Friday, October 29, 2010

The Way to Nibbana (Part 11) - နိဗ္ဗာန်လမ်း (အပိုင်း ၁၁)

တရားရှုမှတ်မှု ကိုယ်ဟန်အနေအထားသည်လည်း သမာဓိရရေးအတွက် တွန်းအားကောင်းသည့် နည်းလမ်းတစ်ခုပင် ဖြစ်၏။ အများအားဖြင့် အရှေ့တိုင်းသားတို့သည် ကိုယ်ကို ဖြောင့်ဖြောင့်ထားလျက် တင်ပလ္လင်ခွေကာ ထိုင်ကြ၏။ ညာဘက်ခြေဖ၀ါးကို ဘယ်ဘက်ပေါင်ပေါ် တင်ထားလျက်၊ ညာဘက်ခြေဖ၀ါးကို ဘယ်ဘက်ပေါင်ပေါ် တင်ထားလျက် ထိုင်ကြ၏။ ဤကား တင်ပလ္လင် အပြည့်ခွေ၍ ထိုင်နည်း ဖြစ်၏။ အများစု ကြုံနေကျအတိုင်း ဤထိုင်နည်းမှာ ခက်ခဲနေပါလျှင် တင်ပလ္လင် တစ်ဝက်ခွေ၍ ထိုင်သင့်၏။ ညာဘက်ခြေဖ၀ါးကိုသာ ဘယ်ဘက်ပေါင်ပေါ်တင်ထားခြင်း သို့မဟုတ် ဘယ်ဘက်ခြေဖ၀ါးကို သာ ညာဘက်ပေါင်ပေါ် တင်ထားခြင်းကို ဆိုလိုပါသည်။ ဤ တြိဂံအောက်ခြေထိုင်နည်းကို လက်ခံကျင့်သုံးနိုင်လျှင် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းစွာ ညီမျှနေပါသည်။ ညာဘက်လက်ဖ၀ါးကို ဘယ်ဘက်လက်ဖ၀ါးပေါ် တင်ထားသင့်၏။ နှာခေါင်း နှင့် ချက် ထောင့်မှန်ကျ ဖြစ်နေအောင် လည်ပင်းကို စင်းထားသင့်၏။ လျှာကို အထက်အာခေါင်မှာ အသာ ကပ်ထားသင့်၏။ ခါးပတ်ကို လျှော့ထားသင့်၏။ အ၀တ်အစားများကို သေသေသပ်သပ် ပြုပြင်ထားသင့်၏။ မလိုလားအပ်သော အလင်းရောင် နှင့် ပြင်ပ အာရုံတို့ကို တားဆီးရန်အတွက် အချို့က မျက်စိမှိတ်ထားကြ၏။

မျက်စိမှိတ်ထားခြင်းသည် အကျိုးရှိသော်လည်း အမြဲတမ်း မျက်စိမှိတ်ထားရမည်ဟု မဆိုလိုပေ။ မျက်စိမှိတ်ထားခြင်းသည် အိပ်ချင်ငိုက်မြည်းမှုကို အားပေးသောကြောင့် ဖြစ်၏။ မျက်စိမှိတ်ထားသောအခါ စိတ်သည် အထိန်းအကွပ် ကင်းသွားပြီး ဦးတည်ရာမဲ့ လှည့်လည်တတ်၏။ စိတ်လေစိတ်လွင့်တို့ ဖြစ်ပေါ်လာတတ်၏။ ထောင်မတ်နေသော ခန္ဓာကိုယ်လည်း လျော့ရဲရဲ ဖြစ်လာတတ်၏။ မသိလိုက် မသိဘာသာ ပါးစပ်သည် အလိုလို ပွင့်လာတတ်၏။ သွားရည် ယိုလာတတ်၏။ ထို့နောက် ခေါင်းညိတ်လေတော့၏။

ဘုရားရှင်သည် အမြင်အာရုံ အကွာအဝေး လေးပေထက် မပိုစေဘဲ နှာခေါင်းဖျားကို ဖြတ်ကျော်၍ မျက်လွှာချကြည့်လျက် ထိုင်တော်မူလေ့ ရှိ၏။

တင်ပလ္လင်ခွေ၍ ထိုင်ရခြင်း၌ အလွန်အကျွံ အခက်တွေ့နေသူတို့သည် အောက်ကြမ်းပြင်ပေါ်မှာ သက်သက်သာသာ ခြေချနိုင်သော အမြင့်ရှိသည့် ကုလားထိုင် သို့မဟုတ် အောက်ခံတစ်ခုခုပေါ်၌ သက်တောင့်သက်သာ ထိုင်နိုင်၏။

