Thursday, September 9, 2010

The Way to Nibbana (Part 1) - နိဗ္ဗာန်လမ်း (အပိုင်း ၁)



ဗြဟ္မ၀ိဟာရတရားများ

လူအဖြစ်ကို ရခြင်းသည် ခဲယဉ်း၏။
သတ္တ၀ါတို့၏ အသက်ရှင်ခြင်းသည် ခဲယဉ်း၏။
ဤအခွင့်အရေး လွတ်ချော်မသွား ပါစေနဲ့။ (ဓမ္မပဒ)

လူသည် မမှန်းဆနိုင်လောက်သည့် စွမ်းရည်သတ္တိတို့ ကိန်းဝပ်နေသော သတ္တ၀ါ ဖြစ်၏။ သူတော်စင် စရိုက်လက္ခဏာ နှင့် ရာဇ၀တ်ကောင် စရိုက်လက္ခဏာ အလားအလာ နှစ်မျိုးလုံးသည် လူ့သန္တာန်၌ တည်ရှိနေသော အငုတ်ဓာတ်ဖြစ်၏။ ထိုအငုတ်ဓာတ်တို့သည် မျှော်လင့်မထားသော အခိုက်အတန့်တို့၌ အံ့ဘနန်း စွမ်းအင်တို့ဖြင့် အထင်အရှား ပေါ်ထွက်လာနိုင်၏။ ၎င်းတို့ မည်သို့မည်ပုံ အခြေတည်ခဲ့သည်ကို မသိနိုင်။ အဆင့်အမျိုးမျိုးဖြင့် လူ့သန္တာန်၌ တည်ရှိနေသည်ဟုသာ သိနိုင်၏။

လူ၏ ဖြစ်တည်ဖွဲ့စည်းမှု အရှုပ်အထွေးတွင် အပါအ၀င်ဖြစ်သော စိတ်စွမ်းအင်၌ ကောင်းမြတ်မှု ရတနာသိုက်ကိုလည်း တွေ့နိုင်၏။ အကုသိုလ် အညစ်စုကိုလည်း တွေ့နိုင်၏။ သက်ဆိုင်ရာ စရိုက် လက္ခဏာတို့ ဖွံ့ဖြိုးလာသည်နှင့် လျော်ညီစွာ လူသည် လောကအတွက် ကောင်းချီးမင်္ဂလာလည်း ဖြစ်နိုင်၏။ လောကကျိန်စာလည်း ဖြစ်နိုင်၏။

ကြီးကျယ်လို မြင့်မြတ်လို၍ လောကအတွက် အသုံးဝင်လိုသူ၊ ကိုယ့်ကိုယ်ကို သိမ်မွေ့အောင် ဆုံးမကာ စံပြနေထိုင်ခြင်း လိုက်နာဖွယ် စည်းကမ်းများ သတ်မှတ်ပေးခြင်းတို့ဖြင့် လောက၀န်ဆောင်လိုသူ၊ လူအဖြစ် ရလာသော ရွှေအခွင့်အရေးကို ကိုယ့်တွက်ကိုယ့်တာ အသုံးချလိုသူတို့သည် စရိုက်ဆိုး အငုတ်ဓာတ်တို့ကို ဖယ်ရှားပစ်ရန်နှင့် သူတော်ကောင်းဓာတ်တို့ကို ပြုစုပျိုးထောင်ရန် အစွမ်းကုန် အားထုတ်ကြလေကုန်၏။

မြေထုလွှာ အတွင်း၌ တည်ရှိသော အဖိုးတန် ရတနာတို့ကို တူးဖော်ရန်အတွက် လူသားတို့သည် ငွေကြေးပမာဏ မြောက်များစွာ သုံးစွဲကြရ၏။ ဇွဲနဘဲနှင့် အားအင်အပြည့် စိုက်ထုတ်ကြရ၏။ တစ်ခါတစ်ရံ အသက်ကိုပင် စွန့်လွှတ်ကြရ၏။ သို့သော် လူ့သန္တာန်၌ ကိန်းဝပ်နေသော အငုတ်ဓာတ် ရတနာကောင်းများကို တူးဖော်ရန်ကား ခိုင်မြဲသော လုံ့လနှင့် တည်တံ့သော သည်းခံမှု တို့သာ လိုအပ်၏။ အဆင်းရဲဆုံးသော ယောက်ျား သို့မဟုတ် မိန်းမတို့ ပင်လျှင် ဤအမှုကိစ္စကို ပြီးမြောက်စေနိုင်၏။ အဘယ်ကြောင့်ဆိုသော် ရှာဖွေစုဆောင်းရန်အတွက် လောကီစီးပွားသည် အရေးပါသော ပရိကံလိုအပ်ချက် မဟုတ်သောကြောင့် ဖြစ်၏။

