Tuesday, February 15, 2011

Four Ariyas (Part 1) - အရိယာလေးမျိုး (အပိုင်း ၁)


ဗုဒ္ဓသာသာနာ၏ အဓိက ပန်းတိုင်သည် အရိယာဖြစ်ရေး နိဗ္ဗာန်မျက်မှောက်ပြုရေးပင် ဖြစ်၏။ “အရိယာ”ဟူသော ဝေါဟာရသည် သာသနာနှင့် နီးစပ်သူတို့အတွက် အထူးအဆန်း မဟုတ်ပေ။ ထိုဝေါဟာရသည် နေ့စဉ်သုံး အရပ်စကားကဲ့သို့ သူတော်စဉ်တို့၏ ဓမ္မသာကစ္ဆာ စကားဝိုင်း၌ အသုံးအများဆုံး မွေးစားစကားလုံး တစ်ခုဖြစ်၏။ ထိုဟောဟာရသည် မုချအားဖြင့် မဂ်ဖိုလ်ကို မျက်မှောက်ပြုပြီးသော သူတော်စင်တို့ကို ရည်ညွှန်း၏။

ဤ၌ “အရိယ”ဟူသော ပါဠိပုဒ်ကို “အရိယာ”ဟု သံရှည်ပြု၍ မြန်မာစကားအဖြစ် မွေးစားထားခြင်း ဖြစ်သည်။ အဋ္ဌကထာငါးစောင်[i]၊ ဋီကာရှစ်စောင်[ii]တို့၌ မူရင်းပါဠိပုဒ် “အရိယ”၏ အဓိပ္ပာယ်ကို သုံးမျိုး ဖွင့်ဆိုထားသည်။ သို့ဖြစ်၍ “အရိယာ”ဟူသော ပါဠိသက် မြန်မာဝေါဟာရကို ထိုထို အဋ္ဌကထာ ဋီကာတို့နှင့်အညီ အဓိပ္ပာယ်သုံးမျိုး ဖွင့်ဆိုနိုင်သည်။

၁။  ကိလေသာ ကင်းဝေးသောကြောင့် အရိယာ မည်၏။ (ကိလေသေဟိ အာရကတ္တာ)
၂။  အကျိုးမဲ့ ပျက်စီးဆုတ်ယုတ်ကြောင်း တရား၌ မဖြစ် မယှဉ်၊ ထိုတရားကို မကျင့်သုံး။ အပြန်အားဖြင့် ကြီးပွားတိုးတက်ကြောင်း ကောင်းမြတ်သော တရား၌သာ ဖြစ်တတ် ယှဉ်တတ်၊ ထိုတရားကိုသာ ကျင့်သုံးတတ်သောကြောင့် အရိယာ မည်၏။ (အနယေ န ရိယနတော၊ အယေ စ ရိယနတော)
၃။  နတ်လူတို့၏ ကိုးကွယ်ဆည်းကပ်ရာ ဖြစ်သောကြောင့် အရိယာ မည်၏။ (“သရဏ”န္တိ အရဏီယတော)

ဤဖွင့်ဆိုချက်များသည် ကိလေသာ လုံးဝ ကင်းစင်တော်မူသော၊ အသန့်ရှင်းဆုံး အစင်ကြယ်ဆုံး ဖြစ်တော်မူကြသည့် ဘုရားစသော ပရမတ္ထအရိယာ ၀ိသုဒ္ဓိအရိယာနှင့် အောက်အောက် မဂ္ဂဋ္ဌာန် ဖလဋ္ဌာန် သူမွန်သူမြတ်တို့ကို ရည်ရွယ်၏။ ဖွင့်ဆိုချက် အမျိုးမျိုး ကွဲပြားသော်လည်း အဓိပ္ပာယ် အရကောက်အားဖြင့် တူညီ၏။

