Wednesday, January 26, 2011

Our Real Home (Part 3) - အိမ်အစစ် (အပိုင်း - ၃)



ကွယ်လွန်ခါနီး သက်ကြီးရွယ်အို တစ်ဦးသို့ ဟောကြားချက်
အိမ်အစစ်
မရဏတရားသို့ ချဉ်းကပ်ခြင်း

မှာ ဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။

ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။
အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒါဝယဓမ္မိနော။
ဥပ္ပဇ္ဈိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ-တဲ့။
သင်္ခါရတရားတို့သည် အနိစ္စဖြစ်ကုန်၏။ ဖြစ်၍ ပျက်တတ်သည့်သဘော ရှိကြကုန်၏။
ဖြစ်ပေါ်လာ၍ ပျက်သုဉ်းသွားကြကုန်၏။ သင်္ခါရတရားတို့ ချုပ်ငြိမ်းခြင်းသည် ချမ်းသာ၏-တဲ့။

‘‘သင်္ခါရ’’ဆိုတဲ့ စကားဟာ ရုပ်နဲ့နာမ်ကို ဆိုလိုပါတယ်။ သင်္ခါရတရားတွေဟာ မတည်မြဲပါဘူး။ မတည်ငြိမ်ပါဘူး။ ဖြစ်တည်လာပြီး ပျက်သုဉ်းသွားကြပါတယ်။ ပေါ်ပေါက်လာပြီး ကွယ်ပျောက် သွားကြပါတယ်။ ဒါပေမယ့် လူတိုင်းက သင်္ခါရတရားတွေကို တည်မြဲနေစေချင်တယ်။ ဒါဟာ ရူးသွတ်မှုပါပဲ။ အသက်ရှူမှုကို ကြည့်လိုက်ပါ။ လေ ဝင်လာပြီး ပြန်ထွက်သွားတယ်။ အဲဒါ သဘာဝပဲ။ အဲဒီလိုပဲ ဖြစ်နေရမှာပါ။ ဝင်လေနဲ့ ထွက်လေဟာ တစ်လှည့်စီ ဖြစ်နေပါတယ်။ ပြောင်းလဲရပါတယ်။ သင်္ခါရတရားတွေဟာ ပြောင်းလဲမှု ဖြစ်စဉ်ထဲမှာ တည်ရှိနေပါတယ်။ အဲဒါကို ကာကွယ်ဟန့်တားလို့ မရပါဘူး။ စဉ်းစားကြည့်ပါ။ လေကို ရှူမသွင်းဘဲ ရှိုက်ထုတ်လိုက်လို့ ရပါသလား။ ရှူသွင်းမှုမရှိဘဲ ရှိုက်ထုတ်တာဟာ ခံစားလို့ ကောင်းပါ့မလား။ ရှုသွင်းနေရုံ သက်သက်လည်း ဖြစ်နိုင်မလား။ သဘောတရားတွေကို တည်မြဲစေချင်ကြတယ်။ ဒါပေမယ့် မတည်မြဲဘူး။ တည်မြဲဖို့ မဖြစ်နိုင်ဘူး။ ရှူလေ ဝင်လာပြီးရင် ပြန်ထွက်ရမယ်။ ထွက်သွားပြီးရင်လည်း ပြန်ဝင်လာရမယ်။ အဲဒါ သဘာဝပဲ မဟုတ်လား။ မွေးဖွားလာပြီးရင် အိုရမယ်, နာရမယ်, နောက်ပြီး သေရမယ်။ အဲဒါဟာ တကယ့် သဘာဝတရားပါ။ ပုံမှန်ပါပဲ။ သင်္ခါရတရားတွေ သူတို့ကိစ္စ သူတို့ ဆောင်ရွက်နေကြလို့, အသက်ရှူမှု ဝင်လေနဲ့ ထွက်လေ တစ်လှည့်စီ ဖြစ်နေကြလို့ ဒီနေ့ထိ လူ့မျိုးဆက် တည်ရှိနေတာပါ။

