Tuesday, March 22, 2011

Good Friend (Part 3) - မိတ်ဆွေကောင်း (အပိုင်း ၃)

(. . . . . မှ အဆက်)


ဤ ဖော်ပြပါ မိတ်ကောင်းဆွေကောင်း၏ လက္ခဏာများကို ရှင်းပြသည့် အနေဖြင့် ၎င်းလက္ခဏာများ ထင်ရှားတွေ့ရသည့် ဇာတ်ဝတ္ထု အသီးသီးကို ဖော်ပြပါမည်။ အချို့က ဇာတ်တော်များကို ဘုရားလောင်း နုစဉ်က ကြုံခဲ့ရသော ဘ၀ဇာတ်ကြောင်းများ ဖြစ်ကြသည်ဟု မယုံကြည်နိုင်ကြပေ။ အထူးသဖြင့် တိရစ္ဆာန်က စကားပြောခြင်းမျိုးကို လက်မခံနိုင်ကြခြင်း ဖြစ်ပေသည်။ ပုံပြင်ဟု သတ်မှတ်ကြ၏။ ဇာတ်တော်များကို အီစွတ်ပုံပြင်များနှင့် နှိုင်းယှဉ်ကြသည်ကို မကြာခဏ တွေ့ဖူး၏။ ပုံပြင်ပင် ဖြစ်စေကာမူ ရယူနိုင်သည့် သင်္ခန်းစာကား လေးနက်သည်သာ ဖြစ်၏။ အောက်ဖော်ပြပါ ဇာတ်တော်များ၌ မိတ်ကောင်းဆွေကောင်း၏ လက္ခဏာများကို အာရုံစိုက်ကြပါလေကုန်။

ပေးစွန့်နိုင်ခြင်း

မိတ်ဆွေကောင်းမည်သည် သူ့အတွက် သူ့အကြိုက် အကောင်းအမွန်ဟူ၍ သိုဝှက် မထားဘဲ သူ နှစ်သက်မြတ်နိုးသော ပစ္စည်းမျိုးကိုပင် မျှဝေပေးကမ်းနိုင်၏။ စံပြ မိတ်ကောင်းများ ဖြစ်တော်မူကြသည့် ဘုရားလောင်းတို့သည် နီးစပ်ပတ်သက်သူအား အသွေးအသား ကိုပင် ပေးစွန့်တော်မူကြ၏။ ပေးစွန့်နိုင်ခြင်း ဂုဏ်ရည်သည် သီလဝနာဂရာဇ ဇာတ်၌ ထင်ရှား၏။

မဟာသီလဝနာဂနာရာဇဇာတ်

ရှေးအခါက ဘုရားလောင်း မဟာသီလဝ ဆင်မင်းသည် အခြံအရံ ရှစ်သောင်းနှင့်အတူ ဟိမဝန္တာ၌ နေ၏။ တစ်ခါသော် ဆင်မင်းသည် တော၌မျက်စိလည်နေသော မုဆိုးတစ်ယောက်ကို နှစ်ရက်သုံးရက် ကျွေးမွေးပြုစု၍ လမ်းညွှန်ပေးလိုက်၏။

ကာလ အတန်ကြာသော် ထိုမုဆိုးသည် ဆင်မင်း၏ အစွယ်ကို လာတောင်းပြီး ဆင်စွယ်ပွတ် သမားတို့ထံ ရောင်းစား၏။ ထိုဆင်စွယ်ဖိုး ကုန်သွားသော် နောက်တစ်ခေါက် လာပြန်၏။