လူ့သန္တန်၌ ကိန်းဝပ်နေသော အကုသိုလ် စရိုက်ဆိုးတို့ သဘာဝအလျောက် ကိန်းဝပ်တည်ရှိပြီး၊ ထင်ရှားဖြစ် ပေါ်လာသည်မှာလည်း အလိုအလောက်ပင် ဖြစ်သည်ဟု ထင်မြင်ယူဆရသော အချက်မှာ ထူးဆန်း နေ၏။ အလားတူ ထူးဆန်းသော အချက်မှာ အဆိုပါ အညစ်စုတိုင်းသည် ဆန့်ကျင်ဘက်ဖြစ်သော အရည်အသွေးကောင်းကိုလည်း ပိုင်ဆိုင်ထားခြင်းဖြစ်၏။ အရည်အသွေးကောင်းတို့သည် ကောင်းမြတ်မှု ယုတ်မာမှု အားလုံးတို့၏ ဖြစ်စဉ်တန်း တစ်ခုအတွင်းမှာ ရှိနေသော်လည်း ပုံမှန်ထင်ရှားသော အခြေအနေသို့ အလိုအလျောက် ဖြစ်ပေါ်ထွက်မလာပေ။

လူ့သန္တာန်၌ တည်ရှိသော စွမ်းအားထက်သည့် အဖျက်တရားဆိုးတစ်ခုမှာ ဒေါသဖြစ်၏။ ထိုအကုသိုလ်စွမ်းအားကို သိမ်မွေ့စေသော ကောင်းမြတ်သည့် အရည်အသွေးတစ်ခုမှာ ချစ်ခြင်းမေတ္တာဖြစ်၏။

လောကတွင် ဖြစ်ပေါ်နေကျ မှားယွင်းမှု မြောက်များစွာနှင့် တုန်လူပ်ဖွယ်ရာ အကြမ်းဖက်မှုတို့၏ အရင်းခံဖြစ်သော အခြား အဖျက်တရားဆိုးမှာ ရက်စက်ကြမ်းကြုတ်မှု ဖြစ်၏။  ၎င်း၏ ဖြေဆေးမှာ သနားကရုဏာ ဖြစ်ပေသည်။

လူဘ၀ ဖြစ်တည်ဖွဲ့စည်းမှု၊ ယှဉ်ပြိုင်မှုနှင့် အန္တရယ်ရှိသည့် စိန်ခေါ်မှုများသို့ ဦးတည်ပေးသော အခြားစရိုက် တစ်ခုမှာ မနာလို ၀န်တိုမှု ဖြစ်၏။ ထိုအဆိပ်ကို ပြေပျောက်စေနိုင်သော အထက်မြတ်ဆုံး ဖြေဆေးမှာ ၀မ်းမြောက်ခြင်း မုဒိတာ ဖြစ်ပေ၏။

လူ၏ မနောဟန်ချက်ကို ကမောက်ကမ ဖြစ်စေသော အခြားသဘာဝ စရိုက်လက္ခဏာ နှစ်ခု ရှိသေး၏။ ၎င်းတို့မှာ သာယာဖွယ်ကို တွယ်မက်ခြင်းနှင့် မနှစ်သက်ဖွယ်ကို စက်ဆုပ်ခြင်းတို့ ဖြစ်ပေသည်။ အညီအမျှ သဘောထားမှု ဥပေက္ခာကို ဖွံဖြိုးစေခြင်းဖြင့် အဆိုပါ ဆန့်ကျင်ဘက် စွမ်းအင်နှစ်ခုကို သုတ်သင်ပစ်နိုင်၏။

ပြောင်မြောက်သော ဤအရည်အသွေးလေးရပ်ကို ပါဠိဘာသာ၌ “ဗြဟ္မ၀ိဟာရ”ဟု ခေါ်ဆို၏။ မြင့်မြတ်သော သူတို့၏ နေထိုင် နည်းဟုလည်း ဘာသာ ပြန်ဆိုနိုင်၏။ ဤ သူတော်ကေင်းတရားတို့သည် လူ့ဘ၀ကို မြှင့်တင်တင်ပေးနိုင်၏၊ ဤဘ၀မှာပင် နတ်ဗြဟ္မာနှင့် တူအေင်ပြုပေး၏။ ၎င်းတို့သည် သာမန်လူကို လူ့အာဇာနည်ဖြစ်အောင် အသွင်ပြောင်းပေး၏။

