Tuesday, November 9, 2010

Akitti-cariya - အကိတ္တိရသေ့၏အကျင့်

[နောက်ဆက်တွဲစကား -
အရင် ရှိနှင့်ပြီးဖြစ်သော ပါဠိတော်မြန်မာပြန် ကျမ်းစာများတွင် မပါသေးဟု ထင်မိသောကြောင့် ''စရိယာပိဋကပါဠိတော်မြန်မာပြန်''ကို စတင်စီစဉ်ခဲ့ပါသည်။ သို့သော် http://www.dhammadownload.com/MyanmarTipitaka-eBook.htm နှင့် အခြားနေရာ တော်တော်များမှာ ရှိနှင့်နေပြီဖြစ်ကြောင်း ယခုမှ သိလိုက်ရပါသည်။ သို့ဖြစ်၍ ရှိနှင့်ပြီးဖြစ်သော ပါဠိတော်မြန်မာပြန် ကျမ်းစာများတွင် မပါသေးသော ကျမ်းစာတစ်ခုခုကိုသာ စီစဉ်ပါတော့မည်။]
-----


စရိယာပိဋကပါဠိတော်သည် ခုဒ္ဒကနိကာယ်ဝင် ဆယ့်ကိုးကျမ်းအနက် ဆယ့်ခြောက်ခုမြောက် ကျမ်းစာဖြစ်ပါသည်။ အရှင်သာရိပုတ္တရာကို ဦးတည်၍ စရိယာပိဋကပါဠိတော်ကို ဟောကြားခဲ့ကြောင်း အဋ္ဌကထာ ဖွင့်ဆိုပါသည်။ ဤဘဒ္ဒကမ္ဘာအတွင်း ဂေါတမဘုရားလောင်း ပါရမီဆယ်ပါး ဖြည့်ကျင့်ဆည်းပူးခဲ့ပုံတို့ကို ဤပါဠိတော်၌ ဟောကြားထားပါသည်။ ဤပါဠိတော်၌ အကိတ္တိဝဂ်၊ ဟတ္ထိနာဂ၀ဂ် နှင့် ယုဓဉ္ဇယ၀ဂ်ဟူ၍ အခန်းသုံးခန်းပါဝင်ပါသည်။ အကိတ္တိဝဂ်၌ ဆယ်ဘ၀၊  ဟတ္ထိနာဂ၀ဂ်၌ ဆယ်ဘ၀ နှင့် ယုဓဉ္ဇယ၀ဂ်၌ ဆယ့်ငါးဘ၀ဟူ၍ ဘုရားလောင်း ပါရမီဖြည့်ခဲ့ရာ ဘ၀ပေါင်း သုံးဆယ့်ငါးဘ၀ ပါဝင်ပါသည်။ ဤဆိုလတံ့သည်ကား စရိယာပိဋကပါဠိတော် အကိတ္တိဝဂ်မှ အကိတ္တိရသေ့၏အကျင့် (အကိတ္တိစရိယ)ဖြစ်ပါသည်။

----------

ခုဒ္ဒကနိကာယ်
စရိယာပိဋကပါဠိတော်မြန်မာပြန်
၁။ အကိတ္တိဝဂ်

၁။ အကိတ္တိရသေ့၏အကျင့်

    ၁။     ကမ္ဘာပေါင်း လေးသင်္ချေ နှင့် တစ်သိန်း ကာလအတွင်း၌ ဒါနသီလ အစရှိသော အကျင့်ကို ငါဘုရားလောင်း ပြုကျင့်ဆည်းပူးခဲ့၏။ အလုံးစုံသော ထိုဒါနသီလ အစရှိသော အကျင့်သည် ဘုရားအဖြစ်သို့ ရောက်စေတတ်သည်သာလျှင်တည်း။

    ၂။     လွန်လေပြီးသော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလတို့၌ ပြုကျင့်အပ်သော ဒါနသီလအစရှိသည်ကို ချန်ထား၍ ဤဘဒ္ဒကမ္ဘာအတွင်း ဘ၀ကြီးငယ် အသွယ်သွယ်၌ ပြုကျင့်ဆည်းပူးအပ်သော ဒါနသီလစသော အကျင့်ကိုသာ ဟောကြားပေအံ့။ ငါဘုရား၏ ထံတော်မှ နာကြားလော့။