ဆင်မင်း၏အစွယ်ကို ခဏခဏ လာတောင်းသော မုဆိုးသည် နောက်ဆုံးအကြိမ်၌ ဘုရားလောင်း၏ ဦးကင်းပေါ်သို့တက်၍ ဘုရားလောင်း၏ နှုတ်သီးစွန်းတို့ကို ဖနောင့်နှင့် တွန်းဖွင့်၍ အသားကိုထုတ်၍ အစွယ်ရင်းကို ဖြတ်ယူ၏။ ယုတ်မာသော၊ မိတ်ဆွေ၏ ကျေးဇူးကို ချေဖျက်သော လောဘသား မုဆိုးသည် ဆင်မင်း၏ မျက်ကွယ်သို့ ရောက်လျှင် မြေမျိုခံရ၍ အဝိစိငရဲသို့ကျ၏။

စွန့်စားဆောင်ရွက်ခြင်း

မိတ်ဆွေကောင်းမည်သည် အကူအညီ တောင်းသည်ကို နေ့ရွှေ့ရက်ရွှေ့ မရှောင်လွှဲ၊ ဟိုဟိုဒီဒီ အကြောင်းပြ မငြင်းဆန်ဘဲ  အသက်နှင့် စည်းစိမ်ကိုပင် ရင်း၍ စွန့်စွန့်စားစား ကူညီဆောင်ရွက် ပေးနိုင်၏။ ဆက်စပ် ပတ်သက်သူအတွက် စွန့်စားနိုင်မှုသည် သုပတ္တဇာတ်၊ အဗ္ဘန္တရဇာတ်တို့၌ ထင်ရှား၏။

သုပတ္တဇာတ်

ရှေးအခါက ဘုရားလောင်း သုပတ္တကျီးမင်းသည် ကျီးရှစ်သောင်း အခြံအရံ ရှိ၏။ ကျီးမိဖုရားကား သုဖဿာဖြစ်၏။ ကျီး စစ်သူကြီးကား သုမုခမည်၏။

တစ်ခါသော် သုဖဿာသည် ဗာရာဏသီမင်း၏ ပွဲတော်စာကို စားလိုသောကြောင့် သုမုခ စစ်သူကြီးက ဆောင်ယူပေး၏။

ကျီးစစ်သူကြီးသည် ကျီးများနှင့်အတူ ဗာရာဏသီပြည်သို့ သွားကာ မင်းနန်းတော် စားဖိုဆောင် အနီး၌ နားနေ၏။ စားဖိုသည်သည် မင်း၏ စားတော်ပွဲကို ဆောင်ယူလာသောအခါ ကျီးစစ်သူကြီးက စားဖိုသည်ကို ဝင်ရောက် တိုက်ခိုက်၏။ စားဖိုသည်၏ မျက်နှာကို ပိတ်၍ ပုတ်ခတ်၏။ စားဖိုသည်၏ နှာခေါင်းကို ဆိတ်ထားရင်း တောင်ပံဖြင့် ပုတ်ခတ်၏။ အဖြစ်အပျက်ကို ကြည့်နေသောမင်းကြီးသည် ကျီးကို အမိဖမ်းရန် အမိန့်ပေး၏။ စားဖိုသည်သည် စားတော်ပွဲကို စွန့်၍ ကျီးကိုသာ မြဲမြဲဖမ်းထား၏။ ထိုစဉ် အခြားကျီးတို့သည် စားတော်ပွဲကို ထိုးသုတ် စားသောက်၍ ကျီးမင်းနှင့် ကျီးမိဖုရား အတွက်ပါ ချီဆောင်သွားကြ၏။

ဗာရာဏသီမင်းကြီးသည် ကျီးစစ်သူကြီးကို စစ်မေး၍ တာဝန်ကျေမှုကို ချီးမွမ်း၏။ ကျီး စစ်သူကြီးကို ထီးဖြူဖြင့် ပူဇော်၏။ ကျီးစစ်သူကြီးသည် ထီးဖြူကို မင်းကြီးအားသာ ပြန်လည် အပ်နှင်းခဲ့၏။