ထိုသူတော်ကောင်းတရာတို့ကို ကြိုးစား ကျင့်သုံးကြလျှင် လူသားအားလုံးတို့ အကောင်းမြတ်ဆုံး ကမ္ဘာသားများ အဖြစ်ဖြင့် ပြည့်ပြည့်စုံစုံ ငြိမ်းငြိမ်းချမ်းချမ်း ညီညွတ်မျှတစွာ နေထိုင်ရှင်သန်ရာ လောကနိဗ္ဗာန်အဖြစ် ဤကမ္ဘာမြေကို အသွင်ပြောင်းယူနိုင်ပေသည်။ ဗြဟ္မ၀ိဟာရ တရားလေးပါးတို့ကို အကန့်သတ်မဲ့သော တရားများဟုလည်း ခေါ်ဆိုနိုင်၏။ ထိုသို့ခေါ်ဆိုရသည်မှာ အကန့်အသတ်မဲ့ ရောက်ရှိကျယ်ပြန့်နိုင် သောကြောင့်ဖြစ်၏၊ သက်ရှိအားလုံးတို့ကို သိမ်းကျုံး ထွေးပိုက်နိုင်၏။ ဘာသာရေးယုံကြည်ချက် ခွဲခြားမှု မရှိဘဲ ဤကောင်းမြတ်သော ကိုယ်ကျင့်တရားတို့ကို ကျင့်သုံးနိုင်၏။ ကျင့်သုံးသူသည် မိမိ အတွက်ရော သူတစ်ပါးအတွက်ပါ ကောင်းချီးမင်္ဂလာ ဖြစ်လာနိုင်ပေသည်။ နှလုံးသားကို နုညံ့စေသောတရား၊ သို့မဟုတ် မိတ်ဆွေစစ်၏ သဘာဝပင်ဖြစ်နိုင်၏။ အဘယ့်ကြောင့်ဆိုသော် စစ်မှန်သော မိတ်ဆွေသည် သူ့အပေါင်းဖော်၏ အကျိုးစီးပွားကို အမှန်ပင် လိုလားသောကြောင့် ဖြစ်၏။

မိခင်သည် သူ့အသက်နှင့် လဲ၍ပင် သူ့ရင်သွေးကို ကာကွယ်စောင့်ရှောက်သကဲ့သို့ သက်ရှိအားလုံးတို့အတွက် အကန့်အသက်မဲ့ မေတ္တာကို ပွားများကျင့်သုံး သင့်၏။ ဤသည်မှာ ဗုဒ္ဓရှင်တော်မြတ်၏ သွန်သင် ဟောပြောချက်ဖြစ်ပေသည်။ ဤနေရာ၌ ရင်သွေးအပေါ်ထားအပ်သော ဂေဟဿိတပေမရာဂနှင့် ရောနှောနေသော မိခင်၏ ချစ်မြတ်နိုးမှုကို မဆိုလို။ ရင်သွေး၏ ကောင်းကျိုးအစစ်အမှန်ကို လိုလားသော သမ္မာဆန္ဒကိုသာ ဆိုလို၏။

မေတ္တာဟူသည် သွေးသားဆန္ဒမှလာသော ချစ်မြတ်နိုးမှုလည်းမဟုတ်။ ပုဂ္ဂိုလ်ရေး တွယ်တာမှုလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်မျိုးလုံးမှ မလွှဲသာ မရှောင်သာ ပူဆွေးသောက ဖြစ်ပေါ်လာတတ်သောကြောင့် ဖြစ်ပေသည်။

မေတ္တာဟူသည် အနီးအဝေး ခွဲခြားမှုမရှိသောကြောင့် အိမ်နီးချင်းအပေါ် ထားအပ်သော ဖော်ရွေမှုလည်း မဟုတ်ပေ။

မေတ္တာဟူသည် တစ်ကမ္ဘာလုံးခြုံမိသော ညီအစ်ကိုစိတ်ဓာတ်မျှသာ ဖြစ်သည်ဟုလည်း မဆိုနိုင်။ အဘယ်ကြောင့်ဆိုသော် မေတ္တာသည် ကူကယ်ရာ မဲ့နေကြ၍ သနားငဲ့ညှာမှု ပိုမိုလိုအပ်နေကြသော နိမ့်ကျသည့် ညီအစ်ကို မောင်နှမများ ဖြစ်ကြသော တိရစ္ဆာန်များ အပါအ၀င် သက်ရှိအားလုံးတို့ကို သိမ်းကျုံး ထွေးပိုက်ထားသောကြောင့် ဖြစ်ပေသည်။

မေတ္တာဟူသည် နိုင်ငံရေးအရ သွေးစည်းမှု မဟုတ်။ လူမျိုးရေးအရ သွေးစည်းမှုလည်း မဟုတ်။ အမျိုးဘာသာရေးအရ သွေးစည်းမှုလည်း မဟုတ်။ ဘာသာရေးအရ သွေးစည်းမှု ဟူ၍ပင် မဆိုနိုင်ပေ။

