Thursday, November 11, 2010

Brahmacariya (First Portion) - ဗြဟ္မစိုရ်တရားတော်ကြီး (ပထမပိုင်း)

[ဖြည့်စွက်ချက်။ ၁၂ နိုဝင်ဘာ၊ ၂၀၁၀]
ဤတရားတော်၌ ငါးရာ့နှစ်ဆယ်ရှစ်သွယ် မေတ္တာပွားပုံကို ဟောကြားထား၏။

အနောဓိသမေတ္တာ ၂၀
သတ္တ၀ါတို့ကို အမျိုးအစား မခွဲခြားဘဲ ပုပုရွရွ သတ္တ၀ါမှန်သမျှသို့ မေတ္တာပို့လွှတ်ခြင်း ဖြစ်သည်။ မေတ္တာအပို့ခံ (၅)မျိုးသို့ နည်း(၄)နည်းဖြင့် မေတ္တာပို့လွှတ်သည်။ ထို့ကြောင့် ငါးလေးလီ = နှစ်ဆယ် ရ၏။

မေတ္တာအပို့ခံ (၅)မျိုး
သဗ္ဗေ သတ္တာ = အားလုံးသော သတ္တ၀ါတွေ
သဗ္ဗေ ပါဏာ = အားလုံး အသက်ရှိသူတွေ
သဗ္ဗေ ဘူတာ = အားလုံး ထင်းရှားဖြစ်သူတွေ
သဗ္ဗေ ပုဂ္ဂလာ = အားလုံး ပုဂ္ဂိုလ်တွေ
သဗ္ဗေ အတ္တဘာဝပရိယာပန္နာ = အားလုံး ခန္ဓာကိုအတ္တဘော ရှိသူတွေ

မေတ္တာပို့နည်း (၄)မျိုး
အဝေရာ ဟောန္တု = ဘေးရန်ကင်းကြပါစေ
အဗျာပဇ္ဇာ ဟောန္တု = စိတ်ဆင်းရဲကင်းကြပါစေ
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲကင်းကြပါစေ
သုခီ အတ္တာနံ ပရိဟရန္တု = မိမိတို့ ခန္ဓာဝန်ကို ချမ်းသာစွာ ရွက်ဆောင်နိုင်ကြပါစေ။

သြဓိသမေတ္တာ ၂၈
ပုပုရွရွ မှန်သမျှသို့ မေတ္တာပို့လွှတ်ခြင်း မဟုတ်ဘဲ မျိုးတူသတ္တ၀ါ အစုအစုတို့ထံသို့ သီးခြားရည်ရွယ်၍ မေတ္တာပို့လွှတ်ခြင်း ဖြစ်သည်။ မျိုးတူသတ္တ၀ါအုပ်စု ခုနစ်ခုသို့ အထက်ပါ နည်း(၄)နည်းဖြင့် မေတ္တာပို့လွှတ်သည်။ ထို့ကြောင့် ခုနစ်လေးလီ = နှစ်ဆယ့်ရှစ် ရ၏။

မေတ္တာအပို့ခံ (၇)မျိုး
သဗ္ဗာ ဣတ္ထိယော = အားလုံးသော အမျိုးသမီးတွေ
သဗ္ဗေ ပုရိသာ = အားလုံးသော အမျိုးသားတွေ
သဗ္ဗေ အရိယာ = အားလုံးသော အရိယာ သူမြတ်တွေ
သဗ္ဗေ အနရိယာ = အားလုံးသော ပုထုဇဉ်တွေ
သဗ္ဗေ ဒေ၀ါ = အားလုံးသော နတ်ဗြဟ္မာတွေ
သဗ္ဗေ မနုဿာ = အားလုံးသော လူသားတွေ
သဗ္ဗေ ၀ိနိပါတိကာ = အားလုံးသော အပါယ်ဘုံသားတွေ

နှစ်ခုပေါင်း (အနောဓိသမေတ္တာ ၂၀ + သြဓိသမေတ္တာ ၂၈) မေတ္တာ (၄၈)မျိုးရ၏။

ဒိသာဖရဏမေတ္တာ ၄၈၀
အရှေ့ အရပ်၊ အနောက် အရပ်၊ မြောက် အရပ်၊ တောင် အရပ်၊ အရှေ့တောင်ထောင့် အရပ်၊ အနောက်မြောက်ထောင့် အရပ်၊ အရှေ့မြောက်ထောင့် အရပ်၊ အနောက်တောင်ထောင့် အရပ်၊ အောက်အရပ်၊ အထက်အရပ် ဟူသော အရပ်(၁၀)မျက်နှာရှိ သတ္တ၀ါများသို့ သြဓိသ အနောဓိသ မေတ္တာများ ပို့လွှတ်လျှင် လေးဆယ့်ရှစ် ဆယ်လီ = လေးရားရှစ်ဆယ် ရ၏။

၅၂၈ သွယ် မေတ္တာ
အားလုံးပေါင်းလျှင် (အနောဓိသမေတ္တာ ၂၀ + သြဓိသမေတ္တာ ၂၈ + ဒိသာဖရဏမေတ္တာ ၄၈၀) ၅၂၈ သွယ် မေတ္တာရ၏။

Mahasi Sayadaw - Brahmacariya1

No comments:

Post a Comment