Sunday, September 12, 2010

The Way To Nibbana (Part 2) - နိဗ္ဗာန်လမ်း (အပိုင်း ၂)

မေတ္တာဟူသည် ဘာသာရေးအရ သွေးစည်းမှုလည်း မဟုတ်ပေ။ ဘာသာရေး သွေးစည်းမှုဟု ခေါ်ဆိုအပ်သော စိတ်ပျက်ဝမ်းနည်းဖွယ် အကန့်အသတ်များကြောင့် လူ့ဦးခေါင်းများစွာတို့ကို စိုးရိမ်ကြောင့်ကြမှု နောင်တကင်းမဲ့စွာ ဖြတ်တောက်ခဲ့ကြလေပြီ၊ ဟန်မဆောင်တတ်သော ဟောဟောဘွင်းဘွင်းသမား ယောင်္ကျားမိန်းမတို့ အရှင်လတ်လတ် ကျပ်တင် မီးရို့ ခံခဲ့ကြရလေပြီ၊ ကမ္ဘာ့သမိုင်း စာမျက်နှာတို့ကို ညစ်ပေစွန်းထင်စေခဲ့သော အကြမ်းဖက် စစ်ပွဲများကို ဆင်နွှဲခဲ့ကြလေပြီ၊ အသိဥာဏ် ပြည့်ဝပါသည်ဟု ခေါ်ဆိုအပ်သော ဤနှစ်ဆယ်ရာစု ခေတ်မှာပင် ယုံကြည်ချက် တူညီအောင် ဇွတ်ဒရွတ် ဆွဲဆောင်စည်းရုံး၍ မရခြင်း၊ သို့မဟုတ် ဘသာဝါဒ ကွဲပြားနေခြင်းဟူသော တစ်ခုတည်းသော အကြောင်းကြောင့် တစ်ခုသော ဘာသာဝင်များက အခြားသော ဘာသာဝင်များကို မုန်းတီးကြ၏။ ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ကြ၏၊ အသက်ကိုပင် သတ်ပစ်လိုက်၏။

ဘာသာရေး အယူအမြင်တို့ကြောင့် ဘာသာဝါဒ မတူကြသူတို့ မောင်နှစ်မများသဖွယ် ဘုံဝါဒတစ်ခု၌ မပေါင်းဆုံနိုင်ကြလျှင် ကရုဏာတော်ရှင် ကမ္ဘာ့ပုဂ္ဂိုလ်ကျော်ကြီးတို့၏ သာသနာပြု လုပ်ငန်းများမှာ ၀မ်းနည်းဖွယ်ရာ မုချ ကျရူံးရပေလိမ့်မည်။

ဤသို့ ကျဉ်းမြောင်းသည့် သွေးစည်းမှုများထက် အေးချမ်းသော မေတ္တာက သာလွန်မြင့်မြတ်၏၊ ထိုမေတ္တာသည် နယ်ပယ်ကန့်သတ် ပိုင်းခြားမှု အထိမ်းအကွပ်မဲ့၏၊ မေတ္တာ၌ မည်သို့သော အတားအဆီးမှ မရှိ၊ မေတ္တာသည် ရွေးချယ်ခွဲခြားခြင်းမပြု၊ မေတ္တာသည် ကမ္ဘာမြေတစ်ခုလုံးကို ကိုယ့်မိခင်နိုင်ငံကဲ့သို့ သတ်မှတ်နိုင်အောင် သတ္တာဝါအားလုံးတို့ကို အပေါင်းအဖော်အဖြစ် ရှုမြင်နိုင်အောင် တွန်းအားပေး၏။

မေတ္တာသည် နှစ်သက်အပ်သူနှင့် မနှစ်သက်အပ်သူ၊ ချမ်းသာသူနှင့် ဆင်းရဲသူ၊ မြင့်မြတ်သူနှင့် နိမ့်ကျသူ ဆိုးသွမ်းသူနှင့် လိမ္မာသူ၊ ယောင်္ကျားနှင့် မိန်းမ၊ လူသားနှင့် တိရစ္ဆာန်များ အားလုံးတို့ထံသို့ နှစ်မြို့ဖွယ်ရာ ကောင်းချီးမင်္ဂလာများ တစ်သားတည်း ဆောင်ချဉ်း ပေးအပ်၏။

