Tuesday, December 7, 2010

The Way to Nibbana (Part 20) - နိဗ္ဗာန်လမ်း (အပိုင်း ၂၀)

ဤသို့ ဘုရားရှင် ဟောတော်မူ၏။
“အာနန္ဒာ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း။ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်သော၊ ချစ်ခင်ဖွယ်သဘောရှိကုန်လျက် ကာမနှင့် စပ်သဖြင့် စွဲမက်အပ်ကုန်သော မျက်စိဖြင့် မြင်အပ်သည့် ရူပါရုံတို့လည်းကောင်း၊ နားဖြင့် ကြားအပ်သည့် အသံတို့လည်းကောင်း၊ နှာခေါင်းဖြင့် ရှူအပ်သည့် အနံ့တို့လည်းကောင်း၊ လျှာဖြင့် လျက်အပ်သည့် အရသာတို့လည်းကောင်း၊ ကိုယ်ဖြင့် တွေထိအပ်သည့် ဖောဋ္ဌဗ္ဗာရုံတို့လည်းကောင်း၊ အာနန္ဒာ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ အာနန္ဒာ ကာမဂုဏ် ငါးပါးတို့ကို စွဲ၍ ဤကိုယ်ချမ်းသာ စိတ်ချမ်းသာသည် ဖြစ်၏။ ဤသည်ကို ကာမချမ်းသာဟု ဆိုအပ်၏။”

'ဤကိုယ်ချမ်းသာ စိတ်ချမ်းသာသည် အမြတ်ဆုံးဖြစ်၍ ငြိမ်သက်၏'ဟု ပြောဆိုကြသူတို့၏ စကားကို ငါဘုရား ခွင့်မပြုနိုင်။ အဘယ့်ကြောင့်ဆိုသော် ထိုကာမချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်း ဖြစ်သော၊ အလွန် မွန်မြတ်သည်လည်း ဖြစ်သော ချမ်းသာသည် ရှိသေး၏။

ဤချမ်းသာမှ တစ်ပါး အလွန်း နှစ်သက်အပ်သည်လည်း ဖြစ်သော၊ အလွန် မွန်မြတ်သည်လည်း ဖြစ်သော ချမ်းသာသည် အဘယ်နည်း။ ဤ သာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်၊ အကုသိုလ်တို့မှ ကင်းဆိတ်၍သာလျှင်၊ ကြံစည်မှု '၀ိတက်' ဆင်ခြင်သုံးသပ်မှု '၀ိစာရ'နှင့် တကွဖြစ်သော၊ နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော၊ နှစ်သက်ခြင်း 'ပီတိ' ချမ်းသာခြင်း 'သုခ'ရှိသော ပဌမဈာန်သို့ ရောက်လျက် နေ၏။ ဤကား ထိုကာမချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်း ဖြစ်သော အလွန် မွန်မြတ်သည်လည်း ဖြစ်သော ချမ်းသာတည်း။

'ဤ ပထမဈာန် ချမ်းသာသည် အမြတ်ဆုံး ဖြစ်၍ ငြိမ်သက်၏'ဟု ပြောဆိုကြသူတို့၏ စကားကို ငါဘုရား ခွင့်မပြုနိုင်။ အဘယ်ကြောင့်နည်း။ ထို ပဌမဈာန် ချမ်းသာမှ တစ်မှ အလွန် နှစ်သက်အပ်သည်လည်း ဖြစ်သော၊ အလွန် မွန်မြတ်သည်လည်း ဖြစ်သော ချမ်းသာသည် ရှိသေး၏။

ဤ သာသနာတော၌ ရဟန်းသည် ကြံစည်မှု ဆင်ခြင်သုံးသပ်မှုတို့၏ ငြိမ်းခြင်းကြောင့် ကိုယ်တွင်း သန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ တည်ကြည်ခြင်း 'သမာဓိ'ကြောင့် ဖြစ်သော၊ နှစ်သက်မှု 'ပီတိ'ကြောင့် ဖြစ်သော၊ ချမ်းသာမှု 'သုခ'ရှိသော ဒုတိယဈာန်သို့ ရောက်လျက်နေ၏။ အာနန္ဒာ ဤကား ထိုပဌမဈာန်ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်း ဖြစ်သော အလွန် မွန်မြတ်သည်လည်း ဖြစ်သော ချမ်းသာတည်း။