မွေးဖွား ပြီးပြီးချင်း သေးဆုံးခဲ့ကြရပါတယ်။ မွေးဖွားမှုနဲ့ သေဆုံးမှုဟာ တစ်ချိန်တည်းမှာ ဖြစ်နေသလိုပါပဲ။ သစ်ပင်လိုပဲ။ သစ်မြစ်ရှိရင် သစ်ကိုင်းသစ်ခက်တွေ ရှိရတယ်။ သစ်ခက်တွေရှိရင် သစ်မြစ်ရှိရတယ်။ တစ်ခုမရှိဘဲ တစ်ခြားတစ်ခု မရှိနိုင်ဘူး။ လူတွေ သေဆုံးမှုအတွက် ပူဆွေးသောကရောက် သွေးပျက်ထိတ်လန့်ပြီး မွေးဖွားမှုအတွက် ဝမ်းမြောက်ဝမ်းသာ နှစ်ထောင်းအားရ ဖြစ်နေကြတာ နည်းနည်းတော့ ရယ်စရာကောင်းတယ်။ ဒါ မောဟပဲ။ ဒါကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်ကြဘူး။  တကယ်ငိုချင်တယ်ဆိုရင် တစ်ယောက်ယောက် မွေးဖွားလာတဲ့ အခါမှာ ငိုလိုက်တာက ပိုကောင်းမယ် ထင်တယ်။ ဘာကြောင့်လဲ။ တကယ်တော့ မွေးဖွားခြင်းဟာ သေဆုံးခြင်းပဲ။ သေဆုံးခြင်းဟာ မွေးဖွားခြင်းပဲ။ သစ်မြစ်ဟာ သစ်ကိုင်းသစ်ခက်ပဲ။ သစ်ကိုင်းသစ်ခက်ဟာ သစ်မြစ်ပဲ။ ငိုချင်းငိုရမယ်ဆိုရင် အရင်းအမြစ် မွေးဖွားခြင်းအတွက် ငိုလိုက်ပါ။ စေ့စေ့ ကြည့်ပါ။ မွေးဖွားမှု မရှိရင် သေဆုံးမှု မရှိနိုင်ပါဘူး။ ဒါကို နားလည်ရဲ့လား။

သိပ်အများကြီး စဉ်းစားမနေပါနဲ့။ ‘‘ဒါဟာ သဘာဝတရားတွေရဲ့ ဖြစ်မြဲနည်းလမ်းပဲ’’လို့သာ ဆင်ခြင်လိုက်ပါ။ ကိုယ့်အလုပ်၊ ကိုယ့်တာဝန်ပါပဲ။ အခုလောလောဆယ် ကိုယ့်ကို ဘယ်သူမှ မကယ်နိုင်ပါဘူး။ ကိုယ့်မိသားစုနဲ့ ကိုယ့်ပိုင်ဆိုင်မှုတွေက ကိုယ့်အတွက် တစ်စုံတရာ လုပ်ပေးနိုင်တာ မရှိပါဘူး။ ကိုယ့်ကို ကူကယ်ပေးနိုင်တာက မှန်ကန်တဲ့ သိမှတ်မှုသာ ဖြစ်ပါတယ်။

