Thursday, March 25, 2021

သို့ကလိုဖြင့် စိတ်အေးချမ်းသာစွာ မြန်မြန်သာ . . . . .

"အရှင်ဘုရားရယ် . . . တပည့်တော်လည်း မိရိုးဖလာ ဗုဒ္ဓဘာသာ ဆိုပေမယ့် . . . လူ့ဘောင်မှာ ကျင်လည်ရင်းနဲ့ လက်လှမ်းမီသလောက်တော့ . . . အလေးပြုလောက်တဲ့ ဆရာတော်ကြီးတွေ့ရဲ့ တရားတွေ နာလာတာ မနည်းတော့ပါဘူး။ ယုံကြည်ရလောက်တဲ့ ဘာသာရေးစာအုပ်တွေ ဖတ်ထားတာလည်း မနည်းတော့ပါဘူး။ အမှန်အတိုင်း ပြောရရင် . . . ဘာတရားထူးမှ မရသေးပေမယ့် ခပ်ညံ့ညံ့ ဗုဒ္ဓဘာသာဝင်တော့ မဟုတ်ပါဘူး။ သိမှတ်လေ့လာ စူးစမ်းမိသလောက် ပြောရရင် . . . အခုခေတ် တောင်းဆိုနေကြတဲ့ ဒီမိုက‌ရေစီ‌တွေ၊ လူ့အခွင့်အရေးတွေ၊ တန်းတူညီမျှမှုတွေဆိုတာ ဘုရားဟော တရားတော်နဲ့ နှိုင်းယှဉ် ကြည့်လိုက်ရင် တရားတော်ရဲ့ ကကြီးခကွေး အဆင့်လောက်ပဲ ရှိတာပါ။ ဘုရားဟောတဲ့ တရားသဘောနဲ့ ကြည့်မယ်ဆိုရင် အခု တောင်းဆိုနေတာတွေ ဘာမှ မပေးနိုင်စရာ မရှိပါဘူး။ လူဒကာတွေ အနေနဲ့ သူတို့ ရထားတဲ့ အခွင့်အာဏာ ရာထူးဥစ္စာတွေ ကာကွယ်ဖို့ မတရားမှု အမျိုးမျိုး လုပ်နေကြတာလို့ နားလည်ပါတယ်။ လျှောက်ရမှာ အားတော့နာပါတယ် . . .။ တပည့်တော် နားမလည်တာက . . . အရှင်ဘုရားတို့ ဘုန်းဘုန်းတွေပဲ ဘုရား။ လူသားတွေက လူ့ရည်ရွယ်ချက်နဲ့ မတရားမှု အမျိုးမျိုး လုပ်နေကြတာကို . . . မသမာမှုတွေအတွက် ရှေ့နေလိုက် ကာကွယ်ပေးနေတဲ့ ဘုန်းဘုန်းတွေကို ဘယ်လို နားလည်ရမှန်းကို မသိတော့ပါဘူး ဘုရား။"
 
"ဟား . . . မင်းကလည်း . . . လည်မလိုလိုနဲ့ တော်တော်ကြီးကို အတာပဲ။ ဥပမာ တစ်ခု နှစ်ခု ပြောမယ်။ ကျန်တာတော့ မင့်ဟာမင်း ချဲ့ထွင်စဉ်းစား။ ကဲ . . . မင်းတို့ လိုချင်တဲ့ ဒီမိုကရေစီ . . . ဖက်ဒရယ် ပြည်ထောင်စုကြီး ရပါပြီတဲ့၊ ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းပြီး မြန်မာနိုင်ငံကြီး ချမ်းသာကြွယ်ဝ တိုးတက်ပြီ အာရှအဆင့် . . . ကမ္ဘာ့အဆင့် . . . အဆင့်မြင့် တိုင်းပြည်ကြီး ဖြစ်လာပါပြီတဲ့ . . .။ အဲ့ဒီတော့ကွာ . . . ပြည်တွင်းစစ် မရှိတော့ရင် ဒီနေ့ . . . အဲ . . . စစ်ဘေးရှောင်ရင်း၊ ပညာသင်ရင်း၊ ဗဟုသုတ လေ့လာရင်း အခု . . . ငါ့ကျောင်းလာနေတဲ့ ပလောင်ကိုရင်လေးတွေ၊ ပအို့ကိုရင်လေးတွေ ဘယ်ရှိတော့မှာလဲ ဟ။ သူတို့မှ မလာရင် ငါ့ကျောင်းတိုက်ကြီး သော့ခတ်ပိတ်ထားရုံပဲ ရှိတော့မယ်။ မခက်ပေဘူးလား။ မင်းတို့ ဒီမို အစိုးရက နိုင်ငံတော်ရဲ့ ကျန်းမာရေး ပညာရေး ပြည့်ပြည့်ဝဝ တာဝန်ယူပေးမယ်ဆိုရင် ငါ့ ဘ-ကကျောင်းလေး . . . ဘာလုပ်တော့မှာလဲ။ အခမဲ့ ပညာရေးတင် မကဘူး။ အခမဲ့ ကျန်းမာရေး ဆေးရုံတွေ၊ ဆေးခန်းတွေ တောင်ပေါ်မြေပြန့် အနှံ့အပြား ရှိလာမယ်ဆိုရင် ငါထူထောင်ထားတဲ့ ပရဟိတ ဆေးခန်းလေးတွေ ပိတ်လိုက်ရတော့မှာ‌ပေါ့ ဟ။ ငါ့ သာသနာပြု လုပ်ငန်းတွေ အကုန်ရပ်။ ငါလည်း ငတ်။ ငါ့မယ်တော်ကြီးလည်း ငတ်။ ငါ့ဆွေတော်မျိုးတော်တွေ၊ ငါ့တပည့်သားမြေးတွေ အကုန် . . . ငတ်။ ကဲ . . . ကျန်တာတော့ မင့်ဟာမင်း စဉ်းစားတော့ကွာ။ ငါ့ လ ခွ မ်း။ ကဲ မင်းလည်း ဆန္ဒပြ သွားမှာဖြင့် သွားတော့ကွာ။ ငါဖြင့် ဒီရက်ပိုင်းထဲ ဆွမ်းတောင် ကောင်းကောင်း မစားချင်ဘူး။ ညညလည်း ဟိုအရေး ဒီအရေး ဟိုတွေး ဒီတွေး . . . ကောင်းကောင်း အိပ်မပျော်ချင်ဘူး။ မြန်မြန် ပျံတော်မူမယ့် ကိန်းပဲ။"

No comments:

Post a Comment