( မှ အဆက် )
ဒီနေ့ခေတ်မှာ တော်တော်များများ တရားအားထုတ်ကြပါတယ်။ သူတို့အတွက် ကြီးမားတဲ့ ပြဿနာက စိတ်ကို ငြိမ်အောင် မထိန်းနိုင်တာပါ။ ဘယ်လောက်ပဲ အသည်းအသန် ကြိုးစားကြိုးစား တွေးတောတာကို မရပ်တံ့နိုင်ကြပါဘူး။ ဘာ့ကြောင့်လဲ။ ဒါကို သဘောပေါက်ဖို့ ပုံပြင်တစ်ပုဒ် ပြောပြပါမယ်။
ညနေခင်း တစ်ခုမှာ အမျိုးသမီးတစ်ယောက်ဆီ ဖုန်းဝင်လာတယ်။
“ဟလို ထ.က ပါ။ ဒီညနေ ကော်ဖီထွက်သောက်ဖို့ အားသလား”လို့ ဖုန်းဆက်သူက မေးတယ်။
“သိပ်အားတာပေါ့”လို့ အမျိုးသမီးက ပြန်ဖြေတယ်။
ထ.က ဆိုတဲ့ ဖုန်းဆက်သူက ဆက်ပြောတယ်။
“ကောင်းပြီ။ ငါကြိုက်တဲ့ ကော်ဖီဆိုင် သွားကြမှာနော်။ မင်းကြိုက်တဲ့ဆိုင် မဟုတ်ဘူး။ မင်း ဘလက်ကော်ဖီခါးခါး သောက်ရမှာနော်၊ မင်းကြိုက်တဲ့ နို့ကော်ဖီချို မသောက်ရဘူး။ ငါစားသလို ဘလူးဘယ်ရီ ပေါင်မုန့် စားရမယ်နော်၊ မင်းစားနေကျ ထောပတ်မုန့်တွေ မစားရဘူး။ ငါ့စိတ်ကြိုက် တိတ်ဆိတ်တဲ့ ချောင်တစ်ခုမှာ ထိုင်ကြမယ်နော်၊ မင်း ခါတိုင်းလုပ်နေကျအတိုင်း ကော်ဖီခွက် ကိုင်သောက်ရင်း လျှောက်သွားတာမျိုး မရဘူး။ ငါ စိတ်ဝင်စားတဲ့ နိုင်ငံရေး အကြောင်းတွေ ပြောကြမယ်နော်၊ မင်း တွတ်ထိုးနေကျ ဘာသာရေး အကြောင်းတွေ မပါရဘူး။ နောက်ဆုံး တစ်ခု . . . ငါတို့ မိနစ်ခြောက်ဆယ် ထိုင်ကြမယ်နော်။ မိနစ်ငါးဆယ်၊ မိနစ်ခုနစ်ဆယ် အလျှော့အတင်း မရဘူး။ တစ်နာရီ အတိအကျပဲ။ ဘာလို့လဲဆိုတော့ ငါက အဲ့လောက်ပဲ နေချင်တာမို့လို့ ပါ” တဲ့။
ဖုန်းကိုင်တဲ့ အမျိုးသမီးက စဉ်းစားတဲ့ပြီး ချက်ချင်း ပြန်ပြောတယ်။
“အင်း . . . ခုမှ သတိရတယ်။ ငါ ဒီညနေ သွားဆရာဝန် ပြစရာရှိတယ်။ ဆောရီးပဲ ထ.က ရေ။ ငါ မလိုက်နိုင်ဘူး” တဲ့။
ဘယ်သွား ဘာစား ဘာတွေသောက်၊
ဘယ်ထိုင် ဘာပြော ပညတ်သူ တစ်ယောက်။
ကော်ဖီပူ အတူသောက်မလား သူကမေး၊
မသောက်ချင်ဘူး ရှောင်ထွက်ပြေး။
ထ.က ဆိုတဲ့သူ ဘယ်သူလဲ မခန့်မှန်းမိသေရင် . . . သူကတော့ ငထိန်းကောင်ပါ။
ဒါကို တရားအားထုတ်တဲ့သူနဲ့ နှိုင်းယှဉ်ကြည့်ပါ။
“စိတ်ရေ . . . နားထောင်စမ်း။ ငါတို့ တရားထိုင်ကြမယ်။ မင်းက ငါလုပ်စေချင်တဲ့အတိုင်း အသက်ရှူတာကို စောင့်ကြည့်ရမယ်။ မင်း ထင်တိုင်း လျှောက်မသွားရဘူး။ ငါ ဖြစ်စေချင်တဲ့အတိုင်း နှာသီးဖျားမှာပဲ စူးစူးစိုက်စိုက် ရှိနေရမယ်။ လမ်းပေါ် မထွက်ရဘူး။ မိနစ်ခြောက်ဆယ် အတိအကျ ထိုင်နေရမယ်။ တစ်မိနစ်မှ အပိုအလို မရှိစေရဘူး”ဆိုပြီး တရားထိုင်တဲ့သူနဲ့ နှိုင်းယှဉ်ကြည့်ပါ။
