Monday, March 24, 2025

စိတ်ဝင်စားဖွယ် စဉ်းစားဖွယ်


 မိလိန္ဒပဉှာ ကျမ်းစာကို ဖတ်မှတ်လေ့လာရင်း စိတ်ဝင်စားစရာ, စဉ်းစားစရာလေးတွေ တွေ့မိပါတယ်။ ဒီကျမ်းစာဟာ တန်ဖိုးရှိတဲ့ ကျမ်းစာတစ်ဆူ ဖြစ်ပါတယ်။ ဒီကျမ်းစာမှာ လေးနက်တဲ့ သဘောတရားတွေ၊ မဖြစ်မနေ သိထားသင့်တာတွေ ပါဝင်နေတာကို အထူးတလည် အမွှမ်းမတင်လိုတော့ပါ။ ဒီကျမ်းစာမှာ မြောက်များစွာသော ဂုဏ်အရည်အချင်းတွေ ရှိနေသလို မေးခွန်းထုတ်စရာလေးတွေ၊ ဟာကွက်လေးတွေလည်း ရှိနေတယ်လို့ ပြောလိုက်ဖို့ မဝံ့မရဲ ဖြစ်မိတာကြောင့်စိတ်ဝင်စားဖွယ် စဉ်းစားဖွယ်လို့ပဲ နာမည်တပ်လိုက်ပါတယ်။ ကျမ်းစာနိဒါန်းရဲ့ ဆွဲဆောင်မှု၊ မပြီးပြတ်တဲ့ မေးခွန်း၊ ဆွဲအားရဲ့ စိန်ခေါ်ချက်၊ လောင်ကျွမ်းမှုပြဿနာ ဆိုတဲ့ ခေါင်းစဉ်လေးမျိုးနဲ့ တင်ပြပါမယ်။

၁။ ကျမ်းစာနိဒါန်းရဲ့ ဆွဲဆောင်မှု -

ဒီကျမ်းစာမှာပါတဲ့ အမေး-အဖြေတွေဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အမေးအဖြေတွေ စိတ်ဝင်စားစရာကောင်းတာထက် ကျမ်းစာအပေါ် စိတ်ဝင်စားအောင် နိဒါန်းချီထားပုံက ပိုလို့တောင် စိတ်ဝင်စားစရာ ကောင်းနေတယ်လို့ ဆိုချင်ပါတယ်။ ဘယ်လို စိတ်ဝင်စားစရာကောင်းတာလဲ၊ စိတ်ဝင်စားစရာတွေက ဘာတွေလဲ။

ကျမ်းစာမှာပါတဲ့ အကြောင်းအရာတွေဟာ သေးသေးမွှားမွှား သာမည မဟုတ်ဘူး၊ ကြီးမြတ်တဲ့ ကျောထောက်နောက်ခံ အထုအထည် သိပ်သိပ်သည်းသည်း ရှိနေတယ်လို့ ဆိုလိုတဲ့ ကျမ်းဆရာရဲ့ သဘောထားကို ကျမ်းစာရဲ့ ဗာဟိရကထာ အခန်းမှာ ခန့်မှန်းမိလိုက်ပါတယ်။

ဗာဟိရကထာဟာ ကဿပဘုရားရှင် လက်ထက်က စပါတယ်။ ကဿပ ဘုရားရှင်ရဲ့ သာသနာမှာ ရှင်နာဂသေန လောင်းလျာဟာ ရဟန်းတစ်ပါး ဖြစ်ခဲ့ပါတယ်။ မိလိန္ဒမင်း လောင်းလျာကတော့ ရှင်သာမဏေတစ်ပါး ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ပါးဟာ တစ်ခြားရဟန်းတွေနဲ့အတူ ဂင်္ဂါမြစ်နားက ကျောင်းတိုက်တစ်ခုမှာ နေကြပါတယ်။ တစ်နေ့မှာ ရဟန်းတော်က ကျောင်းတိုက်အတွင်း တံမြက်လှည်းပြီး ရှင်သာမဏေကို အမှိုက်ကျုံးခိုင်းပါတယ်။ ရှင်သာမဏေက မကြားဟန်ဆောင်နေပါတယ်။ သုံးကြိမ်တိုင်တိုင် ခိုင်းပေမဲ့ ရှင်သာမဏေက မကြားဟန်ပဲ ဆောင်နေတာကြောင့် ရဟန်းတော် စိတ်ဆိုးသွားပြီး သာမဏေကို တံမြက်စည်းရိုးနဲ့ ရိုက်ပါတယ်။ သာမဏေ ငိုပါတယ်။ ကြောက်လို့ အမှိုက်ကျုံးလိုက်ပါတယ်။

