကိုယ်က တစ်ခုခု ဝင်စွက်ဖို့ ကြိုးစားလိုက်တယ်ဆိုရင် တိုးတက်နေတဲ့ ဖြစ်စဉ်တစ်ခုလုံးကို အနှောင့်အယှက် ဖြစ်စေပါတယ်။ “မြွေနဲ့လှေခါး” ကစားနည်းမှာ မြွေရဲ့ ဦးခေါင်းထဲ ဝင်မိသလိုမျိုး အဆင့်တွေ အကွက်တွေ အများကြီး နောက်ပြန်ရောက် သွားပါတယ်။ ဒီအဆင့်ကစပြီး “ပြုလုပ်သူ” ကွယ်ပျောက်သွားပါတယ်။ အလိုက်သင့် စောင့်ကြည့်ရှုမှတ်တဲ့ “သိမှတ်သူ”ပဲ ရှိပါ တယ်။

ဒီအဆင့်ကို ရောက်ဖို့ အသုံးဝင်တဲ့ လှည့်ကွက်တစ်ခုကတော့ အဇ္ဈတ္တတိတ်ဆိတ်နေမှုကို တစ်ကြိမ်လေး ဖြိုခွဲလိုက်ခြင်း၊ “ငြိမ်သက်တယ်”လို့ သိမ်သိမ်မွေ့မွေ့လေး ကိုယ့်ဟာကိုယ် သိမှတ်လိုက်ခြင်း ဖြစ်ပါတယ်။ ဒါပါပဲ။ ဒီကမ္မဋ္ဌာန်းအဆင့်မှာ ထုံးစံအားဖြင့် စိတ်ဟာ ခံစားနိုင်စွမ်း မြင့်မားနေတာမို့ “ငြိမ်သက်တယ်”လို့ သိမ်သိမ်မွေ့မွေ့လေး သိမှတ်လိုက်ခြင်းအားဖြင့် စိတ်ကို ငြိမ်သက်လာအောင် ဖွဖွလေး တွန်းပေးလိုက်နိုင်ပါတယ်။ အသက်ရှူမှု ငြိမ်ကျသွားပြီး လှပတဲ့ အသက်ရှူမှု ဖြစ်ပေါ်လာပါတယ်။

အခိုက်အတန့်အတွင်း ဖြစ်ပေါ်နေတဲ့ လှပတဲ့ အသက်ရှူမှုကိုပဲ အလိုက်သင့် ရှုမှတ်နေတဲ့ အခါမှာ “ဝင်လေ” “ထွက်လေ”ဆိုတဲ့ သတ်မှတ်မှု၊ အသက်ရှုမှုရဲ့ “အစ” “အလယ်” “အဆုံး” ဆိုတာတွေ အားလုံး ပျောက်ကွယ်သွားပါစေ။ လောလောလတ်လတ် ဖြစ်ပေါ်နေတဲ့ လှပတဲ့ အသက်ရှုမှုကိုပဲ တွေ့ကြုံသိမှတ် ရပါတယ်။ စိတ်ဟာ အသက်ရှူမှု ဖြစ်စဉ် ဘယ်အပိုင်းမှာ ဖြစ်နေတယ်၊ ခန္ဓာကိုယ် ဘယ်အစိတ်အပိုင်းမှာ ဖြစ်နေတယ် ဆိုတာတွေနဲ့ မပတ်သက်ပါဘူး။ ဝင်လေ-ထွက်လေ အစုံရဲ့ နောက်ကွယ်ထိ သွားရောက်၊ မလိုအပ်တဲ့ အသေးစိတ်တွေကို ဖယ်ရှားပြီး လောလောဆယ် ဖြစ်နေတဲ့ အသက်ရှူမှု အတွေ့အကြုံ၊ ကမ္မဋ္ဌာန်းအာရုံကို အရှင်းဆုံးဖြစ်အောင် လုပ်နေပါတယ်။ သိမ်သိမ်မွေ့မွေ့၊ အဆက်မပြတ်၊ ပြောင်းလဲမှု မရှိသလောက်နီးပါး ဖြစ်ပေါ်နေတဲ့ လှပတဲ့ အသက်ရှူမှုကိုသာ သိမှတ်နေပါတယ်။