သို့သော် ဣန္ဒသမာနဂေါတ္တဇာတ်တော်[iii]နှင့် တိလမုဋ္ဌိဇာတ်တော်[iv]တို့ အလိုအားဖြင့် အရိယာအမျိုးအစား လေးမျိုးပြား၍ ယုတ်စွအဆုံး တိရစ္ဆာန်တို့သည်ပင် အရိယာ မည်နိုင်၏။ ထို အရိယာလေးမျိုးကား -
၁။ အာစာရအရိယာ၊
၂။ ဒဿနအရိယာ၊
၃။ လိင်္ဂအရိယာ နှင့်
၎။ ပဋိဝေဓအရိယာတို့ ဖြစ်ကြ၏။


၁။ အာစာရအရိယာ

ထိုအရိယာ လေးမျိုးအနက် လူဖြစ်စေ နတ်ဖြစ်စေ တိရစ္ဆာန်ပင်ဖြစ်စေ ဘုရား ရဟန္တာ ပစ္စေကဗုဒ္ဓါ ပရမတ္ထအရိယာ သူတော်စင်တို့၏ အကျင့်ကို လိုက်နာကျင့်သုံးသူ၊ အရိယာ သူမြတ်တို့ကို အတုလိုက်၍ ကျင့်ကြံသူ ပုထုဇဉ် သူတော်ကောင်းတို့သည် “အာစာရအရိယာ” မည်၏။ ထို ပုထုဇဉ်သူတော်ကောင်း “အာစာရအရိယာ”တို့ကို ဇာတ်အဋ္ဌကထာတို့၌ မြောက်များစွာ တွေ့ရသည်။

အဋ္ဌိသေနဇာတ်တေ်[v]၌ ပုထုဇဉ်မျှသာ ဖြစ်ကြသော ဘုရားလောင်း အဋ္ဌိသေနရသေ့နှင့် အရှင်အာနန္ဒာလောင်း ဗြဟ္မဒတ်မင်းတို့ကို “အရိယာ”ဟု ရည်ညွှန်းထား၏။ “အလှူပေး အရိယာသည် အလှူခံ အရိယာအား မပေးလှူနိုင်သောအရာ မရှိ”ဟု ဆိုသည်။ ဤဇာတ်တော်၌ ဗြဟ္မဒတ်မင်းသည် အရိယာတို့၏ အလေ့အကျင့်ဖြစ်သော ဒါန၌ မွေ့လျော်၏။ ပေးလှူလိုသည်။ အဋ္ဌိသေနရသေ့သည် အရိယာတို့၏ ထုံးစံအတိုင်း “တောင်းခြင်းသည် မုန်းဆေးမည်၏”ဟု နှလုံးပိုက်၍ တောင်းရမ်းခြင်းမပြု။ လှူတိုင်းလက်မခံ။ “ရည်ရွယ်၍ရပ်ခြင်း”ဟူသော “အရိယယာစန”၊ “အရိယာတို့၏ အလှူခံနည်း”ကိုသာ ကျင့်သုံး၏။ ရှေးရှေးသော အရိယာ သူတော်ကောင်းတို့၏ လမ်းရိုးလမ်းမှန်ကို လျှောက်လှမ်းခဲ့ကြသော ထိုအလောင်းတော်တို့သည် “အာစာရအရိယာ”များ ဖြစ်ကြ၏။

မဟာသုတသောမဇာတ်တော်[vi]၌ ဘုရားလောင်း သုတသောမမင်းနှင့် အကျွတ်တရား ရပြီးဖြစ်သော အင်္ဂုလိမာလအလောင်း ပေါရိသာဒတို့သည် ပုထုဇဉ်မျှသာ ဖြစ်ကြသော်လည်း ထို အလောင်းတော်တို့ကို “အရိယာ”ဟု ရည်ညွှန်းထား၏။