'ဤ ဒုတိယဈာန် ချမ်းသာသည်' အမြတ်ဆုံး ဖြစ်၍ ငြိမ်သက်၏'ဟု ပြောဆိုကြသူတို့၏ စကားကို ငါဘုရား ခွင့်မပြုနိုင်။ အဘယ့်ကြောင့်နည်း။ ဤ ဒုတိယဈာန် ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်း ဖြစ်သော အလွန် မွန်မြတ်သည်လည်း ဖြစ်သော ချမ်းသာသည် ရှိသေး၏။

ဤ သာသနာတော်၌ ရဟန်းသည် နှစ်သက်ခြင်း 'ပီတိ'ကိုလည်း မတပ်မက်ခြင်းကြောင့် သတိ သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏။ ချမ်းသာ 'သုခ'ကိုလည်း ကိုယ်ဖြင့်ခံစား၏။ အကြင် တတိယဈာန်ကြောင့် ထိုသူကို 'လျစ်လျူရှုသူ၊ သတိရှိသူ၊ ချမ်းသာစွာ နေလေ့ရှိသူ'ဟု အရိယာ ပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏။ ထိုတတိယဈာန်သို့ ရောက်လျက် နေ၏။ ဤကား ထိုဒုတိယဈာန် ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်း ဖြစ်သော အလွန် မွန်မြတ်သည်လည်း ဖြစ်သော ချမ်းသာတည်း။

'တတိယဈာန်သည် အမြတ်ဆုံး ဖြစ်၍ ငြိမ်သက်၏'ဟု ပြောဆိုကြသူတို့၏ စကားကို ငါဘုရား ခွင့်မပြုနိုင်။ အဘယ့်ကြောင့်နည်း။ ဤ တတိယဈာန် ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်း ဖြစ်သော အလွန် မွန်မြတ်သည်လည်း ဖြစ်သော ချမ်းသာသည် ရှိသေး၏။

ဤ သာသနာတော်၌ ရဟန်းသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ၀မ်းသာခြင်း ၀မ်းနည်းခြင်းတို့ ရှေးဦးကပင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာ မရှိသော လျစ်လျူရှုမှု 'ဥပေက္ခာ'ကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်း ရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ဤကား တတိယဈာန် ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်း ဖြစ်သော အလွန် မွန်မြတ်သည်လည်း ဖြစ်သော ချမ်းသာတည်း။

'ဤ စတုတ္ထဈာန် ချမ်းသာသည် အမြတ်ဆုံး ဖြစ်၍ ငြိမ်သက်၏'ဟု ပြောဆိုကြသူတို့၏ စကားကို ငါဘုရား ခွင့်မပြုနိုင်။ အဘယ့်ကြောင့်နည်း။ ဤ စတုတ္ထဈာန် ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်း ဖြစ်သော အလွန် မွန်မြတ်သည်လည်း ဖြစ်သော ချမ်းသာသည် ရှိသေး၏။

ဤ သာသနာတော်၌ ရဟန်းသည် ရုပ်ရှိ၏ဟူသော 'ရူပသညာ'တို့ကို လွန်မြောက်ခြင်းကြောင့် ထိပါးမှု ရှိ၏ဟူသော  'ပဋိဃသညာ'တို့၏ ချုပ်ခြင်းကြောင့် အမျိုးမျိုးသော အတ္တဘော ရှိ၏ဟူသော 'နာနတ္တသညာ'တို့ကို နှလုံးမသွင်းခြင်းကြောင့် 'ကောင်းကင်သည် အဆုံးမရှိ'ဟု စီးဖြန်း၍ အာကာသာနဉ္စာယတန ဈာန်သို့ ရောက်၍ နေ၏။ ဤကား ထို စတုတ္ထဈာန် ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်း ဖြစ်သော အလွန် မွန်မြတ်သည်လည်း ဖြစ်သော ချမ်းသာတည်း။