    ၃။     တစ်ခါသော် ငါဘုရားသည် အကိတ္တိ အမည်ရှိသော ရသေ့ဖြစ်၍ ဆိတ်ငြိမ်သော ၀ိပိနကာနနမည်သော တောကြီး၌ ၀င်၍ နေ၏။

    ၄။     ထိုအခါ၌ ငါ၏ သီလအစွမ်းဖြင့် ပဏ္ဍုကမ္ဗလာကျောက်ဖျာကို ပူစေအပ်သည်ဖြစ်၍ တာဝတိံသာနတ်ပြည်ကို အစိုးရသော သိကြားမင်းသည် ပုဏ္ဏားယောင်ဆောင်လျက် ဆွမ်းအလှူခံရန် ငါ့ထံသို့ ကပ်ရောက်လာ၏။

    ၅။     ငါ၏ ကျောင်းသင်္ခမ်းတံခါး၌ ရပ်လာသော ပုဏ္ဏားယောင်ဆောင်ထားသည့် သိကြားမင်းကို မြင်လျှင် တောမှဆောင်ယူအပ်သော ဆီလည်းမပါ ဆားလည်း မပါသော ကံပြင်းရွက်ပြုတ်ကို ချက်ပြုတ်သည့် အိုးနှင့်တကွ လှူလိုက်၏။

    ၆။     ငါသည် ထိုပုဏ္ဏားယောင်ဆောင်ထားသည့် သိကြားမင်းအား ကံပြင်းရွက်ပြုတ်ကို လှူပြီးလျှင် အိုးကိုမှောက်ထားလိုက်ပြီး နောက်ထပ်တစ်ဖန် အစာရှာမှီးခြင်း မပြုတော့ဘဲ သစ်ရွက်မိုးသော သင်္ခမ်းကျောင်းထဲ ၀င်၍ နေ၏။

    ၇။     ပုဏ္ဏားယောင်ဆောင်ထားသော သိကြားမင်းသည် ဒုတိယ နေ့၌လည်းကောင်း၊ တတိယ နေ့၌လည်းကောင်း ငါ့ထံသို့ ကပ်ရောက်လာပြန်၏။ ထို အခါ၌လည်း ငါသည် မစ္ဆရိယကြောင့် တုန်လှုပ်ခြင်း မရှိဘဲ လောဘဖြင့် ကပ်ငြိခြင်း မရှိဘဲ ပထမနေ့မှာ ကဲ့သို့ပင် အကြွင်းမဲ့ လှူလိုက်၏။

    ၈။     ထို သုံးရက်ပတ်လုံး မစားဘဲ လှူခြင်းကြောင့်လည်း ငါ၏ ကိုယ်၌ အဆင်းဘောက်ပြန်ခြင်း မရှိ။ အလှူကိုနှစ်သက်သည့် ပီတိသုခနှင့်ယှဉ်သော မွေ့လျော်ခြင်းဖြင့် ထိုနေ့ကို ကုန်လွန်စေ၏။

    ၉။     အကယ်၍ တစ်လပတ်လုံး သော်လည်းကောင်း နှစ်လပတ်လုံး သော်လည်းကောင်း မြတ်သော အလှူခံ ပုဂ္ဂိုလ်ကို ရသည်ဖြစ်အံ့ မတုန်လှုပ်သည်ဖြစ်၍ မကပ်ငြိသည်ဖြစ်၍ မြတ်သောအလှူကို ပေးလှူပေလိမ့်မည်။

  ၁၀။     ထိုအလှူခံ ပုဂ္ဂိုလ်အား အလှူဝတ္ထုကိုလှူသော ငါသည် ခြွေရံပရိသတ်ကိုလည်းကောင်း လူမင်းစည်းစိမ် နတ်မင်းစည်းစိမ် ဗြဟ္မာမင်း စည်းစိမ်ကိုလည်းကောင်း မတောင့်တ။ ဘုရားအဖြစ်ကို တောင့်တ၍ ထို ဒါနအစရှိသော ကောင်းမှုတို့ကို ပြုကျင့်ခဲ့၏။