အဗ္ဘန္တရဇာတ်

ရှေးအခါက ဟိမဝန္တာ၌ ဈာန်နှင့် မွေ့လျော်နေသော ဘုရားလောင်း ရသေ့သည် ချဉ်ဆား အလိုရှိသောကြောင့် အခြံအရံတို့နှင့် အတူ ဗာရာဏသီသို့ ကြွလာ၍ မင်းဥယျာဉ်၌ နေ၏။ ထိုအခါ ရသေ့မြတ်၏ အကျင့်ကြောင့် သိကြားမင်း၏ ဗိမာန်သည် တုန်လှုပ်၏။ သိကြားမင်းသည် စည်းစိမ် အလုခံရမည် စိုးသောကြောင့် ရသေ့မြတ်ကို ဖျက်ဆီး၏။

သိကြားမင်းသည် မင်းဥယျဉ်ရှိ သရက်ပင်တို့မှ အသီးများကို ရသေ့တို့ စားထားဟန် ဖန်ဆင်း၍ အဗ္ဘန္တရ သရက်သီးကို စားလျှင် စကြာမင်းလောင်းကို ကိုယ်ဝန်ဆောင်ရမည်ဟု မိဖုရားကိုပြော၏။ ထို သရက်သီးကို စားလိုကြောင်း မိဖုရားက မင်းကြီးထံ တောင်းပန်၏။

ထိုအခါ သရက်ပင် နှစ်ခုကြား၌ရှိသော သရက်သည် အဗ္ဘန္တရ သရက်မည်၏။ ထိုသရက်သီးကို ဥယျာဉ်မှ ဆောင်ယူ၍ မိဖုရားကို ကျွေးသင့်၏ဟု အမတ်တို့က လျှောက်တင်၏။

ထိုအခါ မင်းနန်းတော်၌ မွေးမြူအပ်သော ကျေးလိမ္မာက အဗ္ဘန္တရ သရက်ကို ရှာဖွေ ဆက်သ၏။ ထိုကျေးသည် ဟိမဝန္တာမှ ကျေးတို့ထံသို့ သွား၍ အဗ္ဘန္တရ သရက်သီး အကြောင်း စုံစမ်း၏။

အဗ္ဘန္တရ သရက်သီးကား ဝေဿဝဏ်နတ်မင်း၏ အသုံးအဆောင်တည်း။ သံကွန်ယက် ခုနစ်ထပ်ဖြင့် ဖုံးထားအပ်၏။ ကုမ္ဘန်ရက္ခိုသ် တစ်ထောင်တို့ စောင့်ရှောက်အပ်၏။

သို့သော် ကျေးလိမ္မာသည် အစောင့်ကုမ္ဘန်တို့ အိပ်ပျော်နေစဉ် သရက်ပင်ကို အမြစ်ကြားမှ ညင်သာစွာတက်၏။ သို့သော် သံကွန်ယက် အသံထွက် သွားသောကြောင့် အဖမ်းခံလိုက်ရ၏။

သို့သော် အရှင်သခင် အကျိုးအတွက် အသက်စွန့်သူသည် နတ်ပြည် လားရ၏ ဟူသော ကျေးမင်း၏ စကားကို သဘောကျသောကြောင့် ရက္ခိုသ်တို့က ကျေးမင်းကို လွှတ်ပေးလိုက်၏။

သို့သော် ဝေဿဝဏ်နတ်မင်းက သရက်သီးကို ရေတွက် ထားသောကြောင့် သရက်သီးကိုကား မပေးလိုက်နိုင်ပေ။ ရွှေတောင်ကြား၌ နေသော ရသေ့အား ဝေဿဝဏ် နတ်မင်းက သရက်သီးလေးလုံး နေ့စဉ် ပေးလှူကြောင်းကိုသာ သတင်းပေးလိုက်နိုင်၏။

ထို့ကြောင့် ကျေးလိမ္မာသည် ဇောတိဿရရသေ့ထံသွား၍ သရက်သီး ပေးစွန့်ရန် လျှောက်ထား၏။ ရသေ့သည် သရက်သီးနှစ်လုံးကို ဘုဉ်းပေးပြီး တစ်လုံးကို ကျေးသားအား ကျွေးကာ တစ်လုံးကို မိဖုရားအတွက် ပေးလိုက်၏။