ဤဇာတ်တော်၌ သုတသောမမင်းသည် မိတ်ဆွေဖြစ်ခဲ့ဖူးသော လူသားစား ပေါရိသာဒကို အကျွတ်တရားရအောင် ဆုံးမ၏။ ထိုဆုံးမမှုကြောင့် ပေါရိသာဒ ကျေကျွတ်သွား၏။ သုတသောမမင်းသည် ဆိုးသွမ်းနေသော မိတ်ဆွေပေါရိသာဒ၏ အကျိုးကို လိုလား၏။ အဆိုးအသွမ်း ပေါရိသာဒကို သနားငဲ့ညှာ၏။ ပေါရိသာဒသည်လည်း မိတ်ဆွေ သုတသောမမင်း၏ သဘောရင်းကို နားလည်၏။ အဆုံးအမကို ခံယူ၏။ စာနာထောက်ထား သနားငဲ့ညှာမှု အပြန်အလှန် နားလည်မှုဟူသော မိတ်ဆွေစစ်တို့၏ ဂုဏ်အင်္ဂါနှင့် ညီညွတ်ကြသော ထို အလောင်းတော်တို့သည်လည်း “အာစာရအရိယာ”များ ဖြစ်ကြ၏။

မဟာဥက္ကုသဇာတ်တော်[vii]၌ တိရစ္ဆာန်တို့ကိုပင် “အရိယာ”ဟု ရည်ညွှန်းထား၏။ “အရိယာသည် အရိယာ၏ အမှုကိစ္စကို ပြုပေး၏”ဟု လာရှိသည်။ ဤ ဇာတ်တော်၌ မိတ္တဗန္ဓက သတို့သားလောင်း သိန်းစွန်ငှက်၊ အရှင်သာရိပုတ္တရာလောင်း ၀န်လိုငှက်၊ အရှင်မောဂ္ဂလာန်လောင်းလိပ် နှင့် ဘုရားလောင်း ခြင်္သေ့မင်းတို့သည် မိတ်ဆွေများ ဖြစ်ကြ၏။ တစ်ညသော် မုဆိုးတို့သည် သိန်းငှက်များကို သတ်ဖြတ်ရန် ရောက်လာကြ၏။ ထိုအခါ သိန်းငှက်သည် မိတ်ဆွေတို့ကို အကူအညီတောင်း၏။ မိတ်ဆွေတို့ကလည်း ကူညီသောကြောင့် အန္တရာယ်ကင်းလေသည်။

မုဆိုးတို့သည် အလင်းရောင်ရအောင် မီးဖို၍ သိန်းငှက်သိုက်ရှိရာ ထိန်ပင်ပေါ် တက်ကြ၏။ ထိုစဉ် ၀န်လိုငှက်က အတောင်ဖြင့်လည်းကောင်း၊ နှုတ်သီးဖြင့်လည်းကောင်း ရေကို ဆောင်ယူကာ မီးဖိုးကို ငြှိမ်းသတ်သည်။ မုဆိုးတို့သည် ၀န်လိုငှက်ကိုပါ သတ်မည်ဟု အငြိုးထား၍ မီးညှိကြပြန်၏။ ၀န်လိုငှက်ကလည်း ငြှိမ်းသတ်ပြန်သည်။

သန်းခေါင်အချိန်ရောက်သော် ၀န်လိုငှက် ပင်ပန်းလာ၍ လိပ်ကို အကူအညီ တောင်းရ၏။ လိပ်သည် ကိုယ်ကို ရေမှာလူး၍ ညွန် မှော်တို့ကို ယူပြီးလျှင် မီးဖို၌ ၀ပ်ကာ မီးအလင်းကို ငြှိမ်း၏။ မုဆိုးတို့သည် လိပ်ကို အ၀တ်ပုဆိုးဖြင့် ရစ်ပတ်၍ နွယ်ကြိုးဖြင့် ချည်နှောင်ကာ ဖမ်းယူကြ၏။ အားကောင်းသော လိပ်သည် မုဆိုးတို့ကို ရေနက်ရာသို့ ဆွဲခေါ်သွား၏။ သို့သော် မုဆိုးတို့သည် ရေမှ ပင်ပန်းစွာ တက်ခဲ့ကြပြီး တစ်ဖန် မီးမွှေးကြပြန်၏။