ဒါကြောင့် တွေဝေမနေပါနဲ့။ လွှတ်ပေးလိုက်ပါ။ အားလုံးကို စွန့်လွှတ်လိုက်ပါ။

ကိုယ်က မစွန့်လွှတ်ရင်တောင်မှ ဘာပဲဖြစ်ဖြစ် အရာရာက စတင်စွန့်ခွာနေပါပြီ။ ကိုယ့်ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်း မျိုးစုံက ဘယ်လိုစွန့်ခွာသွားဖို့ ကြိုးစားနေကြတယ်ဆိုတာ သဘောပေါက်ရဲ့လား။ ကိုယ့်ဆံပင်။ ကိုယ်ငယ်ငယ်က ဆံပင်တွေ ထူထပ်ပြီး မဲနေတာ၊ အခု ကျွတ်ထွက်နေပြီ။ စတင် ခွဲခွာနေပြီ။ မျက်လုံးတွေ ကောင်းခဲ့တယ်၊ အားကောင်းခဲ့တယ်။ အခု အားနည်းနေပြီ။ အမြင် မကြည်လင်တော့ဘူး။ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ အချိန်တန်တော့ စွန့်ခွားသွားကြတယ်။ ဒါ သူတို့အိမ်မှ မဟုတ်ဘဲကိုး။ ကိုယ်ငယ်ငယ်က သွားတွေ ကျန်းမာတယ်။ ခိုင်မာတယ်။ အခု လှုပ်နဲ့နေပြီ။ သွားတုတွေ တပ်ထားကောင်း တပ်ထားရမယ်။ ကိုယ့်ရဲ့ မျက်လုံးတွေ, နားတွေ, နှားခေါင်း, လျှာ၊ အရာရာဟာ စတင်စွန့်ခွာနေကြပြီ။ ဘာ့လို့လဲ။ သူတို့အိမ် မဟုတ်လို့ပေါ့။ သင်္ခါရနယ်ထဲမှာ ထာဝရအိမ် ဆောက်လို့မရပါဘူး။ ခဏပဲနေနိုင်ပြီး နောက်တော့ ထွက်ခွာရမယ်။ နေခဲ့ဖူးတဲ့ အိမ်လေးကို မျက်စိမျက်နှာ မသာမယာနဲ့ စိုက်ကြည်နေတဲ့ အိမ်ငှါးနေသူ တစ်ယောက်လိုပါပဲလား။ သူ့သွားတွေ သိပ်မကောင်းတော့ဘူး။ သူ့နားတွေ သိပ်မလျင် တော့ဘူး။ သူ့ခန္ဓာကိုယ် ကျန်းကျန်းမာမာ မဟုတ်တော့ဘူး။ အာရာရာဟာ စွန့်ခွာနေပြီ။

ဒီတော့ ဘာအတွက်မှ စိုးရိမ်စရာ မလိုပါဘူး။ ကိုယ့်အိမ်အစစ် မဟုတ်လို့ပါ။ အခိုက်အတန့် မှီခိုရာသာ ဖြစ်လို့ပါပဲ။ ဒီလောကထဲ ရောက်လာပြီးရင် ဒီသဘာဝကို ဆင်ခြင်သင့်ပါတယ်။ တည်ရှိနေတဲ့ အရာအားလုံးဟာ ကွယ်ပျောက်ဖို့ အသင့်ဖြစ်နေပါပြီ။ ခန္ဓာကိုယ်ကို ကြည့်ပါ။ သူ့မူလပုံစံအတိုင်း ဆက်လက်တည်ရှိနေတဲ့ အရာရယ်လို့ ရှိရဲ့လား။ ကိုယ့် အရေဖျား အရင်လို ဟုတ်သေးရဲ့လား။ ကိုယ့်ဆံပင်ရော ဘယ်လိုလဲ။ အရင်လို မဟုတ်တော့ဘူး မဟုတ်လား။ အားလုံး ဘယ်ရောက် ကုန်ကြတာလဲ။ ဒါ သဘာဝပါပဲ။ ဖြစ်ပျက်နေကြတဲ့ ဓမ္မတာလမ်းကြောင်းပါပဲ။ အချိန်တန်တော့ သင်္ခါရတရားတွေ သူတို့လမ်းသူတို့ သွားကြတာပါပဲ။ လောကဟာ အားမကိုးလောက်ပါဘူး။ အနှောင့် အယှက် အရှုပ်ထွေးနဲ့ ပြဿနာ အခက်အခဲတို့ရဲ့ အဆုံးမဲ့ စက်ဝန်းပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းမှု မရှိပါဘူး။