သည်းခံခွင့်လွှတ်နိုင်ခြင်း

မိတ်ဆွေကောင်းမည်သည် အပြစ်ကို သည်းခံနိုင်၏။ အမှားကို  ခွင့်လွှတ်နိုင်၏။ အားနည်းချက်ကို ဖြည့်စွက် ကြည့်တတ်၏။ ကျူးလွန်ပြစ်မှားခြင်း ခံရသော်လည်း လက်တုံ့မပြန်ဘဲ သင်ပုန်းချေနိုင်၏။ မိတ်ဆွေကောင်း၌ ရန်းငြိုးမရှိပေ။

သည်းခံမှု အရာ၌ ရန်သူကိုပင် နားလည် ခွင့်လွှတ်နိုင်သော ဘုရားလောင်းတို့ကို အတုယူ သင့်၏။ ဆဒ္ဒန္တဇာတ်၌ မှီဝဲဆည်းကပ်ရမည့် မိတ်ကောင်းဆွေကောင်း သူတော်ကောင်းတို့၏ လက်ကိုင်တရား သည်းခံ ခွင့်လွှတ်ခြင်း ခန္တီနှင့် မပေါင်းသင့်သူ သူယုတ်တို့ လက္ခဏာ ရန်ငြိုးထားမှုကို နှိုင်းယှဉ် လေ့လာနိုင်၏။

ဆဒ္ဒန္တဇာတ်

ရှေးအခါက ဘုရားလောင်းသည် ဆဒ္ဒန်ဆင်မျိုး၌ ဖြစ်၍ ဆင်အပေါင်း ခြံရံလျက် ဟိမဝန္တာ၌ နေ၏။ အလောင်းတော်အား မဟာသုဘဒ္ဒါနှင့် စူဠသုဘဒ္ဒါဟူသော မယားနှစ်ယောက် ရှိ၏။ ဘုရားလောင်းတို့သည် မိုးအခါ၌ ရွေဂူမှာနေ၍ ဆောင်းအခါ၌ ပညောင်ပင်ကြီး၏ ပါးပျဉ်းကြားမှာနေ၏။

အင်ကြင်းပန်းများ ပွင့်လေသော် ဆင်အပေါင်းသည် အင်ကြင်းတောသို့ သွားကြ၏။ ထိုအခါ ဆင်မင်းသည် အပွင့်တို့ဖြင့် စည်ကားနေသော အင်ကြင်းပင် တစ်ပင်ကို ဦးကင်းဖြင့် တိုက်၍ အင်ကြင်းပွင့်တို့ကို ချွေချ၏။ လေညာအရပ်မှာ ရှိနေသော စူဠသုဘဒ္ဒါ အပေါ်သို့ သစ်ခက်ခြောက်၊ သစ်ရွက်ရော်၊ ခါချဉ်တို့ကျ၍ လေအောက်မှာ ရှိနေသော မဟာသုဘဒ္ဒါ အပေါ်သို့ ပန်းဝတ်မှုံ၊ ပန်းပွင့်ချပ်တို့ ကျလေ၏။ ထို အဖြစ်အပျက်ကို မကျေနပ်သော စူဠသုဘဒ္ဒါက ဆင်မင်းကို ရန်ငြိုးဖွဲ့၏။

ထို့ပြင် တစ်နေ့သော် ဆင်တို့ ရေချိုးဆင်းကြစဉ် ဆင်တစ်စီးက ဆဒ္ဒန်အိုင်မှ ပွင့်ချပ် ခုနစ်ထပ်ရှိသော သတ္တုဒ္ဒယပဒုမ္မာကြာကို ဆင်မင်းအား ဆက်သ၏။ ဘုရားလောင်းက ထိုကြာကို နှာမောင်းဖြင့်ယူ၍ မဟာသုဘဒ္ဒါအား ပေး၏။ ထိုဖြစ်စဉ်ကို ကြည့်နေသော စူဠသုဘဒ္ဒါက ဘုရားလောင်းကို ရန်ငြိုးဖွဲ့ပြန်၏။

