Sunday, September 19, 2010

The Way to Nibbana (Part 4) နိဗ္ဗာန်လမ်း (အပိုင်း ၄)

မေတ္တာတရား ကျင့်သုံးနည်း

ဤမေတ္တာကမ္မဋ္ဌာန်း ကျင့်သုံးရေးအတွက် လက်တွေ့ အသုံးတည့်သည့် အကြံပြုချက် အချို့ကိုသာ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

မိမိကိုယ်ကို ရှေးဦးစွာ မေတ္တာပွားသင့်၏။ ကိုယ့်ကိုယ်ကိုယ် မေတ္တာပွားရာ၌ ပျော်ရွင် ငြိမ်းချမ်းဖွယ်ရာ အပြုသဘောဆောင်သည့် စိတ်ကူးများထဲ၌ ကိုယ်ရောစိတ်ပါ နှစ်မြှုတ်ထားသင့်၏။ မည်သို့မည်ပုံ ငြိမ်းချမ်းနိုင်မည်၊ မည်သို့မည်ပုံ ပျော်ရွှင်နိုင်မည်၊ မည်သို့မည်ပုံ ဒုက္ခ သောက ဒေါသတို့မှ လွတ်မြောက်နိုင်မည်တို့ကို တွေးကြံစဉ်းစားသင့်၏။ အားထုတ်သူသည် ဒေါသဖြစ်ခွင့်မရအောင် နေနည်းကို လေ့လာမိပြီး ထိုသို့နေတတ်အောင်လည်း ကြိုးစားလာ၏။ သူသည် ရက်စက်ကြမ်းကြုတ်သည့် ပတ်ဝန်းကျင် လှုပ်ခပ်မှု လှိုင်များနှင့် အန္တရာယ်ဖြစ်စေနိုင်သော အတွေးတို့ကို မေတ္တာဖြင့် ဖယ်ရှားပစ်၏။ အကုသိုလ်ကို ကုသိုလ်ဖြစ်အောင် ဒေါသကို အဒေါသဖြစ်အောင် ပြောင်းပြန်လှန်ပစ်၏။ သည်းခံတတ်လာ၏။ မည်သူ့အပေါ်မှ ဒေါသ မဖြစ်မိအောင် အစွမ်းကုန် ကြိုးစားလာ၏။ နေ့စဉ်ဘ၀၌ မေတ္တာတရားကို ကျင့်သုံးခြင်းဖြင့် သူကိုယ်တိုင် ပြုံးပျော်လျက် သူတစ်ပါးကိုလည်း ရွှင်ပြုံးစေကာ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ ပျော်ရွှင်မှုများ ပြန့်နှံ့စေ၏။

မေတ္တာပွားသူသည် အပြည့်အ၀ ငြိမ်းချမ်း၍ အမုန်းတရား ကင်းစင်လာသောအခါ သူတစ်ပါးထံသို့ မေတ္တာပို့လွှတ်ရန် လွယ်ကူ၏။ သူမပိုင်ဆိုင်သော အရာကို သူတစ်ပါးထံသို့ မပေးပို့နိုင်ပေ။ သူတစ်ပါးကို ပျော်ရွှင်အောင် မလုပ်ဆောင်မီ ရှေးဦးစွာ သူကိုယ်တိုင် ပျော်ရွှင်နိုင်ရပေမည်။ သူ့ကိုယ်သူ ပျော်ရွှင်အောင် လုပ်နည်းကိုင်နည်းများကို သိထားသင့်ပေ၏။

ထို့နောက် မေတ္တာပွားသူသည် ချစ်ခင်နှစ်သက် အပ်သူများထံသို့ မေတ္တာပို့လွှတ်၏။ စုပေါင်း၍ အားလုံးထံသို့လည်းကောင်း၊ တစ်ဦးစီ တစ်ယောက်စီ ထံသို့လည်းကောင်း မေတ္တာပို့လွှတ်၏။ ချစ်နှစ်သက်အပ်သူများ ငြိမ်းချမ်းပျော်ရွှင်ကြစေရေး၊ ဆင်းရဲဒုက္ခ ရောဂါဘယ စိုးရိမ်သောက စိတ်ဆိုးဒေါသတို့မှ ကင်းဝေးကြစေရေး ဆန္ဒပြုလျက် မေတ္တာပို့သ၏။