အိမ်အစစ်ရယ်လို့ မရှိကြတော့ ဦးတည်ရာမဲ့ လမ်းပေါ်ရောက်နေတဲ့ ခရီးသည်တွေနဲ့ တူနေပါတယ်။ ဒီလမ်းကို ခဏလျှောက်လိုက်၊ ဟိုလမ်းကို ခဏလျှောက်လိုက်၊ ခဏရပ်နားလိုက်၊ ထပ်ပြီး ထွက်ခွာလိုက်နဲ့ပေါ့။ အိမ်အစစ်ဆီ မရောက်သေးမချင်း ဘာပဲလုပ်လုပ် မသက်မသာ ခံစားနေကြရပါတယ်။ ရွာကို စွန့်ခွာပြီး ခရီးထွက်နေတဲ့သူနဲ့ တူပါတယ်။ အိမ်ပြန်ရောက်မှပဲ အမှန်တကယ် အနားယူနိုင်ပါတယ်။ သက်သာရာ ရပါတယ်။

စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ကမ္ဘာ့ ဘယ်နေရာမှာမှ မတွေ့ရှိနိုင်ပါဘူး။ လူဆင်းရဲမှာ ငြိမ်းချမ်းမှု မရှိပါဘူး။ လူချမ်းသာလည်း ငြိမ်းချမ်းမှု မရှိပါဘူး။ အရွယ်ရောက်သူတွေ ငြိမ်းချမ်းမှု မရှိပါဘူး။ ကလေးသူငယ်တွေ ငြိမ်းချမ်းမှု မရှိပါဘူး။ ပညာကောင်းကောင်းမတတ်တဲ့သူတွေ ငြိမ်းချမ်းမှု မရှိပါဘူး။ အဆင့်မြင့်မြင့် ပညာတတ်ထားသူတွေလည်း ငြိမ်းချမ်းမှု မရှိပါဘူး။ ကမ္ဘာ့နေရာတိုင်းမှာ ငြိမ်းချမ်းမှု မရှိပါဘူး။  အဲဒါ လောကသဘာဝပါပဲ။

ပိုင်ဆိုင်မှု နည်းနည်းပဲ ရှိတဲ့သူတွေ ဆင်းရဲဒုက္ခ ခံစားရပါတယ်။ ပိုင်ဆိုင်မှု မြောက်များစွာ ရှိတဲ့သူတွေလည်း ဆင်းရဲဒုက္ခ ခံစားရတာပါပဲ။ လူမမယ်တွေ, လူလားမြောက်သူတွေ, အိုမင်းရင့်ရော်သူတွေ,  လူတိုင်းဟာ ဆင်းရဲဒုက္ခ ခံစားရပါတယ်။ အအိုဒုက္ခ, အပျိုဒုက္ခ, စည်းစိမ်ရှင်ဒုက္ခ, ပစ္စည်းမဲ့ဒုက္ခ။ အရာရာဟာ ဘာမှ မဟုတ်ပါဘူး။ ဆင်းရဲဒုက္ခသာ ဖြစ်ပါတယ်။

လောကဓမ္မတွေကို ဒီနည်းနဲ့ ရှုမြင်နိုင်တဲ့ အခါမှာ မတည်မြဲတဲ့ အနိစ္စနဲ့ အလိုမပြည့်မှု ဒုက္ခတို့ကို သိမြင်ပါလိမ့်မယ်။ ဘာဖြစ်လို့ မတည်မြဲကြတာလဲ။ အလိုမပြည့်တာ ဘာ့ကြောင့်လဲ။ ‘ငါ’မဟုတ်တဲ့ အနတ္တဖြစ်ကြလို့ ပါပဲ။
ရောဂါဝေဒနာနဲ့ နာကျင်ပြီး လဲလျောင်းနေရတဲ့ ကိုယ့်ခန္ဓာကိုယ်ကိုရော ရောဂါဝေဒနာနဲ့ နာကျင်မှုကိုသိတဲ့ ကိုယ့်စိတ်ကိုပါ ဓမ္မလို့ ခေါ်ပါတယ်။ အသွင်သဏ္ဌာန်မဲ့တဲ့ အရာ, အတွေးစိတ်ကူးတွေ, ခံစားမှုတွေ, မှတ်သားမှုတွေကိုတော့ နာမဓမ္မလို့ ခေါ်ပါတယ်။ နာကျင်ခံခက်မှု နှိပ်စက်ဒဏ် ခံနေရတဲ့ ခန္ဓာကိုတော့ ရူပဓမ္မလို့ ခေါ်ပါတယ်။ ဒါကြောင့် ဓမ္မနဲ့ နေနေကြတာပါ။ ဓမ္မထဲမှာ ရှိနေကြတာပါ။ ကိုယ်ကိုယ်တိုင်ဓမ္မ ဖြစ်နေကြတာပါ။ သစ္စာနယ် ဘယ်နေရာမှာမှ အတ္တဆိုတာကို မတွေ့ရပါဘူး။ သူတို့သဘာအတိုင်း ဖြစ်ပေါ်လာပြီး ကွယ်ပျောက်နေကြတဲ့ ဓမ္မတွေသာ ရှိပါတယ်။ ကာလအခိုက်အတန့် တိုင်းမှာ မွေးဖွားမှု, သေဆုံးမှုတို့နဲ့ ကြံကြိုက်နေကြရပါတယ်။ ဒါဟာ ဓမ္မတို့ဖြစ်ပွားနေတဲ့ လမ်းကြောင်းပါပဲ။

