အမတ်ချုပ်ကြီး၏ လျှောက်ထားချက်ကို နားထောင်နေသူ သိဒ္ဓတ္ထ မင်းသားသည် သူ၏ ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်သော အမူအရာဖြင့် စကားတုံ့ဆို၏။
“ဒီမယ် အမတ်ချုပ်ကြီး။ ကောလိယ နေပြည်တော်ကို ဘာဖြစ်လို့ အောင်နိုင်ချင်ရတာလဲ။ မြစ်ရေ အားလုံးကို ကိုယ့်အတွက်ချည်း အသုံးပြုလို့ သင့်တော်ပါ့မလား။”
“သင့်တော်ပါတယ် အရှင့်သား။ ကျွန်တော်မျိုးတို့ရဲ့ စိုက်ကွင်းတွေ၊ ကျေးရွာတွေ၊ မြို့တွေအတွက် ရေအလျှံပယ် ရပါလိမ့်မယ်။ ကျွန်တော်မျိုးတို့ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ ချုပ်ငြိမ်းသွားပါလိမ့်မယ်။ သကျနေပြည်တော်ဟာ ဇမ္ဗူဒိပ်မှာ အကြွယ်ဝဆုံး ဖြစ်လာပါလိမ့်မယ်။”
“အဲဒါတော့ ဟုတ်ပါပြီလေ။ ကောလိယ နေပြည်တော် ဘာဖြစ်သွားမလဲ။”
“ကောလိယတွေ ဘာဖြစ်သွားသွား ကျွန်တော်မျိုးတို့နဲ့ မဆိုင်ပါဘူးလေ။ ကျွန်တော်မျိုးတို့ ပြည်သူတွေ ငြိမ်းချမ်းတယ် ကြွယ်ဝတယ်ဆိုရင် တစ်ခြား နေပြည်တော်တွေ ဘာဖြစ်နေနေ ကျွန်တော်မျိုးတို့ အရေးကိစ္စ မဟုတ်ပါဘူး အရှင့်သား။”
“အမတ်ချုပ်ကြီး။ အဲဒါဟာ မျှတတဲ့ တရားဥပဒေကို ကျင့်သုံးခြင်း ဟုတ်ပါရဲ့လား။”
“ဘုရင့်ဥပဒေကို ကျင့်သုံးခြင်း ဖြစ်ပါတယ်။ ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ မဖြေရှင်းနိုင်တဲ့အခါ ရန်သူ့ဘက်မှာ ဘာတွေပဲ နစ်နာနစ်နာ ကိုယ့်တိုင်းပြည် အကျိုးရှိမယ်ဆိုရင် ပြဿနာကို စစ်ရေးအရ ဖြေရှင်းခြင်းဟာ ဘုရင့်တာဝန် . . . . .”
အမတ်ချုပ်ကြီး ဥဒယ စကားမဆုံးမီ သည်းမခံနိုင်တော့သော သုဒ္ဓေါဒန မင်းကြီးက ကြားဖြတ်၍ မိန့်တော်မူ၏။
“ဒီမယ် သားတော်။ သားတော်က ဘာဖြစ်လို့များ ကောလိယတွေအတွက် တွေးပူနေရတာလဲ။ ကိုယ့်ပြည်သူတွေအကြောင်းကိုယ် ဘာဖြစ်လို့ မစဉ်းစားရတာလဲ။”
“သကျလား ကောလိယလားဆိုတာ ပြဿနာ မဟုတ်ပါဘူး ခမည်းတော်ဘုရား။ မှားသလား မှန်သလားဆိုတာသာ စစ်ကြောစရာ ဖြစ်နေပါတယ် ဘုရား။”
အမတ်ချုပ်ကြီး ဥဒယက ကြားဝင်၍ ပြောပြန်၏။
“မှားသလား မှန်သလားဆိုတာ စဉ်းစားစရာ မဟုတ်ပါဘူး။ ခတ္တိယတွေ ကျင့်သုံးပုံက တစ်သီးတစ်ခြားပါ။ ခတ္တိယတွေရဲ့ အစဉ်အလာဟာ ကိုယ့်ပြည်သူဘက်က ကိုယ် ရပ်တည်တာ ဖြစ်ပါတယ်။ အခြေအနေက တောင်းဆိုလာရင် ခတ္တိယတွေ စစ်ခင်းပါတယ်။ အရှင်မင်းသား။ သာကီဝင်တွေရဲ့ လတ်တလော လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ဟာ အရှင့်သားရဲ့ တာဝန်တော်မြတ် ဖြစ်ပါတယ်။ မှန်တာတွေ မှားတာတွေ စဉ်းစားမနေပါနဲ့။ သကျတွေဟာ မင်းသားကိုပဲ တခဲနက် မျှော်လင့်နေကြပါတယ်။ သကျတွေကို လက်နက်တပ်ဆင်ပေးပြီး စစ်ပွဲမှာ ဦးဆောင်နိုင်တဲ့သူဆိုလို့ မင်းသားပဲ ရှိပါတယ်။ မင်းသားရဲ့ ဘုန်းတော်ကြောင့် သကျတွေရဲ့ ဒီတာဝန်ကို ထမ်းဆောင်ခွင့် ရနေပါတယ်။ အရှင့်သား စစ်မှုတာဝန် ထမ်းရွက်လိုက်ခြင်းဟာ ဒီပြဿနာပြေလည်ဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်။”