အမှိုက်ကျုံးရတဲ့ ကောင်းမှုကြောင့် ဖြစ်လေရာ ဘဝမှာ မွန်းတည့်နေလို ဘုန်းကံကြီးသူ တန်ခိုးကြီးသူ ဖြစ်ရပါလို၏လို့ ဆုတောင်းပါတယ်။ အမှိုက်ကျုံးပြီးတဲ့နောက် ဂင်္ဂါမြစ်မှာ ရေချိုးတော့လည်း ဖြစ်လေရာ ဘဝတိုင်း မြစ်ရေလှိုင်းတံပိုး အဟုန်လို အရာအားလျော်စွာ ဖြစ်ပေါ်လာတဲ့ ပဋိဘန်ဉာဏ်ရှိသူ၊ မကုန်နိုင်တဲ့ ပဋိဘန်ဉာဏ်ရှိသူ ဖြစ်ရပါလို၏လို့ ဒုတိယအကြိမ် ဆုတောင်းပြန်ပါတယ်။ သာမဏေရဲ့ ဆုတောင်းသံကို ကြားလိုက်တဲ့ ရဟန်းကလည်း မြစ်ရေလှိုင်းတံပိုးအဟုန်လို မကုန်နိုင်တဲ့ ပဋိဘန်ဉာဏ်ရှိသူ ဖြစ်ရပါလို၏၊ သာမဏေမေးတဲ့ ပြဿနာတိုင်းကို ရှင်းလင်းဖြေဆိုနိုင်စွမ်း ရှိသူ ဖြစ်ရပါလို၏လို့ ဆုတောင်းပါတယ်။

ရဟန်းတော်နဲ့ ရှင်သာမဏေတို့ဟာ ကဿပဘုရားရှင်နဲ့ ဂေါတမဘုရားရှင်တို့ရဲ့ ကြားကာလမှာ လူ့ပြည် နတ်ပြည်တွေမှာ ဖြစ်ကြရပါတယ်။ ဂေါတမ ဘုရားရှင်လက်ထက်မှာ ဗျာဒိတ် ရကြပါတယ်။ ဂေါတမဘုရား ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်းငါးရာကျော်တဲ့အခါ လူ့ပြည်မှာ ဖြစ်လာကြလိမ့်မယ်၊ သုတ် ဝိနည်း အဘိဓမ္မာ တရားတွေကို နက်နက်နဲနဲ ဝေဖန်ပြီး အမေးအဖြေ ပြုကြလိမ့်မယ်လို့ ဂေါတမ မြတ်စွာဘုရားက ဗျာဒိတ်ပေးတော်မူခဲ့တယ်လို့ ဆိုပါတယ်။ (မမ ပရိနိဗ္ဗာနတော ပဉ္စဝဿသတေ အတိက္ကန္တေ ဧတေ ဥပ္ပဇ္ဇိဿန္တိ - အစရှိသည်ဖြင့် ဆိုထားပါတယ်။) စိတ်ဝင်စားစရာပါပဲ။

စိတ်ဝင်စားစရာကောင်းတဲ့ ဒီ နိဒါန်းမှာ စဉ်းစားစရာတွေ ပါနေပါတယ်။ တံမြက်လှဲတဲ့ ဇာတ်ဝင်ခန်းဟာ ဖြစ်ရပ်မှန်လား။ ဇာတ်လမ်းဆင်မှုလား။ နိဒါန်းမှာပါတဲ့ အဖြစ်အပျက်တွေဟာ တကယ့် ဖြစ်ရပ်မှန်တွေလား။ ကျမ်းပြုသူ စာရေးဆရာက သူ့ကျမ်း သူ့မှတ်တမ်း ခန့်ထည်သွားအောင် ခွင်ချလိုက်တာလား။

ဖြစ်ရပ်မှန်ဆိုရင် ဘယ်ကျမ်းကို ကိုးကားမလဲ။ ကဿပဘုရားရှင်ရဲ့ ပိဋကတ်ကို ကိုးကားမလား၊ ဂေါတမဘုရားရှင်ရဲ့ ပိဋကတ်ကို ကိုးကားမလား။ မိလိန္ဒပဉှာ ကျမ်းစာမှာတော့အတီတေ ကိရ ကဿပဿ ဘဂဝတော သာသနေအစရှိသည်ဖြင့် ဆိုထားပါတယ်။ ကိရ . . . တစ်ဆင့်စကား ကြားဖူးတာကို ပြန်ပြောတာလို့ ဆိုပါတယ်။ တစ်ဆင့်ကြားဖူးတဲ့ လူပြောသူပြော အရပ်စကား ဖြစ်တဲ့အတွက် အထောက်အထား ခိုင်မာတယ်လို့ မဆိုနိုင်ပါဘူး။

