သတိမြဲစေ အကြင်နာစွဲနေ -
တစ်ညနေမှာ ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဘာဝနာသင်တန်း သွားတက်တယ်။ သူ့အိမ်နီးနားချင်းတွေ ခိုးဝှက်လုယက်တာ ခံထားရတဲ့အတွက် သူ့တိုက်ရဲ့ ဂိတ်စောင့်ကို နိုးနိုးကြားကြားရှိဖို့၊ အချိန်ပြည့် သတိရှိနေဖို့ မှာခဲ့တယ်။
သူပြန်လာတော့ သူတိုက်မှာ လုယက်မှု ဖြစ်ထားတာကို တွေ့လိုက်ရတယ်။ “ဝင်ခိုးတဲ့လူတွေကို သတိထားပါလို့ ငါမှာခဲ့တယ်။ နင်က ငါခိုင်းတဲ့တာ မလုပ်ဘူး”လို့ ဂိတ်စောင့်ကို ဆူပူကြိမ်းမောင်းတယ်။
“ကျွန်တော် သတိထားပါတယ် ချင်ဗျာ့။ တိုက်ထဲ ဝင်ခိုးတဲ့သူတွေကို မြင်လိုက်ပါတယ်။ ‘သူခိုးဝင်တယ် . . . သူခိုးဝင်တယ်’လို့လည်း မှတ်လိုက်ပါတယ် ခင်ဗျာ့။ အစ်မကြီးရဲ့ ရတနာတွေ အကုန်လုံးကို သူတို့ ယူပြီး ထွက်သွားတာလည်း မြင်လိုက်ပါတယ် ခင်ဗျာ့။ ကျွန်တော်လည်း ‘ရတနာတွေ ပါသွားပြီ . . . ရတနာတွေ ပါသွားပြီ’လို့ သတိအပြည့်နဲ့ မှတ်လိုက်ပါတယ် ခင်ဗျာ့။ နောက်တစ်ခေါက် ပြန်လာပြီး မီးခံသေတ္တာကို သယ်သွားတာလည်း မြင်လိုက်ပါတယ် ခင်ဗျာ့။ ကျွန်တော်လည်း ‘မီးခံသေတ္တာ ပါသွားပြီ . . . မီးခံသေတ္တာ ပါသွားပြီ’လို့ မှတ်ပါတယ်ခင်ဗျာ့” လို့ ဂိတ်စောင့်က ပြန်ပြောတယ်။
သတိမြဲရုံနဲ့ မလုံလောက် -
အဲ့ဒီ ဂိတ်စောင့်သာ သတိမြဲသလို သူ့အလုပ်ရှင်အပေါ် ကြင်နာတတ်တယ်ဆိုရင် ရဲစခန်း ဖုန်းဆက်လိုက်မှာပေါ့။ သတိထဲမှာ အကြင်နာ ထည့်လိုက်ရင် အကြင်နာနုဿတိ ဖြစ်ပါတယ်။
သိပ်မကြာခင် တစ်နှစ်တုန်းက အစာအဆိပ်သင့်ခဲ့ဖူးတယ်။ ကျောင်းက ရဟန်းတွေဟာ လှူတဲ့ဆွမ်းကိုပဲ အမှီပြုကြရတယ်။ ဒကာဒကာမတွေ လှူတဲ့ နိစ္စဘတ်ဆွမ်းပါ။ ဘာတွေ စားရတယ်ဆိုတာ တကယ်ကို မသိတာပါ။ လှူတာကို ဘုဉ်ပေးလိုက်ကြတာပဲ။ ရဟန်းဘဝ အခြေအနေအရ မကြာခဏ ဗိုက်နာတတ်ကြပါတယ်။ အဲ့ဒီ တစ်ခါမှာတော့ သာမန် ဗိုက်အောင့်တာ မဟုတ်ဘဲ ဆိုးဆိုးရွားရွား အစာအဆိပ်သင့်ခဲ့တာပါ။
အဲ့ဒီမှာ . . . အကြင်နာစွမ်းအားကို အသုံးချဖို့ အခွင့်အရေး ရခဲ့ပါတယ်။ နာတာသက်သာအောင် ကြိုးစားမနေဘဲ နာကျင်တဲ့ ဝေဒနာကို အတတ်နိုင်ဆုံး အပြည့်အဝ ခံစားနေလိုက်ပါတယ်။ ဖြစ်နေတဲ့ ဝေဒနာကို မတုံ့ပြန်ဘဲ ဖြစ်ခိုက်မှာပဲ အတိကျဆုံး သိမှတ်ခံစားနေလိုက်ပါတယ်။ ဒါဟာ သတိပါ။ နောက်ပြီး အကြင်တရား ဖြည့်စွက်လိုက်ပါတယ်။ နာကျင်တဲ့ ဝေဒနာအတွက် နှလုံးသားတံခါး ဖွင့်ပေးလိုက်ပါတယ်။ ဝေဒနာကို တုံ့ပြန်တိုက်ခိုက်မယ့်အစား နွေးနွေးထွေးထွေးနဲ့ တလေးတစား လက်ခံလိုက်တာပါ။ သတိစိုက်လိုက်တော့ နာကျင်တာ သက်သာလာပါတယ်။ နာကျင်မှုအပေါ် အကြင်နာတရား ဆက်ပွားပါတယ်။ အကြင်နာတရားက အစာချေလမ်းကြောင်းကို ဖြေလျှော့ပေးတဲ့အလုပ် လုပ်လိုက်တာ့ နည်းနည်းချင်း သက်သာလာပါတယ်။ မိနစ်နှစ်ဆယ်နေတော့ နာတာတွေ လုံးဝ ပျောက်သွားပါတယ်။ အစာအဆိပ်သင့်တာ မဖြစ်ခဲ့သလို ခံစားရပါတယ်။
ဗိုက်နာတာပျောက်ဖို့အတွက် တစ်ခြားအကြောင်းအချက်တွေ ရှိမှာပါလို့ ထင်တဲ့သူက ထင်လိမ့်မယ်။ ကိုယ်တွေ့ပါ။ တစ်ခြားအကြောင်း မရှိပါဘူး။ အဓိက ဖြေဆေးက အကြင်နာတရားပါ။ ဘာဆေးမှ မစားပါဘူး။ ရေတောင် မသောက်ပါဘူး။ နှိပ်နယ်တာလည်း မလုပ်ပါဘူး။ အကြင်နာကုထုံး ဖြစ်ပါတယ်။ သန့်သန့်လေးပါ။ ရိုးရှင်းပါတယ်။ သေချာတာက . . . ဒါကို လေ့ကျင့်လာတာ နှစ်ပေါင်းလေးဆယ် ကျော်ပါပြီ။ ဒါ့ကြောင့် ဒီလောက် အစွမ်းထက်တာပါ။ ခွေခေါက်နေရလောက်အောင် စူးစူးဝါးဝါး နာပုံက . . . ငရဲပါပဲ။ သတိနဲ့ အကြင်နာကို အပြည့်အဝ အသုံးချလိုက်လို့ ဒီဝေဒနာ ပျောက်ကင်းသွားတာပါ။
“အကြင်နာနဲ့ ဖြေလျှော့
ကိုယ်ရော ဝန်းကျင်ပါ ပေါ့ပါးစေ။
အကြင်နာနဲ့ ကုသ
သတိမြဲစေ အကြင်နာစွဲနေ။”
(ဆက်ရန် . . . . .)
Ref:
“Don’t Just Be Mindful, Be Kindful”
from
“Kindfullness” by Ajahn Brahm
No comments:
Post a Comment