နိဗ္ဗာန်လမ်း (၁)
“ဤ အလယ်အလတ်ဖြစ်သော မြတ်သော အကျင့်သည် ကိလေသာငြိမ်းရန် အလို့ငှာ ဖြစ်၏။ ထူးသောဥာဏ်ဖြင့် သိရန်အလို့ငှာ ဖြစ်၏။ သစ္စာလေးပါးကို သိရန်အလို့ငှာ ဖြစ်၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှာ ဖြစ်၏။” (ဓမ္မစက္ကသုတ်)
သီလ
နိဗ္ဗာန်ရောက်ကြောင်း အကျင့်လမ်းဟူသည် အသိဥာဏ်ကို နုံ့နဲ့စေသော ခန္ဓာကိုယ်ကို ညှင်းပမ်းမှု အတ္တကိလမထာနုယောဂ အကျင့်နှင့် ကိုယ်ကျင့်သီလ ဖွံ့ဖြိုးမှုကို နှောင့်နှေးစေသော ကာမစည်းစိမ်း ခံစားမှု ကာမသုခလ္လိကာနုယောဂအကျင့်ဟု ဆိုအပ်သော တစ်ဘက်စွန်းရောက် တရားတို့ကို ရှောင်ကြဉ်သည့် မဇ္ဈိမပဋိပဒါအကျင့် ဖြစ်ပေသည်။
ဤ မဇ္ဈိမပဋိပဒါအကျင့်၌ အင်္ဂါရှစ်တန် ပါဝင်၏။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာဝါအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့ ဖြစ်ပေသည်။
ပထမအင်္ဂါ နှစ်ပါးကို အသိဥာဏ် (ပညာမဂ္ဂင်)ဟု သတ်မှတ်၏။ ဒုတိယအင်္ဂါ သုံးပါးကို ကိုယ်ကျင့်တရား (သီလမဂ္ဂင်)ဟု သတ်မှတ်၏။ နောက်ဆုံးအင်္ဂါ သုံးပါးကို စူးစိုက်မှု (သမာဓိမဂ္ဂင်)ဟု သတ်မှတ်၏။
အဆင့်ဆင့် ဖွံ့ဖြိုးမှု အစဉ်အရ သီလ၊ သမာဓိ၊ ပညာတို့သည် နိဗ္ဗာန်သို့ ရောက်စေနိုင်သည့် ကြီးကျယ်မြင့်မြတ်သော လမ်းကြောင်းပေါ်ရှိ အဆင့်သုံးဆင့်ပင် ဖြစ်ကြ၏။
ဤ အဆင့်သုံးဆင့်သည် လှပသေသပ်သော အောက်ပါ ရှေးဟောင်း ဂါထာ၌ ပါဝင်နေ၏။
သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။
အကုသိုလ်ကို ရှောင်ကြဉ်ရာ၏၊ ကိုသိုလ်ကို ပြုလုပ်ရာ၏။
စိတ်ကို စင်ကြယ်စေရာ၏၊ ဤကား ဘုရားရှင်တို့၏ အဆုံးအမတည်း။
စိုက်ပျိုးသည့် အရာကို ရိပ်သိမ်းရ၏။ အကုသိုလ်သည် ဒုက္ခအကျိုးပေး၏။ ကုသိုလ်သည် သုခအကျိုး ပေး၏။ သုခနှင့် ဒုက္ခတို့သည် ကုသိုလ်နှင့် အကုသိုလ်တို့၏ မုချ အကျိုးဆက်များ ဖြစ်ကြ၏။
သမ္မာဒိဋ္ဌိ ဥာဏ်အမြင် ရှိသူသည် ကြောင်းကျိုးဆက် နိယာမ ဤသဘာဝကို နားလည်၏။ ဘယ်သူမှ မတိုက်တွန်းရဘဲ ကိုယ့်ဆန္ဒနှင့်ကိုယ် အကုသိုလ်မှုမှ ရှောင်ကြဉ်၏။ ကုသိုလ်ကို အစွမ်းကုန် ဆည်းပူး၏။ ဤသို့ ပြုကျင့်ခြင်းဖြင့် မိမိအတွက်ရော သူတစ်ပါး အတွက်ပါ ကောင်းကျိုးဖြစ်ထွန်းစေ၏။ မိမိ သူတစ်ပါး နှစ်ဦးသားတို့အတွက် ကောင်းချီးမင်္ဂလာဖြစ်အောင် ရှင်သန်နေထိုင်ရေးမှာ ဘ၀ပေးတာဝန် ဖြစ်သည်ဟု ခံယူ၏။
ရှင်သန်မှု ဘ၀တစ်သက်တာသည် အားလုံးအတွက် တန်ဖိုးရှိ၏၊ ဘယ်သူမှ သူတစ်ပါး၏ အသက်ကို သတ်ဖြတ်ရန် အခွင့်အရေးမရှိဟု နားလည်သောကြောင့် သက်ရှိအားလုံးတို့ကို ကရုဏာထား၏။ အကြင်နာပွား၏။ တွားသွားသတ္တ၀ါ အသေးစားကလေးများကိုပင် ကရုဏာသက်၏။ မေတ္တာပို့၏။ သတ်ဖြတ်မှု၊ ညှင်းပန်းမှုမှ ရှောင်ကြဉ်၏။