ဇာတ်လမ်းဆင်ထားတာ ဆိုရင်တော့ အကွက်ဆင်တာ မစေ့စပ်ဘူးလို့ ဆိုနိုင်ပါတယ်။ ဇာတ်လမ်းထဲမှာ ရဟန်းတော်က ရှင်သာမဏေကို တံမြက်စည်းရိုးနဲ့ ရိုက်တာဟာ ပြဿနာပါ။ ရဟန်းတော်က ရှင်သာမဏေကို ရိုက်တာနှက်တာမျိုး ဘုရားဟော ပိဋကတ်ကျမ်းစာတွေမှာ မတွေ့ဖူးပါဘူး။ နိဟိတဒဏ္ဍော နိဟိတသတ္ထော ဆိုတဲ့အတိုင်း သူတစ်ပါးကို ထိခိုက်နာကျင်စေနိုင် သေကျေပျက်စီးစေနိုင်တဲ့ တုတ်ဓားလက်နက်ကို ပယ်စွန့်တော်မူပြီးဖြစ်တဲ့ မြတ်စွာဘုရားရဲ့ သိမ်မွေ့တဲ့ အကြင်နာနည်းလမ်းကို အတုလိုက်ပြီး လျှောက်လှမ်းကြရမှာ, ယဉ်ကျေးသိမ်မွေ့ကြရမှာ ဖြစ်ပါတယ်။ ရဟန်းက ရှင်သာမဏေကို ရိုက်တာဟာ ဒီနေ့ခေတ် အမြင်မှာလည်း လက်ခံနိုင်စရာ မဟုတ်တဲ့ ကိစ္စ ဖြစ်ပါတယ်။

ဟာကွက် နောက်တစ်ခုက . . . သာမဏေ အမှိုက်ကျုံးရာမှာ မလုပ်ချင်ဘဲ လုပ်လိုက်ရတဲ့သဘော ထင်ရှားနေပါတယ်။ ရဟန်းတော်က ရှင်သာမဏေကို ရိုက်တယ်။ ရှင်သာမဏေက ငိုတယ်။ ကြောက်လို့ လုပ်ရတယ်။ ဒီနေရာမှာ မလုပ်ချင်ဘဲ လုပ်လိုက်ရတဲ့ ကုသိုလ်ဟာ အဘိဓမ္မာသဘောအရ သသင်္ခါရိကကုသိုလ် ဖြစ်ပါတယ်။  စိတ်ထဲက လိုလိုလားလား တက်တက်ကြွကြွ ကြည်ကြည်နူးနူးနဲ့ ပြုလုပ်တဲ့ အသင်္ခါရိက ကုသိုလ်လောက် မထက်မြက်ပါဘူး။

အမေးအဖြေ ကျမ်းစာနဲ့အပြည့် အဘိဓမ္မာ သဘောတရားတွေ ပါနေပေမဲ့ ကျမ်းကိုမွန်းတဲ့ နိဒါန်းကတော့ အဘိဓမ္မာ သဘောတရားနဲ့ မကိုက်ညီလှဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ စစ်စစ်ပေါက်ပေါက် မေးတတ်ဖို့နဲ့ မေးတိုင်းဖြေနိုင်ဖို့ အရင်းခံ အကြောင်းတရား ကုသိုလ် အထောက်အပံ့ ပြုလုပ်ကြတဲ့ အမှိုက်ကျုံးတဲ့ ဇာတ်ဝင်ခန်းမှာ မိလိန္ဒမင်းကြီး လောင်းလျာ ရှင်သာမဏေအတွက် ဉာဏ်ပညာ ထက်မြက်စေနိုင်တဲ့ ဉာဏသမ္ပယုတ်သဘော, အသင်္ခါရိကသဘော, တိဟိတ်ကုသိုလ် ပြုလုပ်မှု သဘောတွေ လစ်ဟာနေပါတယ်။

