Saturday, April 8, 2017

ဓမ္မဒီပ @ ဓမ္မဓရ

(Apr 2, 2017)

"ရှေးကတော့ ရဟန်းတော်တွေပဲ စာပေရိယတ္တိ သင်ယူပို့ချကြတာ။ လူပုဂ္ဂိုလ်တွေ သင်ယူပို့ချတာ တော်တော်ရှားတယ်။ စာပေသင်ယူကြတဲ့ ရှင်ရဟန်းတွေကို သတိပေးတဲ့ ရှေးက ဆုံးမစကားတစ်ခု ရှိတယ်။
ကိုယ်မှာ မတတ်၊
စာမှာတတ်၊
ဂါဟတ် ကိုက်တတ်သည် - တဲ့။
စာတော့တတ်တယ်။ တတ်ထားတဲ့စာကို ဘဝထဲရောက်အောင် မယူနိုင်ဘူး။ အဲ့ဒီလိုဆိုရင် ဂါဟတ် ကိုက်တာခံရလိမ့်မယ် တဲ့။ ဂါဟတ်ဆိုတာ အိမ်ကို ပြောတာ။ အိမ်ကိုက်တယ်ဆိုတာက လူထွက်တာ။ စာတတ်ပြီး စာအတိုင်း လိုက်မကျင့်နိုင်ရင် လူထွက်တတ်တယ်လို့ ဆိုလိုတာ။ ဓမ္မပဒ နှင့် ဘဝနေနည်းသင်တန်း တက်ကြတဲ့ ဓမ္မဒီပ သင်တန်းသူ သင်တန်သားတွေကတော့ လူဝတ်ကြောင်တွေမို့