Sunday, October 24, 2010

The Way to Nibbana (Part 10) - နိဗ္ဗာန်လမ်း (အပိုင်း ၁၀)

နိဗ္ဗာန်လမ်း ()

သမထ
“လာဘ်ရကြောင်း အကျင့်သည် တစ်မျိုးတစ်ခြားတည်း။ နိဗ္ဗာန်ရကြောင်း အကျင့်သည် တစ်မျိုးတစ်ခြားတည်း။” (ဓမ္မပဒ)

တည်ကြည်စူးစိုက်မှု (သမာဓိ)
သီလအခြေခံကို လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ပြီး တစ်ဆင့်တက်၍ မြင့်မြတ်လိုသူသည် မြင့်မြတ်မှု ၀ိသုဒ္ဓိ၏ ဒုတိယအဆင့်ဖြစ်သော၊ ပို၍ မြင့်မြတ်သော သမာဓိအကျင့်ကို ဆက်လက်ကျင့်သုံး၏။ စိတ်ကို ထိန်းချုပ်၏။ ပြုစု ပျိုးထောင်၏။

သမာဓိဟူသည် အာရုံတစ်ခုတည်း၌ စိတ်စိုက်တည်နေခြင်း ဖြစ်၏။ အခြား အရာအားလုံးကို ဖယ်ထား၍ အာရုံတစ်ခု အပေါ်၌ စိတ်ကို စူးစိုက်ထားခြင်း ဖြစ်၏။