ထို့ကြောင့် နောက်ဆုံး၌ ခြင်္သေ့မင်းကို အကူအညီ တောင်းရ၏။ ခြင်္သေ့မင်း ရောက်လာသောအခါ မုဆိုးတို့သည် ကြောက်လန့်၍ ထွက်ပြေးကြ၏။ ခြင်္သေ့မင်းသည် လိပ်နှင့် ငှက်တို့အား မိတ်ဆွေဖွဲ့ခြင်း၏ အကျိုးကို ဟောကြား၏။

ဤသို့ ဘေးအန္တရာယ်ကို အတူရင်ဆိုင် ဖြေရှင်းပေးနိုင်သော မိတ်ဆွေကောင်းသည် တိရစ္ဆာန်ပင် ဖြစ်သော်လည်း “အာစာရအရိယာ” မည်၏။

စူဠဟံသဇာတ်တော်[viii] နှင့် မဟာဟံသဇာတ်တော်[ix]တို့၌လည်း မိတ်ဆွေကောင်း ပီသသော တိရစ္ဆာန်တို့ကိုပင် “အရိယာ”ဟု ရည်ညွှန်းထား၏။ ဤ ဟံသဇာတ်တော်တို့၌ ဘုရားလောင်း ရွှေဟင်္သာမင်းသည် အခြံအရံ ကိုးသောင်းနှင့်တကွ စိတ္တကုဋ်တောင်၌ နေ၏။ အရှင်အာနန္ဒာလောင်း သုမုခရွှေဟင်္သာသည် ဘုရားလောင်း၏ စစ်သူကြီး ဖြစ်၏။

တစ်နေ့သော် ရွှေဟင်္သာမင်းနှစ်ပါး နှင့် အခြံအရံ ဟင်္သာတို့ ခေမာရေအိုင်၌ ကျက်စားကြစဉ် ဘုရားလောင်းသည် ကျော့ကွင်း၌ ဖမ်းမိ၏။ ထိုစဉ် အခြားဟင်္သာတို့ ဘုရားလောင်းကို စွန့်ခွာသွားကြသော်လည်း သုမုခဟင်္သာသည် ဘုရားလောင်း၏ အနားမှာပင် နေ၏။ ဘုရားလောင်းက နှင်ထုတ်သော်လည်း ထွက်မသွားပေ။ ထို ရွှေဟင်္သာတို့ကို တွေ့ရသော မုဆိုးသည် “အရိယ၀တ္တောသိ” စသည်ဖြင့် သုမုခရွှေဟင်္သာကို ချီးကျူး၏။ “အရှင်သခင်ကို ရိုသေပါပေစွ၊ သူတော်ကောင်းတို့၏ ကျင့်ဝတ်နှင့် ပြည့်စုံပါပေစွ”ဟု ချီးကျူးစကားဆိုကာ ဟင်္သာတို့ကို လွှတ်ပေးလိုက်၏။

ဤသို့ ဘေးရန်ကြုံသော်လည်း ဘ၀ဖော်ကို မစွန့်ခွာခြင်းသည် မိတ်ကောင်းဆွေကောင်း သူတော်ကောင်းတို့၏ ဓလေ့သဘာဝဖြစ်ကြောင်း ပထမမိတ္တသုတ်[x]၌ ဟောတော်မူ၏။ ဤသို့သော ဘ၀ဖော် မိတ်ဆွေကောင်းတို့သည် တိရစ္ဆာန်ပင် ဖြစ်သော်လည်း “အာစာရအရိယာ” မည်၏။