ဆွေမျိုးနှင့် မိတ်ဆွေတို့ထံသို့ မေတ္တာဖြန့်ကျက်ပြီးနောက် သာမန်ပုဂ္ဂိုလ်များထံသို့လည်း မေတ္တာဓာတ်များ ပို့လွှတ်၏။ ချစ်ခင်နှစ်သက် သူများအပေါ် မေတ္တာစိတ် ထားရှိသကဲ့သို့ပင် သာမန်ပုဂ္ဂိုလ်တို့ ပျော်ရွှင်ငြိမ်းချမ်းရေး အတွက်လည်း အစစ်အမှန်ပင် ဆန္ဒရှိ၏။ ထိုပုဂ္ဂိုလ်များ ငြိမ်းချမ်း ပျော်ရွှင်ကြစေရေး၊ ဆင်းရဲဒုက္ခ ရောဂါဘယ စိုးရိမ်သောက စိတ်ဆိုးဒေါသတို့မှ ကင်းဝေးကြစေရေး ဆန္ဒပြုလျက် မေတ္တာပို့သ၏။ အနည်းငယ် ခက်ခဲသည့်ကိစ္စ ဖြစ်သော်လည်း နောက်ဆုံး၌ မလိုလားအပ်သူများ (ရှိခဲ့လျှင်) ထံသို့လည်း အလားတူပင် မေတ္တာပို့သင့်၏။ မေတ္တာတရားကို ကျင့်သုံးခြင်းဖြင့် မလိုလားအပ်သူဟု ယူဆထားသူများ အပေါ်၌ မိတ်ဆွေစိတ် ထားရှိနိုင်ခဲ့လျှင် မေတ္တာရှင်၏ အောင်မြင်မှုသည် ပို၍ ကြီးမြတ်၏။ ချီးလည်း ချီးကျူးထိုက်၏။ အဘယ့်ကြောင့်ဆိုသော် ရန်လိုမုန်းထားသူတို့ အလယ်၌ ရန်လိုအမုန်း ကင်းစင်စွာ နေထိုင်နိုင်ရေး ဘုရားရှင် ဟောကြားတော် မူခဲ့သောကြောင့် ဖြစ်ပေသည်။

မိမိကိုယ်ကို အစပြု၍ ဘာသာဝါဒ အသားရောင် သို့မဟုတ် လိင် မခွဲခြားဘဲ၊ သနားစဖွယ် သတ္တ၀ါတို့ကိုပါ ပါဝင်စေလျက်၊ မိမိကိုယ်ကို သတ္တ၀ါ အားလုံးတို့နှင့် ထပ်တူပြုနိုင်သည့်တိုင်အောင်၊ မည်သို့သော ခွဲခြားမှုကိုမျှ မပြုဘဲ သတ္တ၀ါ အားလုံးထံသို့ မေတ္တာဖြန့်ကျက်သင့်၏။ မေတ္တာရှင်သည် စကြ၀ဠာဖွဲ့စည်းမှု တစ်ခုလုံးထဲသို့ ပေါင်းစည်းပျော်ဝင် သွား၏။ အားလုံးနှင့် တစ်သားတည်း ဖြစ်သွား၏။ တစ်ကိုယ်ကောင်းစိတ်၏ လွှမ်းမိုးမှုကို မခံရတော့ပေ။ ခွဲခြားမှုဝါဒ၏ အသွင်သဏ္ဌာန် အားလုံးကို လွန်မြောက်၏။ သီးခြားအခန်းထဲ၌ ကိုယ့်ကိုယ်ကိုယ် လှောင်ပိတ်မထားတော့ပေ။ အမျိုးဇာတ် အတန်းအလွှာ နိုင်ငံရေး လူမျိုးရေး သို့မဟုတ် ဘာသာရေး အယူစွဲမှုတို့၏ သြဇာလွှမ်းမိုးမှုကို မခံရတော့ပေ။ တစ်လောကလုံးကို မိခင်နိုင်ငံအဖြစ် မှတ်ယူနိုင်၏။ ဘ၀ပင်လယ် အတွင်းရှိ သတ္တ၀ါ အားလုံးတို့ကို အပေါင်းအဖော်အဖြစ် သတ်မှတ်နိုင်၏။