ဤသည်ကား ကိုယ်တော်မြတ်ကို နှစ်လိုကြည်ညိုကြသူများနှင့် အသက်တော်ကို လုပ်ကြံရန် ကြိုးပမ်းသည်အထိ ကိုယ်တော်မြတ်ကို အမုန်းပွားခဲ့သူတို့၏ ကောင်းကျိုးချမ်းသာ ပျော်ရွှင်မှုတို့အတွက် ကြိုးပမ်းတော်မှုခဲ့သော ဗုဒ္ဓရှင်တော်မြတ်၏ အကန့်အသတ်မဲ့ မေတ္တတရား ဖြစ်ပေသည်။

ဘုရားရှင်သည် သားတော်ရာဟုလာ၊ ဆန့်ကျင်ဘက်ပြုသည့် ဒေ၀ဒတ်၊ ကိုယ်တော်၏ အလုပ်အကျွေး အာနန္ဒာမထေရ်၊ ကြည်ညိုသူများနှင့် ဆန့်ကျင်သူများ အားလုံးတို့အပေါ်၌ ထပ်တူညီမျှသော မေတ္တာတရားကို ကျင့်သုံးတော်မှုခဲ့ပေသည်။

ဤ ချစ်ခြင်းမေတ္တာကို ကိုယ့်ကိုယ်ကို ပို့လွှတ်အပ်သကဲ့သို့ မိတ်ဆွေ၊ ရန်သူနှင့် သာမန်လူတို့ထံသို့လည်း ညီတူညီမျှ ပို့လွှတ်အပ်၏။ ရင်းနှီးသော မိတ်ဆွေ၊ သာမာန်ပုဂ္ဂိုလ် နှင့် ရန်သူဟူ၍ အဖော်သုံးယောက် တို့နှင့်အတူ တောလမ်းခရီး ထွက်လာသူ တစ်ယောက်ကို ခိုးသားဓားပြက ၎င်းတို့အုပ်စုထဲမှ တစ်ယောက်ယောက် ဓားစာခံအဖြစ် အဖမ်းခံရမည်ဟု တောင်းဆိုလာသည် ဆိုပါစို့။ အဆိုပါ ခရီးသည်က သူ့ကိုသာ ဖမ်းသင့်ပါသည်ဆိုလျှင် သူ့ကိုယ်သူ မေတ္တာမဲ့ရာ ရောက်ပေလိမ့်မည်၊ အခြားတစ်ယောက်ယောက်ကို ဖမ်းသင့်ပါသည်ဟုဆိုလျှင် ထိုသူ့အပေါ် မေတ္တာမရှိရာ ရောက်ပေလိမ့်မည်။

ဤသို့သော သဘောသည် မေတ္တာ၏ စရိုက်သဘာဝ ဖြစ်၏။ အကန့်အသတ်မဲ့သော ဤမေတ္တာကို ကျင့်သုံးရာ၌ မိမိကိုယ်ကို မျက်ကွယ်မပြုသင့်ပေ၊ သိမ်မွေ့သော ဤအချက်ကို နားလည်မှု မလွဲသင့်၊ အဘယ်ကြောင့်ဆိုသော် ကိုယ့်ကိုယ်ကို စတေးခြင်းသည် ကောင်းမြတ်သော ဂုဏ်အရည်အချင်း တစ်မျိုးဖြစ်ပြီး အတ္တကင်းဆိတ်မှုသည်လည်းပို၍ မြင့်မြတ်သော အရည်အသွေးတစ်မျိုး ဖြစ်သောကြောင့်တည်း။ ဤ မေတ္တာ၏ အဆုံးစွန်သော ရလဒ်အနေဖြင့် အတ္တနှင့်ပရ ခွဲခြားခြင်း မရှိဘဲ သတ္တ၀ါ အားလုံးတို့ကို မိမိနှင့် ထပ်တူပြုထားနိုင်၏။ သမုတ်အပ်သော ‘အတ္တ’သည် ဧကတ္ထသဘာဝ၌ ပျောက်ဆုံးသွား၏။ ခွဲခြားမှု လွင့်ပျောက်သွား၏။ ဧကတ္ထသဘောကို နားလည်လာ၏။ ‘မေတ္တာ’ဟူသော ကျက်သရေရှိသည့် ဤပါဠိစကားလုံးနှင့် ညီမျှသော တစ်ခြားဘာသာစကား မရှိပေ။ ‘ဆန္ဒမွန်’, ‘ချစ်ခင်ကြင်နာမှု’, ‘ကြည်ဖြူခြင်း’ နှင့် ‘အကြွင်းမဲ့အချစ်’တို့ကို အသင့်တော်ဆုံး ဘာသာပြန်ဆိုချက်များအဖြစ် ညွှန်းဆိုနိုင်၏။