လယ်တီဆရာတော်၏ အလိုအားဖြင့် ကလျာဏပုထုဇဉ်သည် “အာစာရအရိယာ” မည်၏[xi]။ ဆရာတော်၏ အလိုအားဖြင့် အခြံအရံ အကျော်အစောကို တောင့်တ၍ ပြုအပ်သော ဒါနသည် အယုတ်အညံ့ ဟီနဒါန မည်၏။ ကုသိုလ်အကျိုးကို မျှော်ကိုး၍ ပြုသော ဒါနသည် အလယ်အလတ် မဇ္ဈိမဒါန မည်၏။ “ဒါနမည်သည်ကာ အရိယာတို့ ပြုမြဲအစဉ်အလာ ဖြစ်သောကြောင့် ဒါနပြုသင့်လှပေသည်”ဟု ကြံစည်၍ ဆည်းပူးအပ်သော ဒါနမှုသည် အမြင့်မြတ်ဆုံး ပဏီတဒါန မည်၏။ ပဏီတဒါနကို ပြုဆည်းပူးသော ကလျာဏပုထုဇဉ်သည် “အာစာရအရိယာ” မည်၏။

အာစာရအရိယာတို့သည် ပုညကြိယာဝတ္ထု ဆယ်ပါးတို့ကို အမွန်မြတ်ဆုံး ပဏီတဖြစ်အောင် ပြုဆည်းပူးကြလေ၏။

တနည်းဆိုရသော် ဆဠင်္ဂုပေက္ခာနှင့် ပြည့်စုံတော်မူကြသည့် ရဟန္တာ သူမြတ်တို့သည် ဒွါရခြောက်ပါး၌ ထင်လာသမျှ အာရုံဆိုးကောင်းတို့ကို ၀မ်းသာခြင်း စိတ်ပျက်ခြင်း အလျဉ်း မရှိဘဲ သိရုံမျှသာ သိ၍ အညီအမျှ လျစ်လျူရှုလျက် နေနိုင်၏။ ရုပ်နာမ်တို့၏ ပကတိ သဘာဝကို သတိ ပညာဖြင့် ရှုကြည့် နေနိုင်၏။

“အာစာရအရိယာ”မည်သော ကလျာဏ ပုထုဇဉ် ပုဂ္ဂိုလ်တို့သည်လည်း သင်္ခါရုပေက္ခာဉာဏ် ရောက်အောင် အားထုတ်ပြီး ဖြစ်လျှင် ထင်လာသမျှ အာရုံ အမျိုးမျိုးတို့ကို ရဟန္တာ သူမြတ်တို့ ကဲ့သို့ပင် ရှုမြင်နိုင်ကြ၏။

ထို့ကြောင့် “ဒွါရခြောက်ပါးမှာ အညီအမျှ ရှုနိုင်တယ်ဆိုတဲ့ ဒီဂုဏ်တွေဟာ ရဟန္တာ ပုဂ္ဂိုလ်မှာ အမြဲတမ်း ပြည့်စုံပါတယ်။ ဒီ့ပြင် ပုဂ္ဂိုလ်တွေမှာတော့ အားထုတ်နေတဲ့ အခါလောက်သာ ပြည့်စုံနိုင်ပါတယ်။ ဒါကြောင့် ၀ိပဿနာယောဂီ ပုဂ္ဂိုလ်လည်း အားထုတ်လို့ရှိရင် ရဟန္တာ ပုဂ္ဂိုလ်ရဲ့ ဂုဏ်တွေနဲ့ ပြည့်စုံပြီးတော့ နေနိုင်ပါတယ်”ဟု အရိယာဝါသ တရားတော်[xii]၌ မဟာစည် ဆရာတော် ဘုရားကြီး မိန့်တော်မူ၏။

