Thursday, November 25, 2010

The Way to Nibbana (Part 16) - နိဗ္ဗာန်လမ်း (အပိုင်း ၁၆)

နိဗ္ဗာန်လမ်း (၃)

“ရုပ်နာမ်ဓမ္မ သင်္ခါရ အားလုံးတို့သည် အမြဲ မရှိကုန်။
ရုပ်နာမ်ဓမ္မ သင်္ခါရ အားလုံးတို့သည် ဆင်းရဲကုန်၏။
သင်္ခတ အသင်္ခတ၊ သဘာဝဓမ္မ အားလုံးတို့သည် အတ္တ မဟုတ်ကုန်။” (ဓမ္မပဒ)

ထိုးထွင်းသိမြင်မှု (၀ိပဿနာ)

နီဝရဏတို့ကို အခိုက်အတန့်အားဖြင့် ပယ်ခွာပြီး ဈာန်တရားတို့ ဖွံ့ဖြိုးလာသောအခါ စိတ်သည် စင်ကြယ်လာ၏။ အရာရာတို့ အရှိအတိုင်း ပြတ်သားစွာ အရိပ်ထင်နိုင်သော၊ ပွတ်တိုက်ထားအပ်သော ကြေးမုံပြင်ကဲ့သို့ ကြည်လင်လာ၏။ အကုသိုလ် အတွေးအကြံတို့မှ အပြီးအပိုင် လွတ်မြောက်သည်ကား မဟုတ်သေးပေ။ ဖြစ်နိုင်ခြေရှိသည့် အကုသိုလ်ကို သမာဓိဖြင့် အခိုက်အတန့်မျှ တားမြစ်ကန့်သတ် ထားခြင်းသာ ဖြစ်၏။ လုံးဝ မျှော်လင့်မထားသည့် အခိုက်အတန့်တို့၌ အကုသိုလ်များ အထင်အရှား ဖြစ်ပေါ်လာနိုင်ပေသည်။

သီလသည် ကာယကံမှု၊ ၀စီကံမှုတို့ကို ထိန်းကျောင်းပေး၏။ သမာဓိသည် စိတ်ကို ထိန်းချုပ်ပေး၏။ တတိယနှင့် နောက်ဆုံးအဆင့်ဖြစ်သော ပညာသည်ကား အားထုတ်သူ ယောဂီကို သမာဓိဖြင့် တားမြစ်အပ်သော ကိလေသာ မှန်သမျှ အမြစ်ပြတ် သုတ်သင်လျက် အရဟတ္တဖိုလ် ဆိုက်ရောက်နိုင်ရန် စွမ်းဆောင်ပေး၏။

ယောဂီပုဂ္ဂိုလ်သည် အရှိအမှန်ကို မြင်နိုင်ရန်အတွက် ဥာဏ်အမြင် စင်ကြယ်မှု (ဒိဋ္ဌိဝိသုဒ္ဓိ)ကို ရှေးဦးစွာ ထူထောင်၏။ သတ္တ၀ါဟု ခေါ်ဆိုအပ်သော အရာကို သမာဓိဖြင့် စိစစ်ပိုင်းခြား၏။ စစ်ကြော၏။ ဤသို့ ဖွေရှာ စစ်ကြောမှုကြောင့် “ငါ”ဟု ခေါ်ဝေါ်သမုတ်အပ်သော သတ္တ၀ါဟူသည် စဉ်ဆက်မပြတ် ဖြစ်ချုပ်နေကြသော ရုပ်နာမ်ဓမ္မ အစုတို့၏ ပေါင်းစည်းမှုသာ ဖြစ်၏ဟု ထင်ရှားလာ၏။ ကမ္ဘာလောက၌ အတိတ်အကြောင်းတရား သို့မဟုတ် ပစ္စုပ္ပုန်အကြောင်းတရား တစ်မျိုးမျိုးကြောင့် ဖြစ်နေရသော အရာမှတစ်ပါး အခြားမည်သည့် အရာမှ မရှိဟု နားလည်လာ၏။ အတိတ်ဖြစ်သော မသိမှု (အ၀ိဇ္ဇာ)၊ တပ်မက်မှု (တဏှာ)၊ ပြင်းစွာစွဲလမ်းမှု (ဥပါဒါန်)၊ ကံ နှင့် ယခုဘ၀၌ စားသောက်သည့် အစာအာဟာရတို့ကြောင့် ဖြစ်တည်နေရသည်ဟုလည်း သိမြင်လာ၏။ ဤ အကြောင်းတရား ငါးမျိုးတို့ကြောင့် သတ္တ၀ါဟု သမုတ်အပ်သောအရာ ဖြစ်ပေါ်လာ၏။ အတိတ် အကြောင်းတရားတို့က ပစ္စုပ္ပန် အကျိုးတရားများကို ဖြစ်ပေါ်စေသကဲ့သို့ ပစ္စုပ္ပန် အကြောင်းတရားတို့က အနာဂတ် အကျိုးတရားတို့ကို ဖြစ်ပေါ်စေလိမ့်မည်။ ဤသို့ ရှုမှတ်ခြင်းဖြင့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဖြစ်သော ယုံမှားမှုများကို ကျော်လွန်နိုင်၏။