အမတ်ချုပ်ကြီး ဥဒယ စကားအရှည်ကြီး ပြောပြီးချိန်၌ သူပြောရန် အချိန်တန်ပြီဖြစ်ကြောင်း သိဒ္ဓတ္ထမင်းသား နားလည်လိုက်၏။
“ခမည်းတော် ဘုရား။ ခတ္တိယတွေရဲ့ အစဉ်အလာဟာ ဘာပဲဖြစ်နေဖြစ်နေ သားတော်ဟာ လူသားတွေကို အလုပ်အကျွေးပြုဖို့၊ အမှန်တရားအတွက် တာဝန်ထမ်းရွက်ဖို့ မွေးဖွားလာခဲ့တယ်လို့ ထင်မိပါတယ် ဘုရား။ သားတော်မှာ လူတွေကို သတ်ဖြတ်ပြီး ပြဿနာ ဖြေရှင်းလိုစိတ် မရှိပါ ဘုရား။ ဒါမျိုး ဘယ်တော့မှ လုပ်မှာလည်း မဟုတ်ပါ ဘုရား။ ဒီလို အပြုအမူမျိုးကို စက်ဆုပ်လှပါတယ် ဘုရား။ သာကီဝင်တွေပဲဖြစ်ဖြစ်၊ ကောလိယတွေပဲဖြစ်ဖြစ်၊ အင်္ဂတိုင်းသားတွေပဲဖြစ်ဖြစ်၊ မဂဓတိုင်းသားတွေပဲဖြစ်ဖြစ်၊ ဟို တောင်ပိုင်းက မဟိသတိုင်းသားတွေပဲဖြစ်ဖြစ် လူသားချင်း အတူတူပဲလို့ မြင်မိပါတယ် ဘုရား။”
ဥဒယသည် မင်းသားကို စောဒကတက်၏။
“စိုက်ကွင်းတွေ ဥယျာဉ်တွေ ကျေးရွာတွေ၊ ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာတွေကို ဖျက်ဆီးပြီး သကျတွေကို မျိုးဖြုတ်မယ့် တိုက်ခိုက်မှုမျိုး ဝင်ရောက်လာတယ်ဆိုရင် အရှင့်သား ဘာလုပ်မလဲ။ မင်းသားက ပါဏာတိပါတပြစ်မှု ကျူးလွန်ရမှာ ကြောက်တဲ့အတွက် ရန်သူတွေ နန်းတော်ထဲ ဝင်လာပြီး ကိုယ့်လည်ပင်းပေါ် ဓားတင်တဲ့အထိ ထိုင်စောင့်ကြည့်နေမှာလား။”
သိဒ္ဓတ္ထသည် ခိုင်မာပြတ်သားစွာ ပြန်လည်ပြောဆို၏။
“မဟုတ်သေးပါဘူး အမတ်ကြီး။ အဲဒီလို မတရားတဲ့ တိုက်ခိုက်မှုမျိုး ဖြစ်လာခဲ့ရင် ပထမဆုံး ဓားဆွဲမယ့်သူဟာ ကျွန်တော်မျိုးပါ။ အမှန်တရားအတွက် မကြောက်မရွံ့ မဆိုင်းမတွ ခုခံတိုက်ခိုက်မှာပေါ့။ ဒီနေ့ ကြုံခဲ့ရပုံကို ပြောရအုံးမယ်။ မြို့တော်ရဲ့ ဇမ္ဗု့သပြေဥယျာဉ်မှာ ညီတော်ဝမ်းကွဲ ဒေဝဒတ်နဲ့ ထိပ်တိုက် တွေ့ခဲ့တာပါ။ သူက ပြစ်မှုမြောက်တဲ့နည်းနဲ့ ဒီဃမ္ဘရ ရသေ့ကြီးကို သူ့ရဲ့ ပျော်တော်ဆက်လို လုပ်နေတယ်။ ရသေ့ကြီးကို ဝတ်လစ်စလစ် ပြည့်တန်ဆာမ တစ်ယောက်ရဲ့ အင်္ဂါဇာတ်ကို ရှိခိုးခိုင်းတယ်။ အဲဒါကို ဟားတိုက်တယ်။ သူ့လုပ်ရပ်ကို ကြည့်မရလို့ စိတ်ပေါက်ပေါက် ရှိတာနဲ့ သူ့ကို မှောက်ကျသွားအောင် ထိုးထည့်လိုက်တယ်။ ခမည်းတော် ဘုရား။ လူသားကောင်းကျိုး ဖွံ့ဖြိုးစေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ သားတော်ကို မတရားတာတွေ၊ မကောင်းမှုတွေ ပြုလုပ်ဖို့ မတိုက်တွန်းပါနဲ့ ဘုရား။ တရားမျှတမှုအတွက် ဆိုရင်တော့ စစ်ခင်းချင် ခင်းရပါစေ။ တရားမျှတမှုအတွက် အသက်စွန့်ဖို့ သားတော် အဆင့်သင့် ရှိနေပါတယ် ဘုရား။”
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE. (ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)
တကယ်ပါအရှင်ဘုရား..ယခုလိုအချိန်တွေမှာ ဘုရားတပည့်တော်သည် မြတ်စွာဘုရားကို ကြည်ညိုသည်ဆိုသည်ထက် ချစ်ခင်လေးစားသော စိတ်သည်သာ ကြီးစိုးနေပါသည်။
ReplyDeleteယခုလိုစာမျိုးတွေဖတ်မိလေ ဘုရားအကြောင်းပိုသိလာလေ ပိုချစ်လေပဲ
ကြည်ညိုတယ် ဆိုတာကတော့ စကားခန့်တာပေါ့။
ReplyDelete“ချစ်၊ ခင်၊ လေးစား၊ မြတ်နိုး၊ ကြည်ညို”။
ယေဘုယျ တူပါတယ်။