မေတ္တာ၏ ဆန့်ကျင်ဘက်ကား ဒေါသ၊ အာဃာတ၊ အမုန်း သို့မဟုတ် မနှစ်မြို့မှုပင် ဖြစ်ပေသည်။ မေတ္တာသည် ဒေါသ သို့မဟုတ် အငြိုးကြီးမှုတို့နှင့် မယှဉ်တွဲနိုင်ပေ။

မေတ္တာသည် ဒေါသကို လွှမ်းမိုးနိုင်၏။ ထိုမျှမက အာဃာတ အမုန်းကိုလည်း လက်ခံမွေးမြူခြင်း မရှိပေ။ မေတ္တာပြည့်ဝသူသည် သူတစ်ပါးကို ထိခိုက်နင့်နာစေမည့် အတွေးအကြံမျိုးကို မတွေးကြံ။ သူတစ်ပါးကို မှိုချိုးမျှစ်ချိုး နှိမ်ချ၍လည်း မပြောဆို။ ပြစ်တင်ရှုတ်ချ ဝေဖန်းခြင်းလည်း မပြုပေ။ ထိုသို့သော ပုဂ္ဂိုလ်မျိုးသည် သူတစ်ပါးကို ကြောက်ရွံ့ရခြင်းမရှိ။ သူတစ်ပါး အထိတ်အလန့် ဖြစ်အောင်လည်း မခြိမ်းခြောက်တတ်ပေ။
မိတ်ဆွေယောင်ဆောင်၍ မေတ္တာကို တိုက်ခိုက်တတ်သည့် မြင်နိုင်ခဲသော ရန်သူတစ်မျိုး ရှိ၏။ ၎င်းကား အတ္တစွဲ မကင်းသော ချစ်ခင်နှစ်သက်မှုပင် ဖြစ်၏။ လုံလုံခြုံခြုံ မစောင့်ရှောက်အပ်သော မေတ္တာသည် တစ်ခါတစ်ခါ တဏှာပေမ၏ ထိုးနှက်မှုကို ခံရတတ်၏။ သွယ်ဝိုက်သော ဤရန်သူသည် တောကြီးမျက်မဲ သို့မဟုတ် တောင်စဉ်တောင်တန်း ထူထပ်သည့် နေရာတို့၌ အဝေးမှ ချောင်းမြောင်းတိုက်ခိုက်၍ အန္တရာယ် ပြုတတ်သူနှင့် တူ၏။ စိုးရိမ်သောကသည် တဏှာပေမမှ ပေါက်ဖွားလာ၏။ မေတ္တာမှာ ပေါက်ဖွားလာသည် မဟုတ်ပေ။

သိမ်မွေ့သော ဤအချက်ကို နားလည်မှု မလွဲသင့်ပေ။ မိဘက သားသမီးကို၊ သားသမီးက မိဘကို၊ လင်ယောက်ျားက ဇနီးခင်းပွန်းကို၊ ဇနီးခင်ပွန်းက လင်ယောက်ျားကို ချစ်ခင်တွယ်တာကြသည်မှာ မရှောင်သာသော ကိစ္စဖြစ်၏။ ထိုသို့သော တွယ်တာတပ်မက်မှုသည် တကယ့်သဘာဝ ဖြစ်ပေ၏။ အပြန်အလှန် တွယ်တာမှု မရှိလျှင် လောကသည် မတည်ရှိနိုင်။ ဤနေရာ၌ အတ္တစွဲကင်းသော မေတ္တာသည် သာမန်တွယ်တာမှုနှင့် မတူကြောင်း ရှင်းလင်းစေလို၏။

အကျိုးစီးပွားကို ရွက်ဆောင်ခြင်း သဘောသည် မေတ္တာ၏ အဓိကကျသော လက္ခဏာဖြစ်၏။ မေတ္တာတရားကို ကျင့်သုံးသူသည် သူတစ်ပါး ကောင်းကျိုးချမ်းသာ တိုးပွားမည့် အရေးကိစ္စတို့၌ အမြဲတမ်း စိတ်ဝင်စားလျက် ရှိ၏။ ထိုသူသည် အရာရာ၌ ကောင်းမြတ်မှုနှင့် လှပမှုကိုသာ ရှာဖွေ၏။ သူတစ်ပါး၏ အရုပ်ဆိုး အကျည်းတန်မှုကို မရှာဖွေပေ။

နာဒရထေရ်၏ The Way To Nibbanaကို ဘာသာပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

No comments:

Post a Comment