ရှေးဦးစွာသော အကိတ္တိရသေ့၏အကျင့် ပြီး၏။

----------


ဘာသာပြန်ဆိုသူကို အသိမပေးဘဲ ဤပါဠိတော်မြန်ပြန်ကို စီးပွားဖြစ် ပုံနှိပ်ထုတ်ဝေရောင်းချခြင်း ခွင့်မပြုပါ။

စီးပွားရေးအတွက် မဟုတ်ဘဲ တရားတော် ပြန့်ပွားရေးအတွက် မွန်မြတ်သော စိတ်ထားဖြင့် ဤပါဠိတော်မြန်မာပြန်ကို လိုအပ်သလို အသုံးပြုနိုင်ပါသည်။

ရှင်အာစာရ
၁၀ နိုဝင်ဘာ၊ ၂၀၁၀

----------

 ခုဒ္ဒကနိကာယေ
စရိယာပိဋကပါဠိ
. အကိတ္တိဝဂ္ဂေါ

. အကိတ္တိစရိယာ
     
  ၁။  “ကပ္ပေ စ သတသဟေဿ၊ စတုရော စ အသင်္ခိယေ။
       ဧတ္ထန္တရေ ယံ စရိတံ၊ သဗ္ဗံ တံ ဗောဓိပါစနံ။
  ၂။  “အတီတကပ္ပေ စရိတံ၊ ဌပယိတွာ ဘ၀ါဘဝေ။
       ဣမမှိ ကပ္ပေ စရိတံ၊ ပ၀က္ခိဿံ သုဏောဟိ မေ။
  ၃။  “ယဒါ အဟံ ဗြဟာရညေ၊ သုညေ ၀ိပိနကာနနေ။
       အဇ္စျောဂါဟေတွာ ၀ိဟရာမိ၊ အကိတ္တိ နာမ တာပသော။
  ၄။  “တဒါ မံ တပတေဇေန၊ သန္တတ္တော တိဒိဝါဘိဘူ။
       ဓာရေန္တော ဗြာဟ္မဏ၀ဏ္ဏံ၊ ဘိက္ခာယ မံ ဥပါဂမိ။
  ၅။  “ပ၀နာ အာဘတံ ပဏ္ဏံ၊ အတေလဉ္စ အလောဏိကံ။
       မမ ဒွါရေ ဌိတံ ဒိသွာ၊ သကဋာဟေန အာကရိံ။
  ၆။  “တဿ ဒတွာနဟံ ပဏ္ဏံ၊ နိက္ကုဇ္ဇိတွာန ဘာဇနံ။
       ပုနေသနံ ဇဟိတွာန၊ ပါဝိသိံ ပဏ္ဏသာလကံ။
  ၇။  “ဒုတိယမၸိ တတိယမၸိ၊ ဥပဂဉိ ၦ မမႏၲိကံ။
       အကမ္ပိတော အနောလဂ္ဂေါ၊ ဧ၀မေ၀မဒါသဟံ။
  ၈။  “န မေ တပ္ပစ္စယာ အတ္ထိ၊ သရီရသ္မိံ ၀ိဝဏ္ဏိယံ။
       ပီတိသုခေန ရတိယာ၊ ၀ီတိနာမေမိ တံ ဒိဝံ။
  ၉။  “ယဒိ မာသမ္ပိ ဒွေမာသံ၊ ဒက္ခိဏေယျံ ၀ရံ လဘေ။
       အကမ္ပိတော အနောလီနော၊ ဒဒေယျံ ဒါနမုတ္တမံ။
၁၀။  “န တဿ ဒါနံ ဒဒမာနော၊ ယသံ လာဘဉ္စ ပတ္ထယိံ။
       သဗ္ဗညုတံ ပတ္ထယာနော၊ တာနိ ကမ္မာနိ အာစရိ”န္တိ။

အကိတ္တိစရိယံ ပဌမံ။

 ----------

No comments:

Post a Comment