သမထအာရုံများ
ဗုဒ္ဓဘာသာ အလိုအရ ကျင့်သုံးသူ၏ စရိုက်နှင့် လျော်ညီစွာ ကွဲပြားခြားနားသော သမထအာရုံ (ကမ္မဋ္ဌာန်း) လေးဆယ် ရှိ၏။
၎င်းတို့မှာ
(က)    ၁။ ပထ၀ီကသိုဏ်း၊ ၂။ အာပေါကသိုဏ်း၊ ၃။ တေဇောကသိုဏ်း၊ ၄။ ၀ါယောကသိုဏ်း၊ ၅။ နီလကသိုဏ်း၊ ၆။ ပီတကသိုဏ်း၊ ၇။ လောဟိတကသိုဏ်း၊ ၈။ သြဒါတကသိုဏ်း၊ ၉။ အာလောကကသိုဏ်း၊ ၁၀။ အာကာသကသိုဏ်းဟူသော ကသိုဏ်းဆယ်မျိုး၊
()      ၁။ ဖူးဖူးရောင်သည့် သူသေကောင် (ဥဒ္ဓုမာတက) ၂။ အဆင်းပျက်နေသည့် သူသေကောင်း၊ ၃။ ယိုစီးပုတ်ပွနေသည့် သူသေကောင် (၀ိပုဗ္ဗက) ၄။ နှစ်ပိုင်းပြတ်နေသည့် သူသေကောင် (၀ိစ္ဆိဒ္ဒက) ၅။ ခွေး ငှက်တို့ ခဲစားအပ်သော သူသေကောင် (၀ိက္ခာယိတက) ၆။ တစ်စစီ ပစ်ချအပ်သော သူသေကောင် အပိုင်းအစများ (၀ိက္ခိတ္တက) ၇။ လက်နက်ဖြင့် ခုတ်ပိုင်း၍ ပစ်ချအပ်သော သူသေကောင် အပိုင်းအစများ (ဟတ၀ိက္ခိတ္တက) ၈။ သွေးအလိမ်းလိမ်း ပေကျံနေသည့် သူသေကောင် (လောဟိတက) ၉။ ပိုးလောက်တို့ ပြည့်လျှံနေသည့် သူသေကောင် (ပုဠုဝက) နှင့် ၁၀။ အရိုးစု (အဋ္ဌိက)ဟူသော မတင့်တယ် မစင်ကြယ်မှု (အသုဘ) ဆယ်မျိုး၊
()      ၁။ ဘုရားဂုဏ် (ဗုဒ္ဓါနုဿတိ) ၂။ တရားဂုဏ် (ဓမ္မာနုဿတိ) ၃။ သံဃာ့ဂုဏ် (သံဃာနုဿတိ) ၄။ သီလကျေးဇူး (သီလာနုဿတိ) ၅။ စွန့်ကြဲမှုအကျိုး (စာဂါနုဿတိ) ၆။ နတ်တို့၏ဂုဏ် (ဒေ၀တာနုဿတိ) ၇။ ငြိမ်းအေးမှုဂုဏ် (ဥပသမာနုဿတိ) ၈။ သေခြင်းတရား (မရဏဿတိ)တို့ကို အသီးသီး အာရုံပြုမှုဟူသော အာရုံပြုမှု ရှစ်မျိုး၊ ၉။ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ရှုမှတ်ခြင်း (ကာယဂတာသတိ) နှင့် ၁၀။ ၀င်လေထွက်လေကို ရှုမှတ်ခြင်း (အာနာပါနဿတိ)ဟူသော အနုဿတိဆယ်မျိုး၊
()    ချစ်ခင်ခြင်း (မေတ္တာ) သနားခြင်း (ကရုဏာ) ၀မ်းမြောက်ခြင်း (မုဒိတာ) နှင့် အညီအမျှရှုခြင်း (ဥပေက္ခာ)ဟူသော ကန့်သတ်ချုပ်ခြယ်မှု မရှိသော နေခြင်းလေးမျိုး သို့မဟုတ် ဗြာဟ္မ၀ိဟာရလေးမျိုး၊
()      တစ်ခုတည်းသော သညာ၊ ဆိုလိုသည်မှာ စားသောက်ဖွယ်ရာ အာဟာရကို စက်ဆုပ်ဖွယ်ဟု မှတ်ယူမှုသညာ (အာဟာရေပဋိကူလသညာ)
()      ခွဲခြမ်းစိတ်ဖြာ နားလည်မှုတစ်မျိုး၊ ဆိုလိုသည်မှာ ဓာတ်လေးပါးကို ခွဲခြမ်းစိတ်ဖြာ နားလည်ခြင်း (စတုဓာတု၀၀တ္ထာန)
()    အဆုံးမဲ့ အာကာသအာရုံ (အာကာသာနဉ္စာယတန) အဆုံးမဲ့ ၀ိညာဏ်အာရုံ (၀ိညာနဉ္စာယတန) သညာကင်းဆိတ်မှုအာရုံ (အာကိဉ္စညာယတန) နှင့် သညာရှိသည်လည်းမဟုတ် သညာကင်းသည်လည်း မဟုတ်သောအာရုံ (နေ၀သညာနာသညာယတန)ဟူသည် အရူပဈာန်လေးမျိုးတို့ ဖြစ်ပေသည်။

စရိုက်အမျိုးမျိုး နှင့် လျော်ရာရာ သမထအာရုံများ
ကျမ်းစာများ အဆိုအရ အသုဘဆယ်မျိုးနှင့် သုံးဆယ့်နှစ်ကောဋ္ဌာသ ကဲ့သို့သော ကာယဂတာသတိ ကမ္မဋ္ဌာန်းတို့သည် အာရုံဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို စက်ဆုပ်ရွံရှာစေတတ်သောကြောင့် လောဘစရိုက် ရှိသူများနှင့် သင့်လျော်၏။ ဗြဟ္မ၀ိဟာရလေးမျိုးနှင့် အရောင်အဆင်း ကသိုဏ်းလေးမျိုးတို့သည် ဒေါသစရိုက်ရှိသူများနှင့် သင့်လျော်၏။ ဘုရားဂုဏ်ကို အောက်မေ့မှု စသည်တို့မှာ သဒ္ဓါစရိုက်ရှိသူများနှင့် သင့်လျော်၏။ မရဏဿတိ ဥပသမာသတိ နှင့် အစာအာဟာရကို စက်ဆုပ်ဖွယ်ဟု ရှုမှတ်မှု အာဟာရပဋိကူလသညာတို့သည် (ပညာ)ဗုဒ္ဓိစရိုက် ရှိသူတို့နှင့် သင့်လျှော်၏။ ကြွင်းသော သမထအာရုံများသည်၊ အဓိကအားဖြင့် ဗုဒ္ဓါနုဿတိ မေတ္တာကမ္မဋ္ဌာန်း ကာယဂတာသတိ နှင့် မရဏဿတိတို့သည် စရိုက်ခွဲခြားမှု မရှိဘဲ အားလုံးနှင့် သင့်လျှော်၏။