ထို့နောက် ယောဂီသည် သင်္ခါရတရားတို့ကား မတည်မြဲကြ (အနိစ္စ)၊ ဆင်းရဲမှုသာ ဖြစ်ကြ၏ (ဒုက္ခ)၊ ထာဝရတည်သော ၀ိဥာဉ်မှ ကင်းဆိတ်ကြ၏ (အနတ္တ)ဟု သဘောမှန်ကို ဆင်ခြင်၏။ အထင်အရှား တည်ရှိနေသော ဤ လက္ခဏာရေး သုံးပါးကိုသာ ကြည့်လိုက်တိုင်း မြင်၏။ တစ်ခြား အရာကို မမြင်။ ဘ၀ဟူသည် အစ္ဇျတ္တ အကြောင်းတရားတို့ကြောင့် တည်ရှိနေသော ဖြစ်ပျက်မှု အစဉ်အတန်းတစ်ခု ဖြစ်သည်ဟု နားလည်လာ၏။ အရာရာသည် အခိုက်အတန့်သာ တည်ရှိနေသောကြောင့် အစစ်အမှန်ဖြစ်သော ချမ်းသာသုခကို ဘယ်မှာမှ ရှာမတွေ့နိုင်တော့ပေ။

ဤသို့ ဘ၀၏ သဘောမှန်ကို ဆင်ခြင်ပြီး သမာဓိဈာန်ကို ၀င်စားသောကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်၌ ယောဂီပုဂ္ဂိုလ်၏ ကိုယ်ခန္ဓာမှ အရောင်အလင်း (သြဘာသ) ထွက်ပေါ်လာသည်ကို ယောဂီကိုယ်တိုင် တအံ့တသြ တွေ့ကြုံရလေ၏။ ယောဂီသည် မကြုံဖူးသည့် နှစ်သက်မှု၊ ပျော်ရွှင်မှု၊ အေးချမ်းမှုတို့ကို တွေ့ကြုံခံစားရလေ၏။ ယောဂီသည် ရင့်ကျက်တည်ငြိမ်လာ၏။ သာသာရေး စိတ်ဝင်စားမှု တိုးပွားလာ၏။ သတိလည်း ထင်ရှားလာ၏။ ဥာဏ်လည်း ထက်မြက်လာ၏။ အဓိကအားဖြင့် အရောင်အလင်း ဖြစ်ပေါ်လာခြင်းကြောင့် လက်ရှိတိုးတက်မှုကို အရဟတ္တဖိုလ် ဆိုက်ရောက်ရန် အခြေအနေ တိုးတက်မှုအဖြစ် မှတ်ယူကာ ယောဂီသည် သူ၏ အကျင့်စရဏပိုင်း တိုးတက်မှုကို နှစ်သက်သဘောကျလာ၏။ မကြာမီပင် “ဤတိုးတက်မှု အတွေ့အကြုံသစ်တို့သည် အကျင့်စရဏ တိုးတက်မှု၏ အနှောင့်အယှက် အဟန့်အတားများ ဖြစ်သည်”ဟု နားလည်လာပြန်၏။ အကျင့်လမ်း ဟုတ်မှန်သည် မဟုတ်မှန်သည်ကို ခွဲခြားတတ်သော အသိစင်ကြယ်မှုကို ထူထောင်နိုင်၏။