နိုင်ငံရေးအရ သွေးစည်းမှုသည် အကန့်သတ်ရှိ၏။ ဒီမိုကရက် အချင်းချင်း သွေးစည်းမှု ဆိုရှယ်လစ် အချင်းချင်း သွေးစည်းမှု၊ ကွန်မြူနစ် အချင်းချင်း သွေးစည်းမှု စသည်ဖြင့် နိုင်ငံရေးအယူအမြင် အတွင်း၌သာ ကန့်သတ်ထား၏။

လူမျိုးရေးအရ သွေးစည်းခြင်းနှင့် အမျိုးသားရေးအရ သွေးစည်းခြင်းတို့သည် လူမျိုးတူသူ နိုင်ငံတူသူများ အတွင်၌သာ ဘောင်ခတ်ထား၏။ အချို့သော မျိုးချစ်ဝါဒီများသည် ကိုယ့်လူမျိုးကိုယ် ချစ်ကြရာ၌ ကံတရားအရ ရွေရောင်ဆံပင် မရှိခြင်း မျက်လုံးမပြာခြင်းတို့ကို အကြောင်းပြု၍ အပြစ်မဲ့ ယောင်္ကျား မိန်းမနှင့် ကလေးငယ်တို့ကို ရက်ရက်စက်စက် သတ်ဖြတ်သည်အထိ အချစ်ကြီးကြ၏။ လူဖြူအချင်းချင်းကိုသာ ကန့်သတ်၍ ချစ်ကြ၏။ အသားရောင်မဲသူတို့ကလည်း မဲသူအချင်းချင်း၊ အသားရောင် ၀ါရွှေသူ တို့ကလည်း ၀ါရွှေသူအချင်းချင်း၊ အသားရောင် ညိုသူတို့ကလည်း ညိုသူအချင်းချင်း၊ ဖျော့သူတို့ကလည်း ဖျော့သူအချင်းချင်း၊ နီသူတို့ကလည်း နီသူအချင်းချင်း ကန့်သတ်၍သာ ချစ်ကြ၏။ တစ်ခါတစ်ရံ၌ အသားရောင် ကွဲပြားနေသူတို့သည် သံသယ ကြောက်လန့်မှုတို့နှင့် အကြည့်ခံကြရ၏။ အမျိုးဂုဏ် မြင့်မြတ်မှုကို သက်သေထူရန်အတွက် ကောင်းကင်ယံမှ ရက်ရက်စက်စက် ဗုံးမိုးကျဲချကာ သန်းပေါင်များစွာကို သတ်ဖြတ်လျက် အကြမ်းဖက် စစ်ဆင်တတ်ကြသည်မှာ မကြာခဏပင် ဖြစ်၏။ ဒုတိယကမ္ဘာစစ်၏ ရင်နင့်ဖွယ် ဖြစ်ရပ်များသည် လူသားတို့ မမေ့နိုင်လောက်အောင် ထင်ရှားသော သဓကများ ဖြစ်ပေသည်။

သဘေားထား ကျဉ်းမြောင်းသူများအကြား ၎င်းတို့နေထိုင်ရာ ရှေးဟောင်းနိုင်ငံကြီးများ၏ ကျယ်ပြန့်သော နယ်ပယ်အ၀န်းအ၀ိုင်းအတွင်း၌ အမျိုးဇာတ်နှင့် အဆင့်အတန်းဟူသော အသေးစား နယ်ပယ်ကန့်သတ်မှုလေးများ ရှိလေ၏။ ထိုနယ်ပယ်များ၌ အခြေမြင့်သူတို့၏ အမည်ခံ ညီအစ်ကိုစိတ်ဓာတ်သည် အကန့်အသတ် ကြီးလွန်းလှ၏။ အဖိနှိပ်ခံတို့သည့် ၎င်းတို့၏ အမျိုးဇာတ်နှင့် အဆင့်အတန်း သက်သက်ကြောင့် လူ့အခွင့်အရေးကို ခံစားရန်ပင် တားမြစ်ခံရသည်အထိ ကန့်သတ်ခံကြရ၏။ ဤအခြေမြင့်သူတို့ သည်ကား သနားစရာပင် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကိုယ်တိုင်ပင် ၎င်းတို့၏ သီးခြားအခန်းထဲ၌ ပိတ်လှောင် အကျဉ်းချ ခံနေရသောကြောင့်တည်း။


နာဒရထေရ် ၏ The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

No comments:

Post a Comment