သတ္တ၀ါ တစ်ဦးတစ်ယောက်က အခြားတစ်ယောက်ကို ၀တ်တွားရမည်ဟူသော ဥပဒေသ မရှိပေ။ သို့သော် အားကြီးသူတို့က အားနွဲ့သူကို အကြင်နာမဲ့စွာ သတ်ဖြတ်ကြ၏။ သူ့အသားကို စားသုံးကြ၏။ ဤသည်မှာ တိရစ္ဆာန်စရိုက်ပင် ဖြစ်၏။ ထိုသို့သော တိရစ္ဆာန် အပြုအမူသည် သူတို့အမှုကိုသူတို့ နားမလည်နိုင်သော တိရစ္ဆာန်တို့အတွက် ခွင့်လွှတ်နိုင်စရာ ရှိ၏။ သို့သော် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ရှိသူ၊ နားလည်နိုင်စွမ်း ရှိသူတို့ အလားတူ ပြစ်မှုမျိုး ကျူးလွန်သောအခါ ခွင့်လွှတ်နိုင်စရာ မရှိပေ။ လျှာအရသာ ခံဖို့ဖြစ်စေ၊ ၀ါသနာအလျောက်ဖြစ်စေ သူ့အသက်ကို သတ်ဖြတ်ခြင်း သေစေခြင်းတို့သည် တရားမျှတမှု မရှိပေ။ တိရစ္ဆာန်ကို သတ်ဖြတ်မှုပင် မှားယွင်းသည် ဆိုပါလျှင် ငြိမ်းချမ်းရေးအတွက်၊ ဘာသာရေးအတွက် သို့မဟုတ် အခြား ထင်ရှားသည့် ရည်ရွယ်ချက်ကောင်း တစ်မျိုးမျိုးအတွက် လူတစ်ဦးတစ်ယောက်ကို ဖြစ်စေ၊ လူအစုလိုက် အပြုံလိုက်ကိုဖြစ်စေ ရက်စက်သော သို့မဟုတ် ခေတ်မီသော နည်းစနစ်များဖြင့် သတ်ဖြတ်ခြင်းသည် မည်မျှ စက်ဆုပ်ဖွယ် ကောင်းလိုက်ပါသနည်း။
ရိုးသားမှု၊ စိတ်ချယုံကြည်ရမှုနှင့် ဖြောင့်မတ်မှုတို့သည် သမ္မာဒိဋ္ဌိ ဥာဏ်အမြင်ရှိသူ တစ်ယောက်၏ စရိုက်လက္ခဏာများ ဖြစ်ပေသည်။ ထိုသို့သော ပုဂ္ဂိုလ်သည် မသိသာ မထင်ရှားသော သို့မဟုတ် သိသာထင်ရှားသော ခိုးဝှက်မှု အားလုံးတို့မှ ကြိုးစား၍ ရှောင်ကြဉ်၏။ ချီးမွမ်းအပ်သော လူ့သဘာဝကို အရည်အသွေး လျော့ကျစေသော လိင်ဖောက်ပြန်မှုမှ ရှောင်ကြဉ်၍ ဖြူစင်အောင် ကြိုးစား၏။ ဗြဟ္မစရိယ အကျင့်ကို ကျင့်သုံး၏။ မှားယွင်းသောစကား၊ ကြမ်းတမ်းသောစကား၊ ကုန်းချောသောစကား၊ အကျိုးမဲ့သော စကားတို့ကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏။ မှန်ကန်သော၊ ချိုသာသော၊ ကြင်နာသော၊ အကျိုးဆောင်သော စကားတို့ကိုသာ ပြောဆို၏။ သေရည်နှင့် မူးယစ်ဆေးတို့သည် သတိချွတ်ယွင်းမှု နှင့် စိတ်ဂနာမငြိမ်မှုတို့ကို တိုးပွားစေတတ်သောကြောင့် သေရည်သေရက်ကို ရှောင်ကြဉ်၏။ သတိတရားကို ပြုစုပျိုးထောင်၏။ အမြင်ကြည်လင်အောင် လေ့ကျင့်၏။
ကိုယ်နှုတ် အမူအရာကို ထိန်းညှိပေးသော ဤ အခြေခံ ဥပဒေသတို့သည် နိဗ္ဗာန်လမ်းကို လျှောက်လှမ်းသူတို့အတွက် အရေးကြီးလှ၏။ အဓိကအားဖြင့် ကာယကံမှုနှင့် ၀စီကံမှုတို့ကို ထိန်းချုပ်ပေးနိုင်စွမ်း ရှိသောကြောင့် ဖြစ်ပေသည်။ ထိုဥပဒေသတို့ကို ချိုးဖောက်ခြင်းသည် နိဗ္ဗာန်ရောက်ကြောင်း အကျင့်လမ်း၌ ကိုယ်ကျင့်သီလပိုင်း ဖွံ့ဖြိုးမှု၏ အပိတ်အပင် အတားအဆီးများပင် ဖြစ်၏။ ထိုဥပဒေသတို့ကို လိုက်နာကျင့်သုံးခြင်းသည်ကား နိဗ္ဗာန်ရောက်ကြောင်း အကျင့်လမ်း၌ အဆင်ပြေ ချောမွေ့ဖို့ ပုံမှန်တိုးတက်ဖို့ပင် ဖြစ်ပေသည်။