ဂေါတမ မြတ်စွာဘုရား ကိုယ်တော်တိုင် ဗျာဒိတ်ပေးခဲ့တယ်ဆိုတဲ့ ကိစ္စကတော့ သိပ်မထူးဆန်းလှဘူး ထင်ပါတယ်။ မင်းတုန်းမင်းကြီးတောင်မှ ဘဝတစ်ခုမှာ စန္ဒမုခီ ဘီလူးမ ဖြစ်ခဲ့ပြီး မန္တလေးတောင်ပေါ်မှာ ဂေါတမဘုရားနဲ့ တွေ့ခဲ့တယ်၊ သူ့ရင်သားကိုဖြတ်ပြီး မြတ်စွာဘုရားကို လှူခဲ့တယ်၊ ဒီဘီလူးမဟာ နောင်တစ်ချိန်မှာ မင်းတုန်းမင်း ဖြစ်လာလိမ့်မယ်လို့ မြတ်စွာဘုရားက ဗျာဒိတ်ပေးတော်မူခဲ့တယ်လို့ ဆိုကြပါတယ်။ သူ့ရင်သားကို ဘုရားလှူနေတဲ့ ဘီလူးမ ရုပ်တု မန္တလေးတောင်ပေါ်မှာ ရှိပါတယ်။ ဒီလို ထွင်လုံး ဗျာဒိတ်ဇာတ်တွေ အများအပြား ရှိနေတဲ့အတွက် မိလိန္ဒပဉှာ ကျမ်းစာထဲက ဗျာဒိတ်ဟာ မထူးဆန်းလှဘူးလို့ ဆိုရတာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ဆိုနိုင်စရာ ရှိပါသေးတယ်။ အမှိုက်လှဲကြ အမှိုက်ကျုံးကြပြီး ဗျာဒိတ် ရခဲ့ကြတဲ့ ဖြစ်ရပ်ဟာ တကယ့်အမှန် ဖြစ်ပေမယ့် အကြောင်းမတိုက်ဆိုင်တဲ့ အတွက်ကြောင့် ကဿပမြတ်စွာဘုရားလည်း မဟောခဲ့ဘူး၊ ဂေါတမမြတ်စွာဘုရားလည်း မဟောခဲ့ဘူး။ ဘုရားရှင်နှစ်ဆူ ဟောတော်မမူခဲ့ပေမယ့် ကျမ်းဆရာက ပုဗ္ဗေနိဝါသာနုဿတိဉာဏ်နဲ့ အတိတ်ကို ဆင်ခြင်သုံးသပ် သိမြင်ပြီး သူမြင်တဲ့အတိုင်း ရေးခဲ့တာလို့ ဆိုနိုင်ပါသေးတယ်။ မဖြစ်နိုင်ဘူးလို့ ပြောလို့ မရပါဘူး။ ကျမ်းဆရာလည်း ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ရနိုင်တာပါပဲ။ ကျမ်းဆရာ အနေနဲ့ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ရခဲ့ရင်တောင်မှ အနာဂတံသဉာဏ်တော့ ရခဲ့ဟန် မတူပါဘူး။ အနာဂတံသဉာဏ် ရခဲ့ရင်တောင်မှ အရှင်နာဂသေနနဲ့ မိလိန္ဒမင်းကြီးတို့ ဗျာဒိတ်ရကြတယ်ဆိုတဲ့ အဖြစ်ပျက်နဲ့ ပတ်သက်လို့ အနာဂတ်ကာလမှာ ဉာဏ်နုံ့သူတွေ ဝေဝါးထွေပြားစရာ ဖြစ်လာနိုင်မလားလို့ ကြိုတင်သုံးသပ်ဖို့ အနာဂတံသ ဉာဏ်တော်ကို အသုံးချခဲ့ဟန် မတူဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

 

၂။ မပြီးပြတ်တဲ့ မေးခွန်း -

ကျမ်းစာထဲမှာပါတဲ့ စိတ်ဝင်စားစရာ စဉ်းစားစရာလေးတွေအကြောင်း ဆက်ပြီး ဆွေးနွေးပါမယ်။ စိတ်ဝင်စားစရာ နောက်တစ်ခုက မေးခွန်း မပြတ်တာ ဖြစ်ပါတယ်။ ဒီကျမ်းစာထဲမှာ မိလိန္ဒမင်းကြီးက မေးခွန်းတွေ မေးပါတယ်။ အရှင်နာဂသေနကလည်း မင်းကြီးမေးတိုင်း ဖြေဆိုပါတယ်။ အမေးအဖြေတွေကို စုပြီး ကျမ်းစာလုပ်လိုက်တော့ မိလိန္ဒပဉှာ ဖြစ်လာပါတယ်။ စပ်စပ်စုစု စစ်စစ်ပေါက်ပေါက် မေးတတ်တဲ့ မိလိန္ဒမင်းကြီးဟာ အကြောင်းအရာ တစ်ခုနေ ဆက်စပ်ဆက်စပ် ပြီးတော့လည်း မေးခွန်းတွေ မေးပါတယ်။ ဆက်စပ်မေးခွန်းတွေ ပါဝင်နေတာဟာ ဒီကျမ်းစာရဲ့ ထူးခြားချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဆက်စပ်မေးခွန်းတွေ မေးတယ်ဆိုပေမယ့် အမြဲတမ်းကြီး ဆက်ဆက်ပြီး မေးနေတာတော့ မဟုတ်ပါဘူး။ တစ်ချို့နေရာတွေမှာ ဆက်မေးသင့်ပါလျက်နဲ့ အရှင်ဘုရားရဲ့ ဖြေဆိုမှုဟာ သင့်တော်ပါပေတယ် ဆိုပြီး ရပ်တန့်သွားတာတွေ ရှိပါတယ်။ ငါသာဆိုရင် ဒီလို ဆက်မေးလိုက်မှာလို့ စာဖတ်သူ စိတ်ကူးမိမဲ့ နေရာမျိုးတွေ ရှိပါတယ်။ ဆက်စပ်ပြီး သိချင်စရာတွေကို ဆက်မမေးဘဲ ထားခဲ့တာတွေပါ။ ဆက်မေးသင့်ပါလျက်နဲ့ မမေးတော့တဲ့ အတွက်ကြောင့် မေးတတ်တဲ့မင်းနဲ့ ဖြေတတ်တဲ့ အရှင်တို့ရဲ့ အမေးအဖြေမှတ်တမ်းမှ ဟုတ်ရဲ့လား၊ စာရေးဆရာ တစ်ယောက်တည်းက ဇာတ်ကောင်တွေ ဖန်တီး, အမေးအဖြေ ခွင်ဆင်ပြီး ရေးထားတာများလားလို့ စဉ်းစားချင်စရာ ဖြစ်နေပါတယ်။