အချုပ်ဆိုရသော် အနိမ့်ဆုံးအားဖြင့် သူတော်ကောင်းစိတ်ရှိသော တိရစ္ဆာန်တို့သည် လည်းကောင်း၊ အမြင့်ဆုံးအားဖြင့် သင်္ခါရုပေက္ခာဉာဏ်ကိုရသော ကလျာဏပုထုဇဉ် ရှင်သူတော် လူသူတော်တို့သည် လည်းကောင်း “အာစာရအရိယာ”များ ဖြစ်ကြ၏။


ကျမ်းညွှန်းမှတ်စု

[i].    (က) ခန္ဓသံယုတ် အဋ္ဌကထာ၊ စာ -၂၃၁
(ခ) ဣတိဝုတ်အဋ္ဌကထာ၊ စာ - ၃၁၆
(ဂ) စူဠနိဒ္ဒေသ အဋ္ဌကထာ၊ စာ - ၇၀
(ဃ) ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ၊ ၂၊ စာ - ၅၁
(င) ဓမ္မသင်္ဂဏီ အဋ္ဌကထာ၊ စာ - ၃၈၄
[ii].   (က) သီလက္ခန္ဓပုရာဏဋီကာ၊ စာ - ၁၃
(ခ) သီလက္ခန္ဓအဘိန၀ဋီကာ၊ ၁၊ စာ - ၂၂
(ဂ) မူလပဏ္ဏာသဋီကာ၊ စာ - ၁၃
(ဃ) သဂါထာဝဂ္ဂသံယုတ်ဋီကာ၊ စာ - ၁၃
(င) အင်္ဂုတ္တရဋီကာ၊ ၁၊ စာ - ၁၆
(စ) နေတ္တိဋီကာ၊ စာ - ၁၂
(ဆ) သာရတ္ထဒီပနီဋီကာ၊ ၁၊ စာ - ၁၃
(ဇ) ၀ိမတိဝိနောဒနီဋီကာ၊ ၁၊ စာ - ၎
[iii].  ဇာတကအဋ္ဌကထာ၊ ၂၊ စာ - ၃၇
[iv].  ဇာတကအဋ္ဌကထာ၊ ၂၊ စာ - ၂၅၆
[v].   ဇာတကအဋ္ဌကထာ၊ ၃၊ စာ - ၃၃၄
[vi].  ဇာတကအဋ္ဌကထာ၊ ၅၊ စာ - ၅၃၇
[vii].  ဇာတကအဋ္ဌကထာ၊ ၄၊ စာ - ၂၉၂
[viii]. ဇာတကအဋ္ဌကထာ၊ ၅၊ စာ - ၃၆၃
[ix].  ဇာတကအဋ္ဌကထာ၊ ၅၊ စာ - ၃၈၆
[x].   အင်္ဂုတ္တရပါဠိ၊ ၂၊ စာ -၂၄၁
[xi].  ပရမတ္ထဒီပနီ၊ စာ -၂၃၄။  အနုဒီပနီပါဌ၊ စာ - ၁၆၇
[xii].  အရိယာဝါသတရားတော် (၁၉၉၅ ခုနှစ်ထုတ်)၊ စာ - ၂၅၉

Picture from (15 Feb, 2011): 
http://www.impactlab.net/2009/01/04/top-10-crazy-animal-photos-3/

4 comments:

  1. စိတ်တွေ အပုံလိုက်ကြီး ဝင်စားပါတယ် စောင့်မျှော်ဖတ်ရှုနေပါမည်။

    ReplyDelete
  2. သုံးပုံကျန်ပါသေးတယ်။ :)

    ReplyDelete
  3. အရမ်းကောင်းပါတယ်။

    ReplyDelete
  4. ဆက်ရန်ကို click လုပ်ပြီးဆက်လက်ဖတ်ရှု့လို့မရပါ။
    ပြီးတော့ ကျမ်းညွှန်းမှတ်စုတွေကိုလည်း ဖတ်လို့မရပါ။
    ဖတ်လို့ရအောင် ကူညီပေးစေချင်ပါတယ်။

    ReplyDelete