'ဤ အာကာသာနဉ္စာယတန ဈာန်ချမ်းသာသည် အမြတ်ဆုံး ဖြစ်၍ ငြိမ်သက်၏'ဟု ပြောဆိုကြသူတို့၏ စကားကို ငါဘုရား ခွင့်မပြုနိုင်။ အဘယ့်ကြောင့်နည်း။ ဤ အာကာသာနဉ္စာယတန ဈာန်ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်း ဖြစ်သော အလွန် မွန်မြတ်သည်လည်း ဖြစ်သော ချမ်းသာသည် ရှိသေး၏။

ဤ သာသနာတော်၌ ရဟန်းသည် အကြွင့်မဲ့အားဖြင့် အာကာသာနဉ္စာယတန ဈာန်ကို ကောင်းစွာ လွန်မြောက်ပြီးလျှင် '၀ိညာဏ်သည် အဆုံးမရှိ'ဟု စီးဖြန်းလျက် ၀ိညာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ဤကား ထို အာကာသာနဉ္စာယတန ဈာန်ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်း ဖြစ်သော အလွန် မွန်မြတ်သည်လည်း ဖြစ်သော ချမ်းသာတည်း။

'ဤ ၀ိညာနဉ္စာယတန ဈာန်ချမ်းသာသည် အမြတ်ဆုံး ဖြစ်၍ ငြိမ်သက်၏'ဟု ပြောဆိုကြသူတို့၏ စကားကို ငါဘုရား ခွင့်မပြုနိုင်။ အဘယ့်ကြောင့်နည်း။ ဤ ၀ိညာနဉ္စာယတန ဈာန်ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်း ဖြစ်သော အလွန် မွန်မြတ်သည်လည်း ဖြစ်သော ချမ်းသာသည် ရှိသေး၏။

ဤ သာသနာတော်၌ ရဟန်းသည် အကြွင်းမဲ့အားဖြင့် ၀ိညာနဉ္စာယတန ဈာန်ကို ကောင်းစွာ လွန်မြောက်ပြီးလျှင် 'စိုးစဉ်းမျှ မရှိ'ဟု စီးဖြန်းလျက် အာကိဉ္စညာယတန ဈာန်သို့ ရောက်၍ နေ၏။ ဤကား ထို ၀ိညာနဉ္စာယတန ဈာန်ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်း ဖြစ်သော အလွန် မွန်မြတ်သည်လည်း ဖြစ်သော ချမ်းသာတည်း။

'ဤ အာကိဉ္စညာယတန ဈာန်ချမ်းသာသည် အမြတ်ဆုံး ဖြစ်၍ ငြိမ်သက်၏'ဟု ပြောဆိုကြသူတို့၏ စကားကို ငါဘုရား ခွင့်မပြုနိုင်။ အဘယ့်ကြောင့်နည်း။ ဤ အာကိဉ္စညာယတန ဈာန်ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်း ဖြစ်သော အလွန် မွန်မြတ်သည်လည်း ဖြစ်သော ချမ်းသာသည် ရှိသေး၏။

ဤ သာသနာတော်၌ ရဟန်းသည် အကြွင်းမဲ့အားဖြင့် အာကိဉ္စညာယတန ဈာန်ကို လွန်မြောက်ပြီးလျှင် နေ၀သညာ­နာသညာယတန ဈာန်သို့ ရောက်၍ နေ၏။ ဤကား ထို အာကိဉ္စညာယတန ဈာန်ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်း ဖြစ်သော အလွန် မွန်မြတ်သည်လည်း ဖြစ်သော ချမ်းသာတည်း။

'ဤ နေ၀သညာနာသညာယတန ဈာန်ချမ်းသာသည် အမြတ်ဆုံး ဖြစ်၍ ငြိမ်သက်၏'ဟု ပြောဆိုကြသူတို့၏ စကားကို ငါဘုရား ခွင့်မပြုနိုင်။ အဘယ့်ကြောင့်နည်း။ ဤ နေ၀သညာနာသညာယတန ဈာန်ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်း ဖြစ်သော အလွန် မွန်မြတ်သည်လည်း ဖြစ်သော ချမ်းသာသည် ရှိသေး၏။