ဆက်မေးသင့်ပါလျက်နဲ့ မမေးဘဲ ရပ်လိုက်တဲ့ နမူနာတစ်ခု ပြပါမယ်။ အရှင်ဘုရား အနေနဲ့ နောက်ဘဝ ပဋိသန္ဓေ နေရအုံးမှာလားလို့ မိလိန္ဒမင်းကြီးက မေးပါတယ်။ အရှင်ဘုရားက ရဟန္တာလားလို့ ဆိုလိုတာပါ။ အရှင်နာဂသေနက ဟုတ်တယ်၊ မဟုတ်ဘူး ပြတ်ပြတ်သားသား မဖြေပါဘူး။ ကိလေသာရှိရင် နောက်ဘဝ ပဋိသန္ဓေနေရအုံးမယ်၊ ကိလေသာ မရှိတော့ရင် နောက်ဘဝ ပဋိသန္ဓေ မနေရတော့ဘူးလို့ ယေဘုယျ သဘောတရားကို ဖြေပါတယ်။ ဒီ အဖြေကို မိလိန္ဒမင်းကြီးက သဘောကျသွားတယ်လို့ ဆိုပါတယ်။ အရှင်နာဂသေနရဲ့ ပုဂ္ဂလိက အခြေအနေကို သိချင်လို့ မေးတာပဲ၊ အရှင်ဘုရားမှာ ကိလေသာ ရှိသေးသလားလို့ ဆက်မမေးသင့်ဘူးလား။ စပ်စပ်စုစုနဲ့ ဆက်စပ်မေးခွန်းတွေ မေးတတ်တဲ့ မင်းတရားကြီး ဒီနေရာမှာ ဘာဖြစ်လို့ ဆက်မမေးတော့တာလဲ။ ကျမ်းပြုသူ စာရေးဆရာက မေးခွင့်မပြုလို့ ဆက်မမေးတာလားလို့ မေးခွန်းထုတ်ချင်စရာ ဖြစ်မနေဘူးလား။

 

 

၃။ ဆွဲအားရဲ့ စိန်ခေါ်ချက် -

နောက်ထပ် စိတ်ဝင်စားစရာ တစ်ခုကိုတော့ ဗြဟ္မလောကပဉှာခန်းမှာ တွေ့ရပါတယ်။ ဗြဟ္မာ့ပြည်နဲ့ လူ့ပြည် အကွာအဝေးကို ဆွေးနွေးတဲ့အခန်း ဖြစ်ပါတယ်။ လူ့ပြည်နဲ့ ဗြဟ္မာ့ပြည် ဘယ်လောက်ဝေးသလဲလို့ မိလိန္ဒ မင်းကြီးက မေးပါတယ်။ အိမ်အထွတ်လောက်ရှိတဲ့ ကျောက်တုံးကြီး တစ်ခုဟာ ဗြဟ္မာ့ပြည်ကနေ ကျလာမယ်၊ တစ်ရက်မှာ ယူဇနာပေါင်း လေးသောင်းရှစ်ထောင် ခရီးတွင်မယ်၊ အဲ့ဒီ ကျောက်တုံးဟာ လေးလအကြာမှာ လူ့ပြည်ရောက်မယ်။ အဲ့ဒီလောက် ဝေးတယ်လို့ အရှင်နာဂသေနက ဖြေပါတယ်။