စရိုက်ခြောက်မျိုး
စရိုက်(စရိတ) ခြောက်မျိုးရှိ၏။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပေသည်။
၁။ ရာဂစရိုက် (ရာဂစရိတ)
၂။ ဒေါသစရိုက် (ဒေါသစရိတ)
၃။ မောဟစရိုက် (မောဟစရိတ)
၎။ သဒ္ဓါစရိုက် (သဒ္ဓါစရိတ)
၅။ ဗုဒ္ဓိစရိုက် (ဗုဒ္ဓိစရိတ)
၆။ ၀ိတက်စရိုက် (၀ိတက္ကစရိတ)

“စရိုက်”ဟူသည် တစ်ဦးတစ်ယောက်၏ အလွန်ထူးခြားသော ပင်ကိုယ်အခြေခံ သဘာဝပင် ဖြစ်၏။ ထို ပင်ကိုယ်သဘာဝသည် တစ်စုံတစ်ရာ လွှမ်းမိုးမှု မရှိသည့် ပကတိ အခြေအနေ၌ ပေါ်လွင်၏။ အပြုအမူ သို့မဟုတ် အကြောင်းကံ အမျိုးမျိုး ကွဲပြားမှုကြောင့် သတ္တ၀ါတို့၏ စရိုက်များလည်း အမျိုးမျိုး ကွားပြားကြ၏။ ပြုနေကျ အမူအရာတို့သည် သီးခြားစရိုက်များ ဖြစ်လာကြ၏။

တစ်ဦးတစ်ယောက်၏ သန္တာန်၌ တပ်မက်မှု သို့မဟုတ် ရာဂစရိုက် (ရာဂစရိတ) ရှိနေစဉ် တစ်ခြားသူတို့ သန္တာန်၌ အမုန်း ရန်ငြိုး စိတ်ဆိုးဒေါသ သို့မဟုတ် ဒေါသစရိုက် (ဒေါသစရိတ) ရှိနေ၏။ လူများစုသည် အုပ်စုနှစ်ခုတွင် အကျုံးဝင်၏။ အသိဥာဏ် ကင်းမဲ့သူ၊ အနည်းနှင့်အများ မိုက်မဲတွေဝေသူ တစ်ချို့လည်း ရှိ၏ (မောဟစရိတ) စိတ်အပြောင်းအလဲများသူ၊ တစ်ခုခုအပေါ်မှာ သီးခြား အာရုံမစိုက်နိုင်သူ (၀ိတက္ကစရိတ)တို့သည် ပညာမဲ့သူနှင့် အလားတူ၏။ ပင်ကိုယ်သဘာဝအားဖြင့် အချို့က ထူးထူးခြားခြား သဒ္ဓါတရား (သဒ္ဓါစရိတ) အားကောင်းကြပြီး အချို့က ထူးထူးခြားခြား ပညာဥာဏ် ကြီးမားကြ၏ (ဗုဒ္ဓိစရိတ)

စရိုက်ခြောက်မျိုးကို အပြန်အလှန် တွဲစပ်လိုက်သောအခါ (၆၃)မျိုး ရ၏။ မှန်းဆ ထင်မြင်မှု ဒိဋ္ဌိစရိုက်ကိုပါ ထည့်သွင်းလျှင် (၆၄)မျိုး ရ၏။

သမထအာရုံတို့ကို စရိုက်အမျိုးမျိုး၊ ပုဂ္ဂိုလ် အမျိုးမျိုးတို့နှင့် လျှော်ညီစွာ အမျိုးမျိုး ပြောင်းလဲကျင့်သုံးရ၏။