ဓမ္မဓိဋ္ဌာန်ကျကျ ရှုမှတ်ပါ။ အသက်ရှူမှု ဖြစ်ပေါ်နေတာဟာ ဘယ်လောက်ထိ ချောမွေ့တယ်၊ လှပတယ်၊ ကာလကန့်သတ်မှု မဲ့တယ်ဆိုတာကို ကြည့်ပါ။ အဲဒီအသက်ရှူမှုကို တည်တည်ငြိမ်ငြိမ် ဘယ်လို ဖြစ်ခွင့်ပေးလိုက်နိုင်သလဲ ဆိုတာကို ကြည့်ပါ။ တည်ငြိမ်သည်ထက် တည်ငြိမ်လာအောင်၊ ချိမြိန်သည်ထက် ချိုမြိန်လာအောင် လှပတဲ့ အသက်ရှူမှု အရသာကို ချိန်ယူပြီး တစိမ့်စိမ့် ခံစားပါ။ လုံလောက်တဲ့ တည်ငြိမ်မှု ရှိလာတဲ့အခါမှာ ကိုယ်က မဖြစ်စေချင်လို့ မဟုတ်ဘဲ “လှပမှု”ကိုသာ ချန်ထားခဲ့ပြီး “အသက်ရှူမှု” ကွယ်ပျောက် သွားပါလိမ့်မယ်။

အင်္ဂလိပ်စာပေထဲက ဥပမာတစ်ခုဟာ ဒီနေရာမှာ အသုံးတည့်ပါတယ်။ Lewis Carrolရဲ့ “Alice in Wonderland”ထဲမှာ ဖြစ်ပါတယ်။ Alice နဲ့ ဖြူဖွေးတဲ့ မိရားကြီးတို့ဟာ ကောင်းကင်မှာ ပြုံးရွှင်နေတဲ့ Cheshire-ဆိုတဲ့ ကြောင်တစ်ကောင်ကို မြင်တွေ့ကြရပါတယ်။ သူတို့ ကြည့်နေကြတုန်းမှာပဲ ကြောင်ရဲ့ အမြီးဟာ ပျောက်ကွယ် သွားပါတယ်။ နောက်ပြီး ခြေသည်းလက်သည်း လေးတွေကစပြီး ခြေတွေလက်တွေ ပျောက်ကွယ်သွားပါတယ်။ မကြာခင်မှာ ကြောင်ရဲ့ကိုယ်လုံး ပျောက်ကွယ်သွားပြီး ပြုံးနေဆဲဖြစ်တဲ့ ဦးခေါင်းပဲ ကျန်ခဲ့ပါတယ်။  နောက်တော့ နားရွက်တွေ၊ အမွှေးအမျှင်တွေကစပြီး အတွင်းပိုင်းကို ကျုံ့ဝင်သွားရင်း ဦးခေါင်းဟာ တဖြည်းဖြည်း မှုန်ဝါး ပျောက်ကွယ်သွားပါတယ်။ ကောင်းကင်မှာ “အပြုံး”တစ်ခုတည်းပဲ ကျန်နေခဲ့ပါသတဲ့။ ဒီ အပြုံးဟာ ပြုံးစရာ နှုတ်ခမ်းလွှာ မပါတဲ့အပြုံး ဖြစ်ပါတယ်။ ဒါပေမယ့် မြင်သာတဲ့ အပြုံး ဖြစ်ပါတယ်။

ကမ္မဋ္ဌာန်းရှုမှတ်မှုရဲ့ ဒီအဆင့်မှာ ဖြစ်ပေါ်နေတာကို လွှတ်ပေးထားလိုက်တဲ့ ဖြစ်စဉ်အတွက် ထပ်တူကျတဲ့ ခိုင်းနှိုင်းမှု ဖြစ်ပါတယ်။ မျက်နှာမှာ အပြုံးရှိနေတဲ့ ကြောင်ဟာ လှပတဲ့ အသက်ရှူမှုနဲ့ တူပါတယ်။ ကြောင်တစ်ကောင်လုံး ပျောက်ကွယ်သွားတာဟာ အသက်ရှူမှု ပျောက်ကွယ်သွားတာနဲ့ တူပါတယ်။ ကောင်းကင်မှာ တည်နေတဲ့ အပြုံးဟာ သီးသန့်လေးဖြစ်နေတဲ့ စိတ်ထဲမှာ မြင်သာတဲ့ အလှတရားနဲ့ တူပါတယ်။