ဒါနဲ့ ဆက်စပ်ပြီး တွက်ဆကြည့်မယ်ဆိုရင် ကျောက်တုံးကြီးဟာ တစ်ရက်မှာ ယူဇနာ လေးသောင်းရှစ်ထောင်နှုန်းနဲ့ ကျလာတယ်ဆိုတော့ လေးလဆိုတော့ ယူဇနာပေါင်း ငါးဆယ့်ခုနစ်သိန်း ခြောက်သောင်း (၇၆၀၀၀၀) ဖြစ်ပါတယ်။ တစ်ယူဇနာကို ရှစ်မိုင်နှုန်းနဲ့ ပြန်တွက်ရင် မိုင်ပေါင်း လေးဆယ့်ခြောက်သန်း ရှစ်သောင်း(၄၆၀၈၀၀၀၀) ဖြစ်ပါတယ်။ လူ့ပြည်နဲ့ ဗြဟ္မာ့ပြည် အဲ့ဒီလောက် ဝေးတယ်လို့ ဆိုရမှာပါ။ အရှင်ရဲ့ အဖြေကို မင်းကြီးက သဘောကျတယ်လို့ ဆိုပါတယ်။ မင်းကြီးလည်း အကွာအဝေးကို ရုတ်တရက် တွက်ချက်ဖို့ ခက်ခဲနေတဲ့အတွက် ထားပါတော့လို့ သဘောကျလိုက်တာများလား။

သဘောကျတယ်ပဲ ထားပါဦး။ ဗြဟ္မာ့ပြည်ကနေ ကျောက်တုံးကြီး ကျလာမယ်ဆိုတဲ့ နေရာမှာ အစွန်းထွက် ပြဿနာ ရှိနေပါတယ်။ Gravitational force ဆိုတဲ့ ဆွဲအား ကို ထည့်မတွက်ခဲ့တာပါ။ မိလိန္ဒမင်းကြီးကလည်း ဆက်စပ်ပြီး မစပ်စုခဲ့ပါဘူး။ အဲ့ဒီခေတ်တုန်းက ဆွဲအားနိယာမကို မဖော်ထုတ်ရသေးတဲ့အတွက် တွေးခေါ်စဉ်းစားမှု ယုတ္တိနယ် ကျဉ်းခဲ့ပါတယ်။ ဆွဲအားနိယာမကို လူတွေ မသိသေးဘူး၊ မဖော်ထုတ်ရသေးဘူး ဆိုပေမဲ့ ဆွဲအားသဘောကတော့ ရှိနေခဲ့ပြီးသားပဲ ဖြစ်ပါတယ်။

ဆွဲအားကို ထည့်စဉ်းစားမယ်ဆိုရင် လူ့ပြည်ဆီ ကျလာတဲ့ ကျောက်တုံးကြီးဟာ တစ်ရက်တစ်ရက်မှာ ယူဇာနာ လေးသောင်းရှစ်ထောင်နှုန်းနဲ့ ကျလာလို့ မရပါဘူး။ တစ်သမတ်အလျဉ်နဲ့ ကျမလာနိုင်ပါဘူး။ ကမ္ဘာနဲ့ နီးလာလေ ဆွဲအား ပိုပြင်းပြီး ကျတဲ့နှုန်း မြန်လာလေ ဖြစ်ရမှာပါ။ နောက်တစ်ခုက တွက်ဆခဲ့တဲ့ အကွာအဝေးကနေ ကျလာတဲ့ ကျောက်တုံးကြီးဟာ (သာမန်အိမ်တစ်လုံးလောက် ရှိအုံးတောင်မှ) ကမ္ဘာဆီ ကျမလာနိုင်ပါဘူး။ အဲ့ဒီလောက် အကွာအဝေးမှာရှိတဲ့ အဲဒီလို ကျောက်တုံးကြီးအပေါ် ကမ္ဘာ့ဆွဲအား သက်ရောက်မှု မရှိသလောက်ပဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ ကျောက်တုံးကြီးဟာ အာကာသထဲ လွင့်မျောနေဖို့ပဲ ရှိပါတော့တယ်။

ဒါက နိဗ္ဗာန်ရောက်ကြောင်းတော့ မဟုတ်လှပါဘူး။ သူ့ခေတ်နဲ့ သူ့အခါ အဆင်ပြေခဲ့ပေမယ့် ဒီနေ့ခေတ် ကာလမှာ ခေတ်ကာလ ဗဟုသုတ, ခေတ်ကာလ အသိဉာဏ်နဲ့ တွက်ဆကြည့်ရင် အဆင်မပြေတာကို ဆိုလိုတာပါ။