အကျင့်လမ်း၌ အဆင့်ဆင့် တိုးတက်လာပြီး အားထုတ်သော ယောဂီသည် ဣနြေ္ဒတို့ကို ကြိုးစား၍ ထိန်းချုပ်လေ၏။
ရသတဏှာကို ထိန်းချုပ်ရန်၊ ကိုယ်အရည်အသွေးကိုရော စိတ်အရည်အသွေးကိုပါ မြှင့်တင်နိုင်ရန်အတွက် စားကောင်းသောက်ဖွယ် ရှောင်ကြဉ်မှု သို့မဟုတ် ဥပုသ်သီတင်း စောင့်သုံးမှုကို အနည်းဆုံး တစ်လတစ်ကြိမ် ပြုသင့်၏။ တဏှာ့ကျွန်ဖြစ်အောင် ပြုနိုင်စွမ်းသော ဇိမ်ခံပစ္စည်းများကို အသုံးပြုခြင်းထက် ရိုးရိုးရှင်းရှင်း နေထိုင်ခြင်းက ပို၍ သင့်တော်၏။ ဗြဟ္မစရိယ အကျင့်ကို ကျင့်သုံးသင့်၏။ အဘယ့်ကြောင့်ဆိုသော် ထိုသို့ ကျင့်သုံးခြင်းဖြင့် ထိန်းသိမ်းအပ်သော စွမ်းအင်ကောင်းကို မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ သီလ ပညာ အကျိုးစီးပွားတို့အတွက် အသုံးချရာ ရောက်သောကြောင့် ဖြစ်၏။ ထိုသို့သော ဘ၀မျိုး၌ ရှင်သန်သူသည် ကိုယ်ကျင့်သီလ တိုးတက်မှုကို ဟန့်တားနိုင်သော အစွယ်အပွား လောကီ အနှောင်အဖွဲ့တို့၌ တွယ်တာကပ်ငြိ မနေတော့ပေ။ ဘာသာရေး ခေါင်းဆောင် အားလုံးနီးပါး ခန္ဓာကိုယ်ကို ချွေချွေတာတာ ကျွေးမွေးပြုစုကြသည်၊ ဗြဟ္မစရိယအကျင့်ကို တင်းတင်းကြပ်ကြပ် ကျင့်သုံးကြသည်၊ ရိုးရိုးရှင်းရှင် နေကြသည်၊ စိတ်ဆန္ဒအလျောက် လိုလိုလားလား နွမ်းပါးခြုံးခြံကြသည်၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်ကြသည်ဟု ဆိုနိုင်ပေသည်။
ကာယကံမှု ၀စီကံမှုတို့ကို ထိန်းချုပ်၍ ဣနြေ္ဒကို စောင့်စည်းလျက် ဖြည်းဖြည်းမှန်မှန် တိုးတက်နေစဉ် မြင့်ရာသို့သာ မျှော်မှန်းအားထုတ်သူ၏ ကံစွမ်းသတ္တိသည် ထိုသူ့ကို ကာမဂုဏ်တို့မှ ခွာရှောင်ဖြစ်အောင်၊ ရသေ့ရဟန်း ပြုဖြစ်အောင် တွန်းအားပေးလေတော့၏။ ထိုသူသည် “လူမှုဘ၀ကား ထိခိုက်မှု ရှိ၏၊ ခိုက်ရန်ဒေါသ ရှိ၏၊ ပင်ပမ်းမှု လိုအပ်မှုတို့ ပြည့်နှက်နေ၏၊ အိမ်ယာကို ခွာရှောင်သော ရဟန်းဘ၀ကား လွင်တီးခေါင်ကဲ့သို့ လွပ်လပ်၏”ဟု ထင်မြင်ယူဆလေ၏။
ဤသို့လျှင် ကာမဂုဏ်တို့၏ အနှစ်မဲ့မှုကို နားလည်၍ လောကီပိုင်ဆိုင်မှု အားလုံးတို့ကို စွန့်လွှတ်ကာ ဖန်ဝါသင်္ကန်း ဆင်မြန်းလျက် အလုံးစုံ စင်ကြယ်သော ရဟန်းဘ၀ဖြင့်သာ နေထိုင်လေတော့၏။
နာဒရထေရ် ၏ The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။
No comments:
Post a Comment