ဒီလို စင်ကြယ်တဲ့ စိတ်ရဲ့အာရုံကို “နိမိတ်”လို့ ခေါ်ပါတယ်။ “နိမိတ်” ဆိုတာ “အမှတ်အသား”၊ ဒီနေရာမှာ “စိတ်အမှတ်အသား” ဖြစ်ပါတယ်။ ဒါဟာ စိတ်မြင်ကွင်းထဲက အာရုံအစစ် ဖြစ်ပါတယ်။ ပထမဆုံး စပြီး ဖြစ်ပေါ်လာတဲ့အခါမှာ တကယ့်ကို ထူးဆန်းပါတယ်။ အရင်က ဒါမျိုး တစ်ခါမှ မတွေ့ကြုံခဲ့ရ ပါဘူး။

ဒါပေမယ့် “အမှတ်သညာ”လို့ ခေါ်တဲ့ စိတ်အမူအရာဟာ စိတ်ကူးပုံရိပ် ဖော်ပေးဖို့ တွေကြုံ မှတ်သားဖူး တာတွေထဲက တူညီတာ တစ်ခုခုကို ရှာဖွေပါတယ်။ နာမ်တရားနဲ့ ခံစားရတဲ့ အပျော်၊ ဒီ “ဒြပ်မဲ့အလှတရား”ဟာ ယောဂီအများစုအတွက် လှပတဲ့ အလင်းတန်း အဖြစ်နဲ့ ထင်ရှားလာပါတယ်။ အဲဒါဟာ အလင်းတန်း မဟုတ်ပါဘူး။ မျက်လုံးတွေ မှိတ်ထားပါတယ်။ စက္ခုဝိဉာဏ်စိတ် မဖြစ်အောင် ပိတ်ဆို့ထားပါတယ်။ အာရုံငါးပါး ကမ္ဘာကနေ ပထမဆုံး လွတ်မြောက်တဲ့ မနောဝိဉာဏ် ဖြစ်ပါတယ်။ အာရုံငါးပါး တိမ်တိုက်ကနေ လွတ်မြောက်လာတဲ့ ထွန်းလင်းတဲ့ စိတ်လပြည့်ဝန်း ဖြစ်ပါတယ်။ ကိုယ်ထင်ရှားပြနေတာက စိတ်တရား ဖြစ်ပါတယ်။ အလင်းတန်း မဟုတ်ပါဘူး။ အလင်းတန်းနဲ့ တူတာပါ။ အမှတ်သညာက အလင်းတန်းအဖြစ်နဲ့ပဲ ပုံဖော်ပေးနိုင်တာမို့ အလင်းတန်းအဖြစ် ထင်ရှားနေတာပါ။

ပထမဆုံး ဒီစိတ်ဖြစ်ပေါ်လာမှုကို တစ်ချို့ယောဂီတွေအတွက် သိပ်သည်းတဲ့ တည်ငြိမ်မှု၊ ပျော်ရွှင် နှစ်သက်မှုလိုမျိုး ကိုယ်ခန္ဓာခံစားမှု အဖြစ်နဲ့ အမှတ်သညာက ပုံဖော်ပေးပါတယ်။ ကိုယ်ခန္ဓာခံစားမှုလည်း မဟုတ်ပြန်ပါဘူး။ (နှစ်သက်ပျော်ရွှင်မှု နဲ့ နာကျင်ခံခက်မှု၊ ပူမှု နဲ့ အေးမှု စတာတွေကို တွေ့ကြုံခံစားတဲ့) ကာယ ဝိညာဏ်စိတ်ကိုလည်း ပိတ်ဆို့တားမြစ်ထားပြီး ဖြစ်နေလို့ပါပဲ။ နှစ်သက်မှုနဲ့ ဆင်တူလို့ နှစ်သက်မှုအဖြစ်နဲ့ ပုံဖော်ပေးထားခြင်းသာ ဖြစ်ပါတယ်။