၄။ လောင်ကျွမ်းမှု ပြဿနာ - ဥပမာကြောင့် ရှုပ်ထွေးမှု

နောက်ထပ် စိတ်ဝင်စားစရာ တစ်ခုက လောင်ကျွမ်းမှုပြဿနာ ဖြစ်ပါတယ်။ နေရယိကဂ္ဂိဉဏှဘာဝပဉှာခန်းမှာ ငရဲမီး ပူလောင်ပုံကို ဆွေးနွေးထားပါတယ်။ ငရဲပြည်က ငရဲမီးဟာ လူ့ပြည်က သာမန်မီးထက် အဆများစွာ ပိုပူတယ်၊ ပိုပြင်းတယ်လို့ ဆိုပါတယ်။ လူ့ပြည်က သာမန်မီးနဲ့ ကျောက်ခဲလေး တစ်လုံးကို တစ်နေကုန်အောင် လောင်ကျွမ်းရင်တောင်မှ ကျောက်ခဲလေး ကျေပျက်မသွားနိုင်ပေမယ့် ငရဲပြည်က ငရဲမီးနဲ့ ဆိုရင်တော့ ကျောက်တုံးကြီးကိုတောင် တစ်ချက်တည်းနဲ့ ဟုတ်ကနဲ လောင်ကျွမ်းပစ်လိုက်နိုင်တယ်လို့ ဆိုပါတယ်။ ငရဲပြည်က ငရဲမီး အဲ့ဒီလောက် ပြင်းပေမဲ့ ငရဲသားကို လောင်ကျွမ်းတဲ့ အခါမှာတော့ ငရဲသား တစ်ချက်တည်းနဲ့ ကျေပျောက်မသွားဘဲ အပြစ်ရှိသလောက် ခံရပြီးမှ ငရဲက လွတ်မြောက်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို ငရဲပြည်က ငရဲမီးရဲ့ ပြင်းအားနဲ့ ငရဲသားကို လောင်ကျွမ်းမှု အပေါ်မှာ မိလိန္ဒမင်းကြီး မရှင်းမရှင်း ဖြစ်နေပါတယ်။ ငရဲမီးသာ ပြောသလောက် ပြင်းထန်မယ်ဆိုရင် ငရဲသားကို တစ်ချက်တည်း လောင်ကျွမ်းပစ်လိုက်ပါ့လား၊ ဘာ့ကြောင့် ငရဲသက် ရှည်နေရတာလဲလို့ မေးခွန်းထုတ်ပါတယ်။

ငရဲသား ကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံကြောင့် ပြန်ပြန်ရှင်ပြီး အဖန်ဖန် လောင်ကျွမ်းခံနေရတာလို့ အရှင်နာဂသေန ဖြေပါတယ်။

အဓိက အကြောင်းရင်းကတော့ ကံစွမ်းသတ္တိပဲ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် မေးလိုရင်းရော အဖြေပါ ရှင်းပါတယ်။ ရှင်းနေတာကို ဥပမာနဲ့ ဆက်ပြောပါ့အုံး ဆိုတော့ ဥပမာတွေနဲ့ ဆက်ပြောပါတယ်။ ဥပမာတွေကလည်း သာမန်စာဖတ်သူအတွက် ဆိုရင်တော့ ကောင်းမွန်တဲ့ ဥပမာတွေလို့ ဆိုနိုင်ပါတယ်။ စေ့စေ့စပ်စပ် လိုက်ဖတ်ပြီး ဆက်စပ်မှုတွေနဲ့ ကြံဆမိတဲ့အခါ ရှုပ်ထွေးသွားပါတယ်။

ဥပမာတွေနဲ့ ရှင်းပြတဲ့ နေရာမှာ တိရစ္ဆာန်တွေ တစ်ကောင်နဲ့ တစ်ကောင် အကောင်လိုက် မျိုကြတဲ့အခါ မျိုတဲ့အကောင်မှာ အစာမကြေတာရယ်လို့ မရှိဘူး။ စားတဲ့မျိုတဲ့ တိရစ္ဆာန်ရဲ့ ဗိုက်ထဲမှာ အစားအမျို ခံရတဲ့ သတ္တဝါ အကောင်ရဲ့ အရိုးတွေတောင် ကျေပျက်လောင်ကျွမ်းသွားကြတယ်။ ဒါပေမယ့် ဗိုက်ထဲက သန္ဓေသားကျတော့ ဘာမှ မဖြစ်ဘူး။ အဲ့ဒါ ဘာ့ကြောင့်လဲလို့ အရှင်နာဂသေနက ပြန်လှန်မေးခွန်း ထုတ်ပါတယ်။ ကံကြောင့် ဖြစ်မှာပါလို့ မင်းကြီးက ဖြေပါတယ်။ ထိုနည်းတူပဲ ငရဲသားရဲ့ ကံကြောင့်ပေါ့လို့ နောက်ဆုံး အဖြေ ပေးလိုက်ပါတယ်။ အလားတူ ဥပမာတွေ ရှိပါသေးတယ်။ ထားလိုက်ပါတော့။ နောက်ဆုံး အရှင်နာဂသေနရဲ့ ရှင်းလင်း ဖြေဆိုချက်တွေကို ထုံးစံအတိုင်း မိလိန္ဒမင်းကြီးက သဘောကျသွားလေသတည်း ပါပဲ။