ယောဂီသည် အကျင့်မှန် လမ်းမှန်ကို သိ၍ သင်္ခါရတရား အားလုံးတို့၏ ဖြစ်ပေါ်လာမှုနှင့် ပျက်သုဉ်းသွားမှုတို့ကို ပြန်လည်ရှုမှတ်၏ (ဥဒယဥာဏ၊ ၀ယဥာဏ)။ အဖြစ် နှင့် အပျက် နှစ်မျိုးအနက် အပျက်သည် အဖြစ်ထက် ပို၍ ထင်ရှားလာ၏။ ထို့ကြောင့် သင်္ခါရတရားတို့၏ ယိုယွင်းပျက်စီးမှုကို ဦးတည်စူးစိုက်၍ ရှုမှတ်၏ (ဘင်္ဂဥာဏ)။ သတ္တ၀ါအဖြစ် ဖွဲ့တည်နေသည့် ရုပ်နာမ် နှစ်ပါးတို့သည် ကာလအခိုက်အတန့် နှစ်ခုကြာအောင် မတည်ဘဲ အမြဲမပြတ် ဖြစ်ပျက် ပြောင်းလဲနေသော ရုပ်နာမ်အစဉ်၌ တည်ရှိနေသည်ဟု နားလည်လာ၏။ ပျက်ယွင်းနေသော သင်္ခါရတို့သည် ထိတ်လန့်ဖွယ် ဖြစ်၏ဟု ထင်မြင်လာ၏ (ဘယဥာဏ)၊ လောကကြီး တစ်ခုလုံးသည် ဘေးအန္တရာယ်၏ အရင်းမြစ်၊ တောက်လောင်နေသော မီးကျီးတွင်းကဲ့သို့ ထင်ရ၏။ ထို့နောက် ထိန်လန့်ဖွယ် မာယာလောက၏ အသုံးမကျမှု အနှစ်မဲ့မှုတို့ကို ဆင်ခြင်ရှုမှတ်၍ (အာဒီန၀ဥာဏ) လောကအပေါ် စက်ဆုပ်ငြီးငွေ့မှု ဖြစ်လာ၏ (နိဗ္ဗိဒါဥာဏ)။ ထို့နောက် လောကမှ လွတ်မြောက်လိုစိတ် ပြင်းပြလာ၏ (မုစ္စိတုကမျတာဥာဏ)။ ဤသို့ ဓမ္မဓိဋ္ဌာန်ကျကျ ရှုမှတ်မှုနှင့်အတူ ယောဂီသည် မမြဲမှု ဆင်းရဲမှု အတ္တ၀ိဥာဉ် ကင်းမဲ့မှုဟူသော လက္ခဏာရေး သုံးပါးကို ရှုမှတ်ပြန်၏ (ပဋိသင်္ခါဥာဏ)။ ထို့နောက် ယောဂီသည် လောကီအာရုံတို့ အပေါ်၌ လောဘဖြင့် တွယ်တာခြင်း၊ ဒေါသဖြင့် မုန်းတီးခြင်း ကင်းလျက် သင်္ခါရတရား အားလုံးတို့ကို အညီအမျှ သဘောထား၍ ဥပေက္ခာ ရှုလေ၏ (ဥပေက္ခာဥာဏ)။

ဤဥာဏ်အဆင့်သို့ ရောက်သောအခါ ယောဂီသည် လက္ခဏာရေးသုံးပါး တစ်ပါးပါးကို ယူကာ အထူးအာရုံစိုက် ရှုမှတ်အပ်သော အရှုခံ အာရုံ၏ သီးခြားလက္ခဏာ ထင်ရှားလာသည်အထိ၊ ရည်ရွယ်ရင်းပန်းတိုင် နိဗ္ဗာန်ကို စတင် မျက်မှောက်ပြုနိုင်သည်အထိ ၀ိပဿနာရှုပွား၏။

“ညအမှောင်၌ ခရီးသွားသော ပုဂ္ဂိုလ်သည် လျှပ်စီးအလင်းဖြင့် သူ၏ အနီးအပါး အရပ်ကို မြင်တွေ့လိုက်ရပြီး တွေ့မြင်မှတ်သားအပ်သည့် ပုံရိပ်အတိုင်း ကျိန်းစပ်နေသည့် မျက်စိဖြင့် ရှေ့သို့ ခရီးဆက်၏။ ထို့အတူ နိဗ္ဗာန်ကို ဖွေရှာသော ယောဂီသည် မဂ်ဥာဏ်အလင်းဖြင့် နိဗ္ဗာန်ကို မြင်လိုက်ရ၏။ ထို ပုံရိပ်သည် စိတ်အစဉ်မှ ဘယ်တော့မှ လွင့်ပြယ်မသွားအောင်ပင် ကြည်လင်ထင်ရှား၏။”

နိဗ္ဗာန်ခရီး လျှောက်လှမ်းသော ယောဂီသည် နိဗ္ဗာန်ကို ရှေးဦးစွာ သိမြင်သောအခါ သောတာပန်မည်၏။ နိဗ္ဗာန်သို့ ဦးတည်သည့် ရေစီးကြောင်း ပထမအဆင့်သို့ ၀င်ရောက်သူမည်၏။

ရေစီးကြောင်း ဟူသည်မှာ အရိယာမဂ် ရှစ်ပါးကို ဆိုလို၏။

အရိယာ ရေအလျဉ်သို့ ၀င်ရောက်ပြီးသူသည် လောကီသား (ပုထုဇ္ဇန) မဟုတ်တော့ပေ။ (မြင့်မြတ်သူ) အရိယာ မည်၏။