သမထအကျင့်
တရားလိုလားသော ယောဂီသည် သမာဓိ မထူထောင်မီ ရှေးဦးစွာ သမထအာရုံကို သတိထား၍ ရွေးခြယ်ဆုံးဖြတ်သင့်၏။ ရှေးအခါကဆိုလျှင် စရိုက်နှင့် လျော်ညီသည့် သမထအာရုံကို ရွေးခြယ်ပေးသည့် ကျွမ်းကျင်လိမ္မာသော ဆရာ၏ လမ်းညွှန်မှုကို ရှာဖွေရခြင်းသည် ယောဂီတပည့်တို့၏ ထုံးစံဖြစ်၏။ သို့သော် ယနေ့ခေတ်၌ ကျွမ်းကျင်လိမ္မာသော ဆရာကို ရှာမရနိုင်ပါလျှင် တရားလိုလားသူသည် ကိုယ်တိုင် ဆုံးဖြတ်တတ်အောင် လေ့ကျင့်ထားရပေမည်။ ကိုယ့်စရိုက်နှင့် လျော်ညီသည်ဟု ယူဆရသော အာရုံတစ်ခုခုကို ရွေးခြယ်ရပေမည်။

ကမ္မဋ္ဌာန်း တစ်ခုခုကို ရွေးခြယ်ပြီးသောအခါ နှောင့်အယှက် အဟန့်အတား အနည်းပါးဆုံးဖြစ်သော ဆိတ်ငြိမ်ရာ အရပ်သို့ ချဉ်းကပ်သင့်၏။ တောတောင် လိုဏ်ဂူ သို့မဟုတ် လူသူကင်းဆိတ်ရာ နေရာမျိုး ဖြစ်သင့်၏။ ထိုနေရာမျိုး၌ တရားအားထုတ်နေစဉ် ကြားဝင်နှောင့်ယှက်မှုများ ဖြစ်နိုင်ခြေ အနည်းဆုံး ဖြစ်သောကြောင့်တည်း။

ကင်းဆိတ်မှု ၀ိဝေကသဘောသည် မိမိ၏ အဇ္ဈတ္တကို မှီတည်ကြောင်း နားလည်ထားသင့်၏။ စိတ်ကို အနည်ထိုင် အခြေကျအောင် မတည်ဆောက်နိုင်လျှင် တိတ်ဆိတ်သော တောတောင်သည်ပင် သင့်တော်သောအရပ် မဖြစ်နိုင်ပေ။ စိတ်ကို ငြိမ်အောင်ထိမ်းနိုင်လျှင် ရှုပ်ထွေးသော မြို့လယ်ခေါင်သည်ပင် အဆင်ပြေသော ဒေသ ဖြစ်နိုင်၏။ စိတ်ကို ငြိမ်အောင် ထိမ်းရာ၌ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်သည် သွယ်ဝိုက်၍ အထောက်အပံ့ ပေး၏။

ထိုနောက် တရားလိုလားသော ယောဂီသည် မိမိနှင့် မိမိ၏ ပတ်ဝန်းကျင်အတွက် အဆင်ပြေသော၊ အားထတ်ရန် အသင့်တော်ဆုံး ဖြစ်သော အချိန်ကို ရွေးခြယ်ဆုံးဖြတ်ရန် ဖြစ်သည်။

စိတ်ဓာတ် လန်းဆန်းတက်ကြွနေခိုက်ဖြစ်သော နံနက်စောစောအချိန်၊ အလွန်အကျွံ ပင်ပမ်းမနေဘူး ဆိုပါလျှင် ညအိပ်ယာဝင်ချိန်တို့သည် ယေဘုယျအားဖြင့် တရားအားထုတ်ရန် အသင့်တော်ဆုံးအချိန်ပင် ဖြစ်၏။ သို့သော် မည်သည့်အချိန်ကို ရွေးခြယ်သည်ဖြစ်စေ သတ်မှတ်ထားသော အချိန်မှာ နေ့စဉ်နေ့တိုင်း မှန်မှန်စောင့်ထိန်း၍ ကျင့်သင့်၏။ သို့မှသာ တရားအလုပ်၌ စိတ်စွဲလာပေလိမ့်မည်။

နာဒရထေရ်   The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

No comments:

Post a Comment