သဘောမကျစရာက စောစောက ပြောခဲ့သလို မေးလိုရင်း ဖြေလိုရင်း ရှင်းနေပေမဲ့ ဥပမာနဲ့ ဆက်ရှင်းလိုက်တဲ့ နေရာမှာ မရှင်းမရှင်း ဖြစ်ရတာပါ။ စားတဲ့မျိုတဲ့ တိရစ္ဆာန်ရဲ့ ဗိုက်ထဲမှာ အမျိုခံရတဲ့ အကောင်ရဲ့ အရိုးတွေတောင် ကျေပျက်လောင်ကျွမ်း သွားရပေမဲ့ မျိုတဲ့အကောင်ရဲ့ ဗိုက်ထဲက သန္ဓေသားကျတော့ ဘာမှ မဖြစ်တာဟာ ကံစွမ်းသတ္တိကြောင့်ဆိုတဲ့ နှိုင်းယှဉ်ချက်ဟာ နားရှုပ်စရာ ဖြစ်ပါတယ်။ ကံကြောင့် ဆိုတာထက် ခန္ဓာဗေဒ ဖွဲ့စည်းပုံကြောင့်လို့ နားလည်သင့်ပါတယ်။

အမျိုခံရတဲ့ အကောင်က မျိုတဲ့အကောင်ရဲ့ အစာအိမ်ထဲ ရောက်သွားပြီး အစာချေ စနစ်ရဲ့ ချေဖျက်တာကို ခံလိုက်ရတာ၊ မျိုတဲ့အကောင်ရဲ့ သန္ဓေသားကတော့ သားအိမ်ထဲမှာမို့ ဘေးကင်းနေတာ မဟုတ်လား။ ကံနဲ့ ဆိုင်လို့လား။ သန္ဓေသားကို အစာအိမ်ထဲ ထည့်လိုက်ရင် သန္ဓေသားလည်း လောင်ကျွမ်းချေဖျက်ခံရမှာပဲ မဟုတ်လား။

သူ့ခေတ် သူ့အခါက သူ့ကျမ်းစာနဲ့သူ သဘောကျစရာ ဖြစ်ခဲ့တဲ့ ခိုင်းနှိုင်းဖြေဆိုမှုဟာ ခုနေခါမှာ အခုလို ဆက်စပ်စဉ်းစားလိုက်ရင် စဉ်းစားစရာ ဖြစ်နေပါတယ်။

ဒီနေရာမှာ သန္ဓေသား လောင်ကျွမ်းချေဖျက်မခံရဘဲ သားအိမ်ထဲမှာ ဘေးကင်းနေတာဟာ ကံစွမ်းသတ္တိက နေရာချပေးလိုက်တာကြောင့်လို့ ကံစွဲကြီးကြီးနဲ့ အတွန့်တက်နိုင်ပါသေးတယ်။ သတ္တဝါတွေအပေါ် ကံစွမ်းသတ္တိရဲ့ သက်ရောက်မှုကို ငြင်းစရာ မရှိပေမယ့် အရာရာအတွက် ကံနဲ့ဆက်စပ်ကြည့်နေဖို့ မလိုဘူးဆိုတာကို သတိထားသင့်ပါတယ်။ ကံတရားအပြင် သဘာဝတရားတွေ နိယာမတရားတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ အရာရာမှာ ကံကိုသာ လက်ညှိုးထိုးနေရင် ပုဗ္ဗေကတဟေတုကဒိဋ္ဌိ အယူမှားနဲ့ ငြိသွားနိုင်ပါတယ်။

ဒါတွေကတော့ မိလိန္ဒပဉှာ ကျမ်းစာကို ဖတ်မှတ်လေ့လာရင်း တွေ့မိတဲ့ စိတ်ဝင်စားစရာ, စဉ်းစားစရာလေးတွေကို မျှဝေရုံ သက်သက်ပါ။ စိတ်ဝင်စားလို့ စဉ်းစားချင်တယ်ဆိုရင် ဆက်လက်လေ့လာပြီး စဉ်းစားကြဖို့ အစဖော်ပေးလိုက်ပါတယ်။ အရေးမကြီးလို့ စိတ်မဝင်စားဘူး ဆိုရင်လည်း မေ့ထားလိုက်ပါ။

No comments:

Post a Comment