၁။ ဥဒယ၊ ၀ယ၊ ဘင်္ဂ၊ ဘယ၊ အာဒီန၀၊ နိဗ္ဗိဒါ၊ မုစ္စိတုကမျတာ၊ ပဋိသင်္ခါ၊ ဥပေက္ခာဟူသော ဥာဏ်ကိုးမျိုး၊ ဥာဏ်အလင်း ကိုးမျိုးကို စုပေါင်း၍ ပဋိပဒါဥာဏဒဿဝိသုဒ္ဓိ၊ အကျင့်လမ်းမှန်ကို သိသောဥာဏ်အမြင် စင်ကြယ်မှုဟု ခေါ်၏။

၂။ လောကုတ္တရာစိတ် အခိုက်အတန့်၌ တွေ့ရသော ဥာဏ်အမြင်သည် ဥာဏဒဿန၀ိသုဒ္ဓိမည်၏။ ၀ိသုဒ္ဓိမဂ်၏ ခုနစ်ခုမြောက်ဖြစ်သော စင်ကြယ်သော ဥာဏ်အမြင်ပင် ဖြစ်၏။

သံယောဇဉ် အနှောင်အဖွဲ့များ

ပထမဆုံးဖြစ်သော ဤ အရိယာအဆင့်သို့ ရောက်ရှိသော ပုဂ္ဂိုလ်သည် အောက်ဖော်ပြပါ အနှောင့်အဖွဲ့ (သံယောဇန) သုံးမျိုးကို သုတ်သင်နိုင်၏။

၁။ သက္ကာယဒိဋ္ဌိ = သတိ ကာယေ ဒိဋ္ဌိဟူသည်မှာ ထင်ရှားရှိသော ခန္ဓာ၊ သို့မဟုတ် အပေါင်းအစုကို စွဲ၍ ဖြစ်ပေါ်သော အမြင်ဟု တိုက်ရိုက် အဓိပ္ပာယ် ရ၏။ ဤနေရာ၌ ကာယဟူသည်မှာ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ်ဟူသော ခန္ဓာငါးပါးကို ဆိုလို၏။ ရုပ်နာမ်ခန္ဓာတို့၏ ရှုပ်ထွေးသော ပေါင်းစည်းမှု တည်ရှိနေချိန်ဝယ် မပြောင်းမလဲ အမြဲတည်သော ထာဝရ၀ိဥာဉ် ရှိ၏ဟု ထင်မြင်ယူဆသော အမြင်ကို သက္ကာယဒိဋ္ဌိဟု ခေါ်၏။ ဓမ္မသင်္ဂဏီ၌ ဤသို့သော အတ္တ၀ါဒ အမျိုးနှစ်ဆယ်ရှိကြောင်း ရေတွက်ပြထား၏။ သက္ကာယဒိဋ္ဌိကို အတ္တဒိဋ္ဌိ၊ အတ္တ၀ါဒ၊ ပုဂ္ဂလ၀ါဒဟု ဘာသာပြန်ဆိုလေ့ ရှိ၏။

၂။ ၀ိစိကိစ္ဆာ = ယုံမှားမှုများမှာ (၁) ဘုရား၊ (၂) တရား၊ (၃) သံဃာ၊ (၄) ၀ိနည်းသိက္ခာပုဒ် (သိက္ခာပဒ)၊ (၅) အတိတ်၊ (၆) အနာဂတ်၊ (၇) အတိတ် အနာဂတ် နှစ်ပါးစုံနှင့် (၈) ကျိုးကြောင်းဆက်စပ်၍ ဖြစ်ပေါ်လာမှု (ပဋိစ္စသမုပ္ပါဒ)တို့ကို ယုံမှားခြင်းများ ဖြစ်၏။

၃။ သီလဗ္ဗတပရာမာသ ဟူသည်မှာ မှားယွင်းသော ဓလေ့ထုံးတမ်း နှင့် ပွဲသဘင် အခမ်းအနားတို့ကို မြဲမြံစွာ စွဲယူထားခြင်း ဖြစ်၏။

ဓမ္မသင်္ဂဏီ၌ ဤသို့ ဖော်ပြထား၏။ “(နွား ခွေး စသည်တို့၏) အလေ့ ‘သီလ’ဖြင့် (ကိလေသာမှ) စင်ကြယ်၏ဟူသော အယူသည် ဤ သာသနာတော်မှ အပဖြစ်ကုန်သော ရဟန်း၊ ပုဏ္ဏား၊ သမဏ၊ ဗြာဟ္မဏတို့၏ အယူဖြစ်၏။”


နာဒရထေရ် ၏  The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

No comments:

Post a Comment