ဤ သာနာတော်၌ ရဟန်းသည် အကြွင်းမဲ့အားဖြင့် နေ၀သညာနာသညာယတန ဈာန်ကို လွန်မြောက်ပြီးလျှင် သညာ ဝေဒနာတို့ ချုပ်ရာ နိရောဓသမာပတ်သို့ ရောက်၍ နေ၏ (သညာဝေဒယိတ-နိရောဓ)။ အာနန္ဒာ ဤကား ထို နေ၀သညာနာသညာယတန ဈာန်ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်း ဖြစ်သော အလွန် မွန်မြတ်သည်လည်း ဖြစ်သော ချမ်းသာတည်း။”

အဆင့်ဆင့် ချမ်းသာမှု ဆယ်မျိုးအနက် ဤ သမာပတ် ချမ်းသာသည် အမြင့်မြတ်ဆုံး အသိမ်မွေ့ဆုံး ဖြစ်၏။ သာမန်လူတို့ မခံစားနိုင်သော ဤ ချမ်းသာမှု အခြေအနေကို နိရောဓသမာပတ်ဟု ခေါ်၏။ မျက်မှောက် ဘ၀၌ပင် နိဗ္ဗာန် ချမ်းသာကို ခံစားခြင်းဟု ဆိုလို၏။

ဘုရားရှင် ကြိုတင် တွက်ဆတော်မူသည့် အတိုင်း “ခံစားမည့် စိတ်ဝိညာဏ် ကင်းမဲ့နေချိန် နိရောဓသမာပတ် ၀င်စားမှုကို မည်သို့လျှင် အမြတ်ဆုံး ချမ်းသာဟု ခေါ်ဆိုနိုင်ပါသနည်း”ဟု မေးခွန်းထုတ်နိုင်၏။

ဤသို့ ဘုရားရှင် ဖြေကြားတော်မူ၏။
“ငါ့ရှင့်တို့ ခံစားမှုချမ်းသာ 'သုခဝေဒနာ'ကိုသာ ရည်ရွယ်၍ ချမ်းသာ 'သုခ'ဟု ဘုရားရှင် ပညတ်သည် မဟုတ်။ ငါ့ရှင်တို့ အကြင်အကြင် ဌာန၌ ချမ်းသာကို ရအပ်၏။ အကြင်အကြင် ဌာန၌ ချမ်းသာသည် ရှိ၏။ ထိုထို အလုံးစုံကို မြတ်စွာဘုရားသည် ချမ်းသာ 'သုခ'ဟု ပညတ်၏။”

“ခံစားမှုချမ်းသာ မှန်သမျှ ဆင်းရဲဒုက္ခ ဖြစ်ပေသည်ဟု ငါ ပညတ်၏”ဟု ဘုရားရှင် မိန့်တော်မူ၏။ အဘယ့်ကြောင့်နည်း။ ဒုက္ခရောက်နေသူသည် သုခကို အလိုရှိ၏။ ခံစားမှု ချမ်းသာကို ရထားသူသည် ပို၍ ချမ်းသာလို၏။ ထို့ကြောင့် လောကချမ်းသာသည် အားမရနိုင်သော အရာ ဖြစ်၏။

လောကဝေါဟာရဖြင့် “နိဗ္ဗာနံ ပရမံ သုခံ - နိဗ္ဗာန်သည် အမြတ်ဆုံး ချမ်းသာ”ဟု ဘုရားရှင် ဟောတော်မူ၏။ နိဗ္ဗာန်သည် ပသာဒဖြင့် ခံစားရသည့် ချမ်းသာ မဟုတ်သောကြောင့် အမြင့်မြတ်ဆုံး ချမ်းသာ ဖြစ်၏။ ဘ၀ဒုက္ခမှ သက်သာရာရသည့် အရှိသဘာဝ ချမ်းမြေ့မှု အခြေအနေ တစ်ရပ် ဖြစ်၏။

သာမန်အာဖြင့် ဒုက္ခချုပ်ငြိမ်းမှု သဘောကို ချမ်းသာသုခဟု အမည်သတ်မှတ်၏။ သို့သော်လည်း ဤ အမည်သည် တကယ့် သဘာဝ အမှန်ကို ဖော်ပြရန် သင့်တော်သည့် ဝေါဟာရ မဟုတ်ပေ။

နာဒရထေရ်   The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

No comments:

Post a Comment