လွယ်လွယ်ကူကူ သက်တောင့်သက်သာ ရှိနေလျှင် မည်သည့် ကိုယ်ဟန်အနေအထားကို ယူသည်ဖြစ်စေ အရေးမကြီးလှပေ။

ဝိတက်ဆိုးများကို နှိမ်နှင်းနည်း

စိတ်တည်ငြိမ်မှု ရရှိအောင် ကြိုးစားနေသူ တရားလိုလားသော ယောဂီသည် အကုသိုလ် အကြံဆိုးများ ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိန်းချုပ်နိုင်အောင် ကြိုးပမ်းသင့်၏။

ထိုယောဂီသည် သုတ္တနိပါတ် ပါဠိတော်၌ လာရှိသည့်အတိုင်း မာရ်စစ်သည် ဆယ်မျိုးနှင့် ရင်ဆိုင်ရနိုင်၏။ မာရ်စစ်သည် (၁၀)မျိုးမှာ (၁) ကာမဂုဏ်၌ တပ်မက်ခြင်း (ကာမ)၊ (၂) စိတ်ပျက်ငြီးငွေ့ခြင်း (အရတိ)၊ (၃) ဆာလောင်မွတ်သိမ့်ခြင်း (ခုပ္ပိပါသ)၊ (၄) ဆာလောင်သည့်အရာကို ရှာမှီးခြင်း (တဏှာ)၊ (၅) အိပ်ချင်ငိုက်မြည်းခြင်း (ထိနမိဒ္ဓ)၊ (၆) ကြောက်လန့်ခြင်း (ဘယ)၊ (၇) ယုံမှားတွေဝေခြင်း (၀ိစိကိစ္ဆာ)၊ (၈) သူ့ကျေးဇူးကို ချေဖျက်ခြင်း ခက်ထန်ခြင်း (မက္ခ ပဠာသ)၊ (၉) မဟုတ်မမှန် လုပ်ကြံ၍ ရအပ်သော လာဘ်လာဘ ချီးမွမ်းမှု ပူဇော်မှု ကျော်စောမှု (လာဘ သက္ကာရ သိလောက မိစ္ဆာလဒ္ဓ) နှင့် (၁၀) ကိုယ့်ကိုမြှောက်ခြင်း သူ့ကိုနှိမ်ခြင်း (အတ္တုက္ကံသန-ပရ၀မ္ဘန)တို့ ဖြစ်၏။

ထိုသို့ မာရ်စစ်သည်များနှင့် ရင်ဆိုင်ရသောအခါ ဘုရားရှင်၏ လက်တွေ့အသုံးဝင်သော အကြံပေးချက်များသည် အားလုံးအတွက် အကျိုးရှိ၏။ ၎င်းတို့မှာ -
၁။ ၀င်ရောက်လာသော အတွေးအကြံဆိုး၏ ဆန့်ကျင်ဘက်ဖြစ်သော ကောင်းမြတ်သော အတွေးအကြံကို မွေးမြူခြင်း၊ ဥပမာ - ဒေါသအတွက် မေတ္တာ၊
၂။ ဖြစ်လာမည့် အကုသိုလ်၏ ဆိုးကျိုးကို ဆင်ခြင်ခြင်း၊ ဥပမာ - ဒေါသသည် သတ်ဖြတ်မှုကို ဖြစ်စေနိုင်၏၊
၃။ အတွေးဆိုးကို မျက်ကွယ်ပြုခြင်း၊ သို့မဟုတ် လုံးဝ အာရုံမစိုက်ခြင်း၊
၎။ အတွေးဆိုးတို့ ဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းကို ခြေရာခံ၍ အပြန်အားဖြင့် အတွေးဆိုးတို့ကို မေ့ပျောက်စေခြင်း၊
၅။ တိုက်ရိုက် ကာယအား စိုက်ထုတ်ခြင်းတို့ ဖြစ်၏။

