Tuesday, March 30, 2021

လူ့အလုပ်ပေးတရား

"ဘုရားဒကာကြီး . . . အခြေအနေတွေကတော့ မလွယ်ကြောတွေပါလား ဗျ။"

"ကိုယ့်အလုပ် ကိုယ်လုပ်စမ်းပါ ကိုယ်တော်။ ကိုယ်တော်လည်း ဘာမှ မတတ်နိုင်ဘူး။ တပည့်တော်လည်း ဘာမှ မတတ်နိုင်ဘူး။ ဒါနဲ့ ကိုယ်တော် . . . ကိုယ်တုံးလုံးကြီး မနေစမ်းပါနဲ့ ဘုရား။ ဧကသီ ပတ်ထားစမ်းပါ။ ‌နွေရာသီလည်း ရောက်သေးတာ မဟုတ်ဘူး။ ကိုယ်ပတ် သေးသေးလေးဖြစ်ဖြစ် ပတ်ထားစမ်းပါ။"

"အခုတလော ကျုပ်က ရင်ဘတ်ကို ဖွင့်ထားချင်တာ ဗျ။ လူတွေရော . . . ဘုန်းကြီးတွေရော ရင်ဘတ်တွေ ပိတ်ထားကြတော့ . . . လူ့ရင်ဘတ်ထဲ၊ လူ့နှလုံးသားထဲ လူစိတ် မဝင်နိုင်ကြဘူး ဖြစ်နေတာ ထင်တယ် ဗျ။"

"လူပဲ ကိုယ်တော် . . . လူစိတ် မရှိလို့ ခွေးစိတ်ရှိနေလို့လား။"

"ခွေးတွေကမှ ခွေးအချင်းချင်း ခွေးစိတ်နဲ့ ဆက်ဆံတာ . . . ခွေးသဘောထား ပျော့ပျောင်းတာမျိုးတွေ ရှိအုံးမယ်။ လူတွေ လူမဆန်ရင် . . . အကုန်လုံး ခက်ကုန်တော့တာပဲ။ လိုရင်း ပြောရရင် . . . လူကို လူလိုမမြင်လို့ ခက်နေတာ ဗျ။ ကမ္ဘာက ပြောနေတဲ့ လူ့အခွင့်အရေးတွေ၊ လူသားချင်း စာနာမှုတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ အသင်းအဖွဲ့တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ထုတ်ပြန်ချက်တွေ . . . ရှုပ်နေတာပဲ။ ကျုပ်တို့ကတော့ ရှင်းရှင်းပဲ။ လူစိတ်ရှိရင် ပြီးပြီ ဗျာ။ ဘာမှကို မလိုတော့ဘူး။ ဘုရားဟောနဲ့ တိုက်ကြည့်ရင်လည်း ဘာမှ လွဲစရာ မရှိဘူး။ လူကို လူလို မြင်လိုက်ဗျာ . . . ပြီးပြီ။ ကချင်ကို လူလို့မြင်၊ ကယားကို လူလို့မြင်၊ ကုလားကို လူလို့မြင်၊ ကရင်ကို လူလို့မြင်၊ ဘယ်တိုင်းရင်းသားဖြစ်ဖြစ် လူလို့ပဲ မြင်လိုက်။ ဘယ်လူမျိုး၊ ဘယ်နိုင်ငံသားဖြစ်ဖြစ် လူကို လူလို့ပဲ မြင်လိုက်။ ဘုရားဒကာကြီးတို့ ယောဂီတွေ ရှုမှတ်နေတဲ့ နာမရူပပရိစ္ဆေဒဉာဏ်လောက် မခက်ပါဘူး ဗျ။ သူမဟုတ် ငါမဟုတ် . . . နာမ်နဲ့ရုပ်ပဲ ရှိတာ မဟုတ်လား။ ဉဒယဗ္ဗယဉာဏ်တွေ၊ သင်္ခါရုပေက္ခာဉာဏ်တွေ . . . ထားပါ့အုံး။ လူစိတ်ဝင်ဖို့ကို မလွယ်တာဗျ။ အင်း . . . လူတွေထက် . . . ဘုန်းကြီးတွေ လူစိတ်နည်းတာ ပိုဆိုးတယ်ဗျာ . . .။ အံသကိုက် တစ်ထပ်၊ ဧကသီတစ်ထပ်၊ သင်္ကန်းကြီးတွေ ရုံပတ် . . . နှစ်ထပ်သင်္ကန်းကြီးတွေခြုံ . . . အဲ့လိုတွေ ပိတ်ထားလို့များ ရင်ဘတ်ထဲ လူစိတ်မဝင်နိုင်တာလားလို့ စဉ်းစားမိတယ်။ ကျုပ်ကတော့ ရင်ဘတ်ကြီး ဖွင့်ထားတယ် ဗျာ။"

"ကြည်ညိုစရာ မကောင်းလိုက်လေ ကိုယ်တော် . . .။"

"ဟား ဟား ဟား . . .။ စိတ်လျှော့ပါ ဘုရားဒကာကြီးရယ် . . . စိတ်လျှော့ စိတ်လျှော့။ မနုဿတ္တဘာဝေါ ဒုလ္လဘော . . . အင်း . . . လူပြည်ရောက်ခိုက်လေး လူစိတ်မွေးနိုင်ရင် . . . တန်ပါပြီဗျာ။"

crd: only me

No comments:

Post a Comment