တစ်နေ့သော် ဆင်မင်းသည် သစ်သီး၊ ကြာစွယ်၊ ပျားရည်တို့ဖြင့် ပစ္စေကဗုဒ္ဓါ ငါးရာတို့ကို ဆွမ်းလုပ်ကျွေး၏။ ထိုအခါ စူဠသုဘဒ္ဒါသည်လည်း ပစ္စေကဗုဒ္ဓါတို့အား သစ်သီးလှူ၍ နောက်ဘဝ၀ယ် မဒ္ဒရာဇ်မင်းမျိုး၌ သုဘဒ္ဒါမည်သော မိဖုရား ဖြစ်လိုကြောင်း၊ မင်းအာဏာဖြင့် ဘုရားလောင်း ဆင်မင်းကို သတ်၍ အစွယ်ကို ဆောင်ယူနိုင်လိုကြောင်း ဆုတောင်း၏။

စူဠသုဘဒ္ဒါသည် ဆုတောင်းပြည့်လေ၏။ မဒ္ဒရာဇ်မင်းကြီးသည် မိဖုရား၏ တောင်းဆိုမှုကြောင့် ဆဒ္ဒန်ဆင်မင်းကို သတ်၍ အစွယ်ကို ယူရန် သောဏုတ္တရ မုဆိုးကို စေလွှတ်၏။

ဟိမဝန္တာသို့ ခက်ခက်ခဲခဲ ရောက်လာသော မုဆိုးသည် အလောင်းတော် သွားနေကျ လမ်းတစ်နေရာ၌ တွင်းတူး၍ ပုန်းနေ၏။ တွင်းပေါ်သို့ ဆင်မင်း ရောက်လာလျှင် တွင်းထဲမှနေ၍ ဆင်မင်းကို ဆိပ်လူးမြားဖြင့် ပစ်ခွင်း၏။

ဆင်မင်းသည် ဒဏ်ရာပြင်းထန်သော်လည်း ဝေဒနာကို သည်းခံ၍ မုဆိုးကို အမျက်မထွက်ပေ။  ထို့ပြင် မုဆိုးကို အစွယ်ဖြတ်ယူခွင့် ပေး၏။ မုဆိုးက အစွယ်ကို မဖြတ်နိုင်သောကြောင့် ကိုယ်တော်တိုင် အစွယ်ကို ဖြတ်၍လှူ၏။ ဆင်မင်းသည် အစွယ်ကို လှူပြီးနောက် သေလေ၏။

သောဏုတ္တရ မုဆိုးသည် ဆင်မင်း၏ အစွယ်ကို စူဠသုဘဒ္ဒါ မိဖုရားအား ဆက်သ၏။ မိဖုရားသည် အငြိုးအတေးဖြင့် ဘုရားလောင်းကို သတ်နိုင်သော်လည်း ပြုမိသော အမှားအတွက် နောင်တတစ်ဖန် ပူပန်ကာ နှလုံးကွဲ၍ သေရ၏။

2 comments:

  1. တပည့်တော်ကအရှင်ဘုရား အပိုင်း(၃)ကိုရေးဖို့ မေ့သွားပြီထင်နေတာ
    တော်သေးတာပေါ့ကံကောင်းလို့ အခုဖတ်ရတာလေ...။ :)
    ကျေးဇူးအနန္တပါဘုရား။
    ဆက်ရန်ကို ဆက်မျှော်နေပါတယ်ဘုရား။

    ReplyDelete
  2. မှတ်မိပါတယ်။
    မေ့လောက်ပြီ ထင်နေတာ။ :)

    ReplyDelete