၂၁-၃-၂၀၀၃နေ့ နေ့စွဲတပ်ထားတဲ့ တစ်ခြားသူတွေရဲ့ စာမူတွေနဲ့အတူ သူ့ကဗျာကို တွေ့လိုက်ရတယ်။ My Computerရဲ့ J-Partitionပေါ်က Folderတစ်ခုထဲမှာ။ စုစည်းထုတ်ဝေမှု တစ်ခုခုအတွက် ရေးခဲ့တာဖြစ်မယ်။ အဲဒီထုတ်ဝေမှု အတွက် သူ ရေးထားပြီးသား ကဗျာကို ပေးခဲ့တာလည်း ဖြစ်နိုင်တယ်။ “ငါဟာ ဘဂ္ဂဒက်မြို့ကြီးပါ”တဲ့။ ခု သူ့ကဗျာကို ဖတ်ကြည့်ပြီး နည်းနည်းတော့ တုန်လှုပ်မိသလိုလို။ တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်သလား။
ခု သူ ဘဂ္ဂဒက်မြို့ကြီးလိုများ . . . ။ လွဲပါစေ ဖယ်ပါစေ။ သူလား။ သူက သေခြင်းတရားကို ရွံကြောက်ကြောက်တဲ့သူ။ သူ ငယ်ငယ်ကဆို မိုင်လေးငါးခြောက်ရာလောက်က အသိတစ်ယောက်ယောက်ရဲ့ သေသတင်း တစ်ခုလောက် ကြားလိုက်ရတာနဲ့ အအိပ်ပျက် အစားပျက်။ မျက်စိပျက် မျက်နှာပျက်။ စိတ်မှဆိုးတတ်ရဲ့လားလို့ မေးရလောက်တဲ့သူက သူ့ကို သေခြင်းတရားနဲ့ ပေးစားကျီစယ်သူကိုတော့ စိတ်ဆိုးတတ်ပြန်ရော။ အရင်နေ့က သတင်းကြားတယ်။ သူ့ကို ဆေးရုံတင်ထားရတယ် တဲ့။ Major Operation တဲ့။ အိုး။ နောက်တော့ Minorပါတဲ့။ သည်းတော့သည်းတယ်တဲ့။ အသေတော့ လွတ်ပြီတဲ့။ တော်သေးရဲ့။ ကျန်းမာပါစေ။
. . . “တဂ္ဃ, စုန္ဒ, ဗောစ္ဈင်္ဂါ”တိ။
ဣဒမဝေါစာယသ္မာ စုန္ဒော။ သမနုညော သတ္တာ အဟောသိ။ ၀ုဋ္ဌဟိ စ ဘဂ၀ါ တမှာ အာဗာဓာ။ တထာပဟီနော စ ဘဂ၀တော သော အာဗာဓော အဟောသီတိ။
ငါဟာ ဘဂ္ဂဒက်မြို့ကြီးပါ
သံသယကိုမှ
သယံဇာတအဖြစ် မွေးမြူစိုက်ပျိုးခဲ့မိတယ်
ငါဟာ ဘဂ္ဂဒက်မြို့ကြီးပါ။
သတင်းဆာလောင်သူ စစ်ငတ်သူတို့ရဲ့
အချိန်ပိုင်း စိတ်ဖြေနည်းတစ်ရပ် ဖြစ်ခဲ့တယ်
ငါဟာ ဘဂ္ဂဒက်မြို့ကြီးပါ။
ကရုဏာတွေ တစက်စက် ရွာသွန်းနေပေမယ့်
ရန်လိုမှုတွေ တဝေါဝေါ စီးဆင်းမှုလောက်
အားမကောင်းခဲ့ဘူး
ငါဟာ ဘဂ္ဂဒက်မြို့ကြီးပါ။
မထင်တာတွေ မဖြစ်ခဲ့ဘူး
ထင်မြင်ချက်တွေသာ မှန်ခဲ့တယ်
ငါဟာ ဘဂ္ဂဒက်မြို့ကြီးပါ။
အိုဟင်နရီရဲ့ ဇာတ်ဝင်ခန်းတွေ ကချင်တယ်
“ကမ္ဘာကြီးကိုဆေးကုကြ”သီချင်းလည်း ဆိုချင်တယ်
ငါဟာ ဘဂ္ဂဒက်မြို့ကြီးပါ။
တွေ့ဆုံခြင်းက
ပဉ္စလက်ဆန်စွာ လိပ်စာမဲ့ခဲ့ပြီး
ခွဲခွာခြင်းက
အနာဂတ်မဲ့စွာ လိပ်စာပျောက်ခဲ့တယ်
ငါဟာ ဘဂ္ဂဒက်မြို့ကြီးပါ။
ကလေး မိန်းမ နာမကျန်းသူနဲ့ သက်ကြားအို
အပြစ်မဲ့ နှလုံးသားတို့ရဲ့ မျက်ရည်ရှိုက်သံတွေက
အကြွင်းမဲ့ ပျက်စီးရေးရဲ့ သွေးပူလေ့ကျင့်ခန်းသာ ဖြစ်ခဲ့တယ်
ငါဟာ ဘဂ္ဂဒက်မြို့ကြီးပါ။
ကိုယ့်အတ္တကို သူက ပေါင်မုန့်အဖြစ် စားသောက်ပြီး
သူ့အတ္တကိုတော့ ကိုယ်က အဆိပ်အဖြစ် မျိုချလိုက်ရတယ်
ငါဟာ ဘဂ္ဂဒက်မြို့ကြီးပါ။
ငါဟာ ဘဂ္ဂဒက်မြို့ကြီးပါ။
ငါဟာ ဘဂ္ဂဒက်မြို့ကြီးဖြစ်နေရတာနဲ့ပဲ
ငါဟာ ဘဂ္ဂဒက်မြို့ကြီးပါ။
ရှင်မော်ဒန်
(၂၁-၃-၂၀၀၃)
ရဟန်းတစ်ပါး + ရောဂါ + ဆေးရုံ + သတင်း = ချစ်ခင်သူများ + စိုးရိမ်မှု + မေတ္တာပို့မှု
ReplyDeleteစစကြားတော့ စိုးရိမ်မိတယ် ဘုရား.. တပည့်တော် အမေ နေမကောင်းဖြစ်တာတောင် အဲလို မစိုးရိမ်ဖူးဘူး..
ဘာမှ မလုပ်ပေးနိုင်တဲ့အဆုံး ကျန်းမာစေကြောင်း မေတ္တာပဲ ထိုင်ပို့နေတော့တယ်..
သက်သာပါပြီ တဲ့။ ကောင်းသွားမှာပါ။ :)
ReplyDelete