အစတော့ ကျွန်တော် မယုံဘူးဗျ။ သူက ကျွန်တော့်နှာခေါင်းကို ဖြုတ်ယူလို့ ရတယ်တဲ့။ လုံးဝ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ်လေ။ ယူပေါ့လို့ ရဲရဲရင့်ရင့် စိန်ခေါ်လိုက်တယ်။ ကျွန်တော့် မျက်နှာကို သူ့ရှေ့တည့်တည့် ထိုးပေးလိုက်တယ်။ “ကဲ ဖြုတ်ယူလိုက်ပြီ” တဲ့။ သူက ခေါက်ကွေးထားတဲ့ သူ့ရဲ့ လက်ညှိုး လက်ခလယ် နှစ်ချောင်းနဲ့ ကျွန်တော့်နှာခေါင်းကို ဖိညှပ်ပြီး ဆွဲဖြုတ်ယူလိုက်ပါတယ်။ နာလည်း မနာ၊ ကျင်လည်းမကျင်။ ကျွန်တော် ကိုယ့်နှာခေါင်းကိုယ် ပြန်စမ်းကြည့်တယ်။ တွေ့ရတယ်။ ကျွန်တော့်နှာခေါင်း ဘာမှ မဖြစ်ဘူး။
နောက်တော့ ကျွန်တော် တော်တော်လေး ဖြုန်သွားတယ်ဗျ။ သူက သူ ဖြုတ်ယူထားတဲ့ ကျွန်တော့်နှာခေါင်းကို ပြတယ်။ ခေါက်ကွေးထားတဲ့ သူ့ရဲ့ လက်ညှိုး နဲ့ လက်ခလယ် နှစ်ချောင်းကြားမှာ ကျွန်တော့်နှာခေါင်း ထိပ်ပြတ်ကို အတစ်လိုက်ကြီး တွေ့လိုက်ရတယ်။ အမလေး ၀မ်းနည်းလိုက်တာဗျာ။ သူဖြုတ်ယူထားတဲ့ ကျွန်တော့် နှာခေါင်းထိပ်ပြတ်ကြီးကို ကြည့်ရတာ ၀မ်းနည်းလိုက်ပုံများ ပြောမပြတတ်အောင်ပါပဲ။
ကျွန်တော် အသက်ရှုလို့မှ ရသေးရဲ့လား။ သတိထားပြီး အသက်ရှူကြည့်တယ်။ အသက်ရှူလို့တော့ ရသေးတယ်။ ဒါပေမယ့် နှာခေါင်းပြတ်ကြီးနဲ့ အသက်ရှုရတာဆိုတော့ ဟာတာတာကြီးတော့ နေတာပေါ့ဗျ။ တော်သေးတယ် အသက်ရှူလို့ ရသေးတဲ့အတွက် လောလောဆယ် ကျွန်တော် မသေနိုင်သေးဘူး။ ဒါပေမယ့် ဗျာ . . .။ နှာခေါင်းပြတ်ကြီးနဲ့ ဆိုတော့ ဘယ်လောက် အရုပ်ဆိုးမယ်ဆိုတာကို တွေးပြီး တနုံ့နုံ့ ခံစားလာရပြန်ရော။ ကျွန်တော် ဘ၀ ပျက်ပြီ။ အားလုံးကို မေ့ထားလိုက်ပြီး အသားကုန် ဟစ်ငိုလိုက်တယ်။ ဒီလိုမျိုး ၀မ်းနည်းပက်လက်ကြီး တစ်ခါမှ မငိုဖူးဘူး။
အစတော့ ကျွန်တော်ငိုတာကို ကြည့်ပြီး သူ ရယ်နေတယ်။ ကျွန်တော် ငိုလေ သူ ရယ်လေပဲ။ ကျွန်တော် ယူကြုံးမရ ဖြစ်နေတာကိုကြည့်ပြီး ပျော်နေတဲ့ပုံ။ နောက်တော့ သူ ကျွန်တော့်ကို သနားသွားပုံရပါတယ်။ သူ ဖြုတ်ယူထားတဲ့ ကျွန်တော့်နှာခေါင်းကို ပြန်တပ်ပေးတယ်။ တော်ပါသေးရဲ့။
နောက်တော့ သူ ဘာစိတ်ကူး ပေါက်ပြန်သလဲ မသိပါဘူး။ ကျွန်တော့်ကို သူ့အနား ချော့ခေါ်ပြီး ကျွန်တော့်နှာခေါင်းကို ဖြုတ်ယူလိုက်ပြန်ရော။ သူ့လက်ထဲက ကျွန်တော့်နှာခေါင်းထိပ်ပြတ်ကြီးကို တပြပြနဲ့ ကျွန်တော့်ကို မခံချင်အောင် စနေနောက်နေပြန်ရော။ ၀မ်းနည်းလိုက်တာ . . .။ မခံချင်ပေမယ့် ဘာမှ ပြန်လုပ်လို့ မရပါဘူး။ ငိုရုံကလွဲလို့ ကျွန်တော်ဘာများ တတ်နိုင်မှာလဲ။ ကျွန်တော်က ကလေး၊ သူက လူကြီး။ ကျွန်တော်က ငိုလိုက် သူက ရယ်လိုက်။ အငို နဲ့ အပျော်။ ကြေကွဲနာကြင်ခြင်း နဲ့ နှစ်လိုပျော်ရွှင်ခြင်း။ ရှုံးနိမ့်ခြင်း နဲ့ အောင်မြင်ခြင်း။ ကလေး နဲ့ လူကြီး။ ပြန်တွေးမိရင်တောင်မှ ၀မ်းနည်းနေရတုန်းပါပဲ . . .။