အားနည်းသူကို အားကြီးသူက အနိုင်ယူသကဲ့သို့ အတွေးဆိုးတို့ကို ကာယစွမ်းအားဖြင့် အနိုင်ယူသင့်၏။ “ရဟန်းသည် သွားတို့ဖြင့် သွားကို ကြိတ်၍ (အံကြိတ်၍)၊ လျှာဖြင့် အာစောက်ကို ထိလျက် (တောက်ခေါက်လျက်) စိတ်ဖြင့် စိတ်ကို ဖိနှိပ်ရမည်။ ဖျစ်ညှစ်ရမည်။ ပင်ပမ်းစေရမည်။ သွားတို့ဖြင့် သွားကို ကြိတ်၍၊ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို နှိပ်သော ဖျစ်ညှစ်သော ပင်ပမ်းစေသော ရဟန်းအား ရာဂ ဒေါသ မောဟနှင့် ယှဉ်စပ်သော ယုတ်ညံ့သော အကုသိုလ် အကြံအစည်တို့သည် ကင်းပျောက်ကုန်၏။ ချုပ်ခြင်းသို့ ရောက်ကုန်၏။ ထိုအကြံအစည်တို့ကို ပယ်ခြင်းကြောင့် မိမိသန္တာန်၌သာလျှင် စိတ်သည် ကောင်းစွာ တည်၏။ ကောင်းစွာ ငြိမ်ဝပ်၏။ တစ်ခုတည်းသော အာရုံ ရှိ၏။ တည်တံ့လေ၏။”ဟု ဘုရားရှင် ဟောတော်မူသည်။

လိုအပ်သည့် ပရိကံများကို ဆောင်ရွက်ပြီးသောအခါ အရည်အချင်း ပြည့်ဝသော ယောဂီသည် ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်၏။ အောင်မြင်ပြီးမြောက် ပန်းတိုင်ရောက်ရေးမှာ သေချာ၏ဟု ယုံကြည်ချက်ကို လှုံ့ဆော်မြှင့်တင်ကာ သမာဓိ တိုးပွားရေးအတွက် ခိုင်မြဲသော ၀ီရိယ အားအစွမ်းကို စိုက်ထုတ်ကြိုးပမ်း၏။

ကသိုဏ်းဝန်း နိမိတ်ကဲ့သို့ အထည်ကိုယ်ဒြပ်ရှိသော သမထအာရုံသည် သမာဓိ ဖြစ်ရုံသာ ထောက်ပံ့ပေး၏။ မေတ္တာကမ္မဋ္ဌာန်း ကဲ့သို့သော အလေ့အထကောင်းသည်ကား အားထုတ်သူ၏ စရိုက်၌ ထူထောင်အပ်သော တိကျသည့် အကျိုးတရားကို ဖြစ်ထွန်းစေ၏။

အားထုတ်ရှုမှတ်နေစဉ် သက်ဆိုင်ရာ ကမ္မဋ္ဌာန်းအတွက် ရည်ရွယ်၍ စီမံထားသည့် စကားလုံးတို့ကို စိတ်ဖြင့် ရွတ်ဆိုနိုင်ပါသည်။ (ပထ၀ီကသိုဏ်းကို ရှုမှတ်စဉ် “ပထ၀ီ၊ ပထ၀ီ”ဟု စိတ်ဖြင့် ရေရွတ်ခြင်းမျိုးကို ဆိုလို၏။ ဘာသာပြန်ဆိုသူ) အဆိုပါ စကားလုံးတို့ဖြင့် ကိုယ်စားပြုထားသော တရားသဘောကို ထင်မြင်လာအောင် ထောက်ပံ့ပေးနိုင်သောကြောင့် ဖြစ်ပါသည်။

အားထုတ်သူ ယောဂီသည် အရှုခံ သမထအာရုံပေါ်၌ မည်သို့ပင် စူးစိုက်ထားသည်ဖြစ်စေ အားထုတ်ခါစ ယောဂီတို့ ကြုံတွေ့ရမြဲဖြစ်သော အစပိုင်း အခက်အခဲများကို မရှောင်လွှဲနိုင်ပါ။ “စိတ်ပျံ့လွင့်၏။ ဆန့်ကျင်ဘက်အတွေးများ သူ့ရှေ့မှာ ခုန်ပေါက်နေ၏။ တိုးတက်မှု တုံ့ဆိုင်းနေသောကြောင့် သူ စိတ်မရှည်နိုင်တော့။ အကျိုးဆက် အနေဖြင့် သူ၏ ၀ီရိယ လျော့ရဲရဲ ဖြစ်လာ၏။” ဆုံးဖြတ်ချက် ခိုင်မာသည့် ယောဂီတို့သာလျှင် ဤ အခက်အခဲများကို ကြိုဆို ရင်ဆိုင်နိုင်၏။ ထိုသို့သော ယောဂီသည် အခက်အခဲများကို ထွင်းဖောက်ကာ ရည်ရွယ်ရာ ပန်းတိုင်ကိုသာ တည့်တည့်ကြည့်၏။ အခိုက်အတန့်ကလေးမျှပင် ပန်းတိုင်ကို မျက်ခြေအပြတ် မခံတော့ပေ။

နာဒရထေရ်   The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

No comments:

Post a Comment