ကရုဏာ

လူကို သိမ်မွေ့စေသော ဒုတိယ သူတော်ကောင်းတရားမှာ သနားကြင်နာမှု (ကရုဏာ) ဖြစ်ပေသည်။ တစ်ပါးသူတို့ ဒုက္ခရောက်ရသောအခါ နှလုံးသားကို တုန်လှုပ်ခံစားစေတတ်သော တရားအဖြစ် ထိုကရုဏာကို ဖွင့်ဆိုအပ်၏။ သို့မဟုတ် သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို ချုပ်ငြိမ်းစေသော တရားပင်ဖြစ်၏။ ကရုဏာ၏ ၀ိသေသလက္ခဏာမှာ သူတစ်ပါးတို့၏ ပူဆွေးသောကကို ဖယ်ရှားပေးလိုခြင်း ဖြစ်၏။

ကရုဏာရှင်တို့၏ နှလုံးသားသည် ပန်းထက်နူးညံ့၏။ ထိုသူတို့သည် တစ်ပါးသူ၏ ဆင်းရဲဒုက္ခကို ဖြေလျှော့မပေးနိုင်မချင်း အားရကျေနပ်စွာ အနားမယူကြ။ အနားလည်း မယူနိုင်ပေ။ တစ်ခါတစ်ရံ သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို ဖြေဖျောက်ရန် အလို့ငှာ အသက်ကိုပင် စတေးကြလေ၏။ အစာရေစာ ပြတ်လပ်နေသော ကျားမနှင့် ကျားငယ်တို့ကို ကယ်တင်ရန်အတွက် ဘုရားလောင်း အသက်စွန့်တော်မူခဲ့သော ဗျ ဂ္ဃိ ဇာတ်တော်ကို သာဓကအဖြစ် ထုတ်ဆောင်ပြနိုင်ပေသည်။

ပရဟိတစိတ်ဓာတ်ဖြင့် သူတစ်ပါးအတွက် သက်စွန့်ကြိုးပမ်း ထမ်းရွက်ဖြစ်အောင် တွန်းအားပေးသည်မှာ ကရုဏာပင် ဖြစ်ပေသည်။ အစစ်အမှန် ကရုဏာ ပြည့်ဝသူသည် သူ့အတွက် အသက်ရှင်နေသည် မဟုတ်။ သူတစ်ပါးအတွက် အသက်ရှင်နေ၏။ ကရုဏာရှင်သည် အတုံ့အလှည့် မျှော်လင့်မထားဘဲ၊ ကျေးဇူးတင်ခံရမည်ကိုပင် မမျှော်လင့်ဘဲ သူတစ်ပါးကို အလုပ်အကျွေးပြုရန် အခွင့်ရှာနေတတ်၏။

မည်သူ့ကို ကရုဏာပွားအပ်သနည်း

ကျွနိုပ်တို့ ပတ်ဝန်းကျင်၌ ကရုဏာပွားထိုက်သူ များစွာရှိ၏။ မည်သည့်ဘာသာကို ယုံကြည်ကိုးကွယ်သည်ဖြစ်စေ မည်သည့်မျိုးနွယ်မှ ပေါက်ဖွားလာသည်ဖြစ်စေ ဆင်းရဲသူ မပြည့်စုံသူ နာမကျန်းသူ ကူကယ်ရာမဲ့သူ အထီးကျန်သူ ခိုးကိုးရာမဲ့သူ ဥာဏ်ပညာမဲ့သူ ဆိုးသွမ်းသူ မစင်ကြယ်သူ စည်းကမ်းမရှိသူတို့သည် ကြင်နာတတ်သော မြင့်မြတ်သော ယောက်ျားမိန်းမတို့၏ သနားကရုဏာကို တောင်းခံနေကြသူ တစ်ချို့ပင် ဖြစ်၏။