ဘာပဲဖြစ်ဖြစ်လေ နောက်ဆုံး ကျွန်တော့်နှာခေါင်းကို အကောင်းအတိုင်းဖြစ်အောင် ပြန်တပ်ပေးတာကိုပဲ ကျေးဇူးတင်နေမိပါတော့တယ် ဗျာ . . .။
:)
ရှင်အာစာရ
:)
ရှင်အာစာရ
Picture taken from (10 Jan, 2011):
http://www.wallcoo.net/cartoon/childrens_day_01/html/wallpaper4.html
ဖြတ်စရာရှားလို့ နှာခေါင်းတဲ့ လူကြီးကလဲကွာ၊ ကလေးအရမ်းကြောက်သွားမှာပေါ့
ReplyDelete“ချစ်လို့ စတယ် မှတ်ပါ”တဲ့ လေဗျာ။ :(
ReplyDelete"ချစ်လို့စတာ နာတယ်" :) ဘီဒိရိုကားနာမည်..
ReplyDeleteလမ်းလျှောက်ပါမယ်ဆိုမှ အတွေးတွေက ဘီဒီရိုကားနာမည်ဆီ ရောက်နေတယ်.. ကူဖြတ်ပေးပါဦး ဘုန်းဘုန်း.. :P
ကိုယ်ရောစိတ်ရော နာအောင်ကျင်အောင် မစကောင်းဘူး။ ဟုတ်တယ် နော . . .
ReplyDeleteသူ့ ခမြာငိုလိုက်ရတာသနားပါတယ်ကွယ်...။
ReplyDeleteကလေးအစခံရတဲ့အကြောင်းဖွဲ့ နွဲ့ ရေးထားလိုက်တာများ...တော်ပါ့
ဝတ္တုရေးလို့ ရပြီ...ရောင်းမလောက်တဲ့ဝတ္တုတွေ...။ :)
မျက်ရည်တွေ မြင်လိုက်ရတယ်။ :(
ReplyDeleteအုပ်ရေ ကန့်သတ်ပါမည်။ အမှာစာ ပေးပို့နိုင်ပါပြီ။ :)
ဟ ဟ ဘုန်းဘုန်း.. ခုမှ U Tube ဖိုင်ကို ဖွင့်ကြည့်မိတယ်.. တော်တော်လေး ပြုံးလိုက်မိတယ်..
ReplyDeleteတပည့်တော်တို့ ငယ်ငယ်တုန်းကလည်း အဲလို အညာခံခဲ့ရပေါင်း ဘယ်လောက် များခဲ့ပါလိမ့်... အဟားးးး
တစ်ခုသတိထားမိတာက.. တစ်ဦးတစ်ယောက်ရဲ့ မျက်ရည်ဟာ တစ်ဦးတစ်ယောက်အတွက် ပျော်စရာတွေ ဖြစ်သွားစေတတ်တယ်ဆိုတာ..
သြ....။ uTubeဖိုင်က အဓိက။ တရားထိုင်ရင်း ငိုက်၊ ပြန်ထောင် ပြန်ထိုင်၊ နောက်ဆုံး အမေ့ရင်ခွင်ထဲ အိပ်ပစ်လိုက်တဲ့ ကလေးတစ်ယောက်ကို ရိုက်ထားတဲ့ video clip တစ်ခုကို သတိရလို့ uTubeမှာ "baby meditation"နာမည်နဲ့ ရှာခဲ့တာ။ တွေ့တယ်။
ReplyDeleteအဲဒါနဲ့ ဆက်စပ်ပြီး "My nose lost"ဆိုတာကို တွေ့တာ။ အဲဒါကို ဖွင့်ကြည့်ပြီး ရယ်ခဲ့ရတယ်။ နောက် စဉ်းစားကြည့်တော့ မရယ်သင့်တဲ့ကိစ္စလို ထင်မိပြန်ရော။ မျက်ရည်စွန်းတဲ့ ဖွံ့ဖွံ့ထွားထွား အပြုံးပွင့်ကနေ ပုတ်အဲ့အဲ့ အမင်္ဂလာ ရနံ့တွေ ရခဲ့တယ်။
ကိုယ်တွေ့တစ်ခုတော့ ရေးအုံးမယ်လို့ စိတ်ကူးထားတာ ဘုန်းဘုန်းက ဦးသွားပြီတော့ ...။
ReplyDeleteရေးပါအုံး။ Versionတစ်မျိုး ဖတ်ရတာပေါ့။
ReplyDelete:)