Monday, June 19, 2017

အားနာသည့် ဧည့်သည်


 မြို့တော်သည် ယခင်ကထက် သန့်ရှင်းလာသည်ဟု ဧည့်သည်က ထင်၏။ နိုင်ငံတော်ခေါင်းဆောင် ဦးဆောင်၍ အမှိုက်ကောက်ခဲ့သည်မှ စ၍ မြို့တော် သန့်ရှင်းရေး လှုပ်ရှားမှုမှာ ယခင်ကထက် ပို၍ အသက်ဝင်လာသည် ထင်ရ၏။ အကျဉ်းအကျပ် နေရာများစွာတို့၌ ကွမ်းသွေးနှင့် အမှိုက်တို့ ထူထပ်ခဲ့ဖူးသော်လည်း ထိုကဲ့သို့သော အညစ်တောများကို ဥယျဉ်ကဲ့သို့ ဖန်တီး၍ နိုင်ငံတော်ခေါင်းဆောင်၏ မွေးနေ့ကို ကြိုဆိုနေကြပြီ ဖြစ်သည်။ သာမန်လူတို့ အနေဖြင့် သပ်ရပ်သန့်ရှင်းသည့် နေရာ၌ အမှိုက်ပစ်ကြလိမ့်မည် မဟုတ်။ ကွမ်းသွေးလည်း ထွေးကြလိမ့်မည် မဟုတ်ပေ။ သန့်ရှင်းခြင်းသည် ဂုဏ်သိက္ခာ ဖြစ်၏။ တန်ဖိုးတစ်ခု ဖြစ်၏။ အဆင့်အတန်း တစ်ခုလည်း ဖြစ်၏။

ဤမြို့ခံဇာတိသား မဟုတ်သော်လည်း သန့်ရှင်းသော မြို့တော်အတွက် ဧည့်သည်က ဂုဏ်ယူနေသည်။ ကိုယ့်နိုင်ငံထဲမှာ ရှိနေသဖြင့် ကိုယ့်မြို့သာလျှင် ဖြစ်သည်၊ တစ်ကမ္ဘာလုံးနှင့် စာလျှင် ကိုယ့်အိမ်ပင် ဖြစ်သည်၊ မြို့ခံများ၏ မြို့တော်သန့်ရှင်းရေး မြို့တော်လှပရေး လုပ်ငန်းများကို ကူညီရမည်ဟု ဧည့်သည်က ယုံကြည်ထားသည်။

ဧည့်သည်သည် တည်းခိုမည့်အိမ်သို့ သွားရောက်စဉ် အငှားကားပေါ်မှာပင် နံနက်စာအဖြစ် မုန့်စား၏။ သူ၏ နံနက်စာအတွက် အိမ်ရှင်တို့ အလုပ်မပိုစေချင်။ မုန့်အိပ်ခွံ အမှိုက်များကို အိပ်တစ်ခုမှာ ထည့်ယူပြီး အငှားကားပေါ်မှ ဆင်းလိုက်သောအခါ ဧည့်သည်မှာ စိတ်ပျက်စရာနှင့် ကြုံရသည်။ ဧည့်သည် တည်းခိုမည့် အိမ်သည် ရပ်ကွက်အတွင်းပိုင်း ဖြစ်သော်လည်း အဝင်အထွက် ကောင်းမွန်သည့် ကားလမ်းဘေးမှာပင် ရှိ၏။ ဧည့်သည်အတွက် စိတ်ပျက်စရာမှာ အိမ်ရှေ့လမ်းထောင့်က အမှိုက်ပုံကြီး ဖြစ်၏။ ဤဒေသသို့ အမှိုက်သိမ်းကား မလာရောက်သည်မှာ အချိန်အတော်ကြာရော့မည်။ ဧည့်သည်သည် လက်ထဲက အမှိုက်ထုပ်ကို အမှိုက်ပုံကြီးထဲ ပစ်ထည့်လိုက်ရန် စိတ်ကူပြီးမှ အမှိုက်ထုပ်ကို ဆက်၍ ဆွဲထားသည်။ မလှပသည့် အမှိုက်ပုံထဲ ကိုယ့်ပယောဂ မဖြည့်စွက်သင့်ဟု ဧည့်သည်က ယုံကြည်သည်။ မြို့တော် လှပအောင် ကူညီရမည်။ အမှိုက်ပုံးတွေ့မှ ထည့်တော့မည်။ ကိုယ့်အမှိုက်ကို ကိုင်တိုင်ပင် တာဝန်ယူရမည်။

တည်းခိုမည့် အိမ်တံခါးဝ၌ အမှိုက်ပုံးတစ်ခု တွေ့လိုက်ရမှ ဧည့်သည်မှာ ဝန်ပေါ့သွားသည်။ လက်ထဲမှ အမှိုက်ထုပ်ကို အမှိုက်ပုံးထဲ ထည့်လိုက်သည်။ အမှိုက်ပုံးမှာ ပြည့်နေပြီ ဖြစ်၏။

အိမ်ရှင် သူငယ်ချင်းက ဖော်ရွေစွာ ကြိုဆိုသည်။

“ကားဆိုက်တာ စောသားပဲ။ လာဟေ့ ထိုင်ကွာ။ မနက်စာ ဘာစားမလဲ။ သမီးရေ ကော်ဖီဖျော်ပါဟဲ့။ သားရေ အမှိုက်ပုံး ပြည့်နေပြီနော်။ သွားပစ်လိုက်အုံးလေကွယ်။”

အိမ်ရှင်၏ သားငယ်သည် အမှိုက်ပုံးကို မသွားပြီး အမှိုက်များကို အိမ်ရှေ့လမ်းထောင့်က အမှိုက်ပုံကြီးထဲ ပစ်ထည့်လိုက်သည်။ ဧည့်သည်မှာ စိတ်မသက်မသာ ဖြစ်သွားရပြန်၏။ မလှပသည့် အမှိုက်ပုံကြီးထဲ၌ သူ့ပယောဂ အမှိုက်တစ်ထုပ် ပါဝင်သွားသောကြောင့် ဖြစ်သည်။ သူ့အမှိုက်ထုပ်ကို စွန့်ပစ်ပေးရသည့် ကလေးငယ်ကို အားနာ၍ . . . အနည်းငယ် စဉ်းစားရင်း ပြုံးမိသည်။

:)
ရှင်အာစာရ

(ကားတွန်းပုံ - အင်တာနက်)

No comments:

Post a Comment