တစ်ချို့နိုင်ငံများ ရုပ်ဝတ္ထု ချမ်းသာ၍ နာမ်ပိုင်းဆိုင်ရာ ချို့တဲ့နေကြ၏။ တစ်ချို့နိုင်ငံများ နာမ်ပိုင်းဆိုင်ရာ ကြွယ်ဝ၍ ရုပ်ဝတ္ထုပိုင်း၌ ဆင်းရဲနေကြ၏။ သနားစဖွယ် ဤအခြေအနေ နှစ်မျိုးလုံးကို ရုပ်ပိုင်းမှာရော နာမ်ပိုင်းမှာပါ ကြွယ်ဝသူတို့က ငဲ့ညှာရပေမည်။

ကံအကြောင်း မလှ၍ ဘ၀လိုအပ်ချက် မြောက်များစွာ ချို့တဲ့နေကြသူ လူဆင်းရဲတို့ကို ရိုင်းပင်းရေးမှာ ကြွယ်ဝသူတို့၏ အရေးအကြီးဆုံး တာဝန် ဖြစ်ပေသည်။ အလျှံပယ် ကြွယ်ဝသူတို့ အနေဖြင့် သူတို့၏ အပိုအလျှံများကို ဆင်းရဲသူ လိုအပ်နေသူတို့အား အခက်အခဲ မရှိဘဲ ပေးစွန့်နိုင်ကြသည်မှာ သေချာ၏။

တစ်ခါသော် ကျောင်းသားလူငယ် တစ်ယောက်သည် သူ၏ တံခါးခန်းဆီးစကို ဖြုတ်၍ သူဆင်းရဲ တစ်ယောက်ကို ပေး၏။ “မေမေရယ် . . . တံခါးပေါက်တွေက အေးတာချမ်းတာကို မခံစားတတ်ပါဘူး။ လူဆင်းရဲတွေကမှ တကယ်ခံစား နေတာပါ”ဟု သူ့အမေကို ပြောနေသည့် လူဆင်းရဲလေးကို ပေးလိုက်ခြင်း ဖြစ်၏။ ဤသို့ ကြင်နာတတ်သော လူသားတို့၏ သဘာဝကို အလွန်ပင် ချီးကျူးထိုက်၏။

အထူးသဖြင့် အာရှတိုက်မှာ ရှိနေသော ဖွံ့ဖြိုးဆဲ နိုင်ငံများကို စွမ်းနိုင်သလောက် အကူအညီ ပေးရေးအတွက် ချမ်းသာသော အချို့နိုင်ငံများက ဆင်းရဲသားထောက်ပံ့ရေး အသင်းအဖွဲ့မျိုးစုံ ဖွဲ့စည်းနေကြသည်မှာ ကျေနပ်ဝမ်းမြောက်ဖွယ်ရာပင် ဖြစ်ပေသည်။ နိုင်ငံ အားလုံးတို့၌ ဆင်းရဲသူ မပြည့်စုံသူတို့ကို အစွမ်းကုန် ကူညီရန်အတွက် ယောက်ျား မိန်းမနှင့် ကျောင်းသူကျောင်းသားတို့ အလှူရှင်အသင်းများ ဖွဲ့စည်းထားကြလေပြီ။ ဤအရေးကိစ္စ၌ သာသာရေး အသင်းအဖွဲ့များလည်း သူ့တို့ဆိုင်ရာ တာဝန်ကို အရိုးရှင်းဆုံး နည်းလမ်းဖြင့် ထမ်းရွက်ကြပေသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံတို့၌ ဘိုးဘွားရိပ်သားများ မိဘမဲ့ဂေဟာများနှင့် အခြားသော အလားတူ ကုသိုလ်ဖြစ် အဖွဲ့အစည်းများ လိုအပ်နေပေသည်။

နာဒရထေရ် ၏ The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

No comments:

Post a Comment