ကိုယ်က ကိုယ့်စိတ်ကို ကိုယ့်ကျေးကျွန်လို သဘောထားပြီး ထိန်းချုပ်ကောင် လုပ်တဲ့အခါ စိတ်က ကိုယ့်ဆီကနေ ထွက်ပြေးဖို့ ကြိုးစားတာ မဆန်းပါဘူး။ စိတ်က အသုံးမကျတဲ့ အမှတ်တရတွေအကြောင်း တွေးလိမ့်မယ်၊ ဖြစ်မလာနိုင်တာတွေ စီမံခန့်ခွဲလိမ့်မယ်။ လေထဲ တိုက်ဆောက်မယ်၊ ဒါမှမဟုတ် အိပ်ပျော်သွားမယ်။ ကိုယ်နဲ့ဝေးပြီးရော . . . သူလုပ်မှာပဲ။ ဒါကြောင့် စိတ်ကို ငြိမ်အောင် မထိန်းနိုင်တာပါ။
အမြဲ စိုးမိုး ထိန်းချုပ်ကောင်၊
စိတ်က မငြိမ်နိုင်ပေါင်။
စောစောက အမျိုးသမီးဆီ ဖုန်းဝင်လာပြန်တယ်။
“ဟလို က.က ပါ။ ဒီညနေ ကော်ဖီလာသောက်နိုင်မလား။ မင်း ဘယ်နေရာ သွားချင်လဲ။ မင်း ဘာသောက်ချင်လဲ၊ ဘာစားချင်လဲ။ မင်း ကြိုက်တဲ့နေရာမှာ ထိုင်ကြမယ်။ မင်း ပြောချင်တာတွေ ပြောကြမယ်။ မင်း နေချင်သလောက် ငါ နေပေးပါ့မယ်”လို့ ဖုန်းဆက်သူက ပြောတယ်။
ဖုန်းကိုင်တဲ့ အမျိုးသမီးက ပြန်ဖြေတယ်။
“သိပ်ရတာပေါ့။ ငါ ဒီညနေ သွားဆရာဝန် ပြစရာတော့ ရှိတယ်။ ထားလိုက်ပါ။ သွားဆရာဝန်က အရေးမကြီးပါဘူး။ မင်းနဲ့ ကော်ဖီသောက်ဖို့ ငါ လာခဲ့မယ်” တဲ့။
အဲ့ဒီလိုနဲ့ပဲ သူတို့နှစ်ယောက် နားနာနေနေနဲ့ ပျော်စရာ အချိန်တစ်ခုကို အတူတူ ကုန်လွန်ခဲ့ကြတယ်။ ထင်ထားတာထက် ပိုပြီး အချိန်ကြာသွားတယ်။ က.က ဆိုတဲ့ ဖုန်းဆက်သူကတော့ အကြင်နာကောင် ဖြစ်ပါတယ်။
စိတ်ကို မိတ်ဖွဲ့ တရားထိုင်၊
ဘာတွေ ဖြစ်မလဲ မှန်းဆနိုင်။
စိတ်ကို ရင်းနှီးတဲ့ မိတ်ဆွေလို ဆက်ဆံတယ် ဆိုတာဟာ စိတ်အပေါ် နွေးထွေးတာ၊ စိတ်နဲ့ရင်းနှီးတာတွေ ဖြစ်ပါတယ်။ “ဟေ့ကောင် တရားထိုင်မလား။ မင်းက ဘာကို အာရုံစိုက်ချင်သလဲ။ ဘယ်လို ထိုင်ချင်သလဲ။ ဘယ်လောက် ကြာမလဲ”လို့ စေ့စပ်တဲ့သဘောနဲ့ စိတ်ကို ဆက်ဆံနိုင်ပါတယ်။ စိတ်အပေါ် ဖော်ဖော်ရွေရွေ ကြင်ကြင်နာနာနဲ့ သတိထားပြီး ဆက်ဆံလိုက်တဲ့အခါ စိတ်က သွားချင်ရာ လျှောက်မသွားတော့ပါဘူး။ စိတ်က ကိုယ်နဲ့အတူ နေလာပါတယ်။ စိတ်နဲ့အတူ အချိန်ဖြုန်းရင်း အပန်းဖြေနိုင်ပါတယ်။ မျှော်လင့်ထားတာထက် ပိုပြီး အချိန် ကြာနိုင်ပါတယ်။
(ဆက်ရန် . . . . .)
Ref:
“Kindfulness and Stillness” from