ဗုဒ္ဓရှင်တော်အကြောင်း ကြံစည်စဉ်းစားလိုက်တဲ့ အခါမှာ ကိုယ်တော်မြတ် ဘယ်လို မှန်ကန်စွာ ဟောတော်မူခဲ့တယ်၊ ဦးခို်က်မှု, လေးမြတ်မှုနဲ့ ရိုသေလေးစားမှုတို့ကို ဘယ်လို ထိုက်တန်တော်မူတယ် ဆိုတာ ခံစားသိရှိရပါတယ်။ တရားဓမ္မကို တကယ် မကျင့်သုံးဖူးသေးရင်တောင်မှ တစ်စုံတစ်ခုရဲ့ သဘောမှန်ကို သိမြင်လိုက်တဲ့ အခါတိုင်းမှာ ကိုယ်တော်မြတ်ရဲ့ သွန်သင်ဟောကြားချက်ကို သိမြင်ကြခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် တရားတော်တွေကို အသိအမှတ်ပြုထားပြီး, လေ့လာထားပြီး, ကျင့်သုံးထားပြီး ဖြစ်ရင်တောင်မှ ဓမ္မမှန်ကို မမြင်သေးဘူးဆိုရင်တော့ အိမ်မဲ့ယာမဲ့တွေပါပဲ။

ဒါကြောင့် လူသားအားလုံး, သက်ရှိသတ္တဝါအားလုံးတို့ဟာ ထွက်ခွာကြရတော့မယ်ဆိုတဲ့ ဒီအချက်ကို နားလည်် သဘောပေါက်လိုက်ပါ။ သတ္တဝါတွေဟာ သင့်တော်တဲ့ ကာလအခိုက်အတန့် တစ်ခုမှာ နေထိုင်ရှင်သန် ပြီးတဲ့အခါ သူတို့လမ်းသူတို့ လျှောက်ကြရပါတယ်။ လူချမ်းသာ, လူဆင်းရဲ, လူရွယ်, လူအို သတ္တဝါ အားလုံးဟာ ဒီ ဖြစ်ပျက်ပြောင်းလဲမှုကို ကြုံတွေ့ကြရပါတယ်။

ဆရာတော် အချန်ချား၏ ဟောကြားချက်ကို ဘာသာပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

Original message (Our Real Home) is available (Jan 22, 2011) at
www.accesstoinsight.org/lib/thai/chah/bl111.html

ရှင်အာစာရ

Picture from (Jan 27, 2011):
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM4T7Hno0PymjjZXSR38X9Q0FD8D3UtQpfEHp-xv4L9rl8WP1e1uCtnWSJQtR_3ubDQW9IpLXdT7koz7faNLH-TxyIXi5MSgo_hCJta3NGnLn9iZ1faNXYlpIcV53laOG867OsiwdYyOzH/s1600-h/ajahnchah+%284%29.jpg

No comments:

Post a Comment