တစ်ချို့က အဖြုရောင် အလင်းတန်းမြင်တယ်။ တစ်ချို့က ရွှေရောင်ကြယ်ပွင့်၊ တစ်ချို့က အပြာရောင် တောက်တဲ့ ရတနာ ... ...။ အရေးကြီးတာက အားလုံးဟာ ဆင်တူတဲ့ အသွင်အပြင် အဖြစ်နဲ့ ပုံဖော်ပြခြင်း ဖြစ်တယ်ဆိုတာပါပဲ။ စင်ကြယ်တဲ့ စိတ်အာရုံ တစ်မျိုးတည်းကိုပဲ ကြုံတွေ့ကြရတာပါ။ ကွဲလွဲမှု တွေဟာ သညာရဲ့ ဖြည့်စွက်ချက်တွေ ဖြစ်ပါတယ်။

နိမိတ်တစ်ခုကို အခု ဖော်ပြမယ့် သွင်ပြင်ခြင်းရာ ခြောက်မျိုးနဲ့ ခွဲခြား မှတ်သားနိုင်ပါတယ်။

၁။  ယောဂီဟာ လှပတဲ့ အသက်ရှူမှုနဲ့အတူ ကာလကြာမြင့်စွာ တည်ရှိနေပြီးတဲ့နောက်၊ ကမ္မဋ္ဌာန်း အဆင့် (၅)ရဲ့ နောက်မှာမှ ပေါ်လာပါတယ်။
၂။  အသက်ရှူမှု ကွယ်ပျောက်တဲ့အခါ ပေါ်လာပါတယ်။
၃။  လုံးဝလွတ်ကင်းနေတဲ့ ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗ ပြင်ပအာရုံ ခြောက်မျိုးရဲ့ အသွင်နဲ့ ပေါ်လာပါတယ်။
၄။  အဇ္ဈတ္တမှာ ပုံဖော်ထားတဲ့ အတွေးအသိ လုံးဝမရှိတော့တဲ့ အချိန်မှာ ထင်ရှားလာပါတယ်။
၅။  ထူးဆန်းပေမယ့် ဆွဲဆောင်နိုင်စွမ်း အပြည့်ရှိပါတယ်။
၆။  လှလှပပ ရိုးရှင်းတဲ့ အာရုံဖြစ်ပါတယ်။

တကယ့်နိမိတ်အစစ်ကို စိတ်ကူးနဲ့ပုံဖော်ထားတဲ့နိမိတ်နဲ့ ခွဲခြားနိုင်အောင်လို့ သွင်ပြင်ခြင်းရာ ခြောက်မျိုးကို ဖော်ပြရတာ ဖြစ်ပါတယ်။

နောက်ပြီး အဆင့်ခြောက်ကို “လှပတဲ့နိမိတ် တွေ့မြင်ခြင်း”လို့ ခေါ်ပါတယ်။ လုံးလုံးလျားလျား လှပတဲ့နိမိတ်သာ ကျန်နေရစ်တဲ့အထိ ကိုယ်ခန္ဓာ၊ အတွေးစိတ်ကူး (အသက်ရှူမှုကို သိမှတ်တာ အပါအဝင်) အာရုံခြောက်ပါးလုံးကို လွှတ်ပစ်လို်က်တဲ့ အခါမှာ ဒီအဆင့်ကို ရောက်ပါတယ်။


Ajahn Brahmavamso ရဲ့ “The Basic Method of Meditation”ကို ဘာသာပြန်ပါတယ်။
အပ္ပမာဒဓမ္မရသမဂ္ဂဇင်းမှာ ထည့်ခဲ့ဖူးပါတယ်။ အတွဲအမှတ် မမှတ်မိတော့ပါ။ 

Ref (2 March 2011):
http://www.buddhanet.net/budsas/ebud/ebmed035.htm
Picture from (14 March 2011):
http://bmsmwelfare.blogspot.com/2009_06_01_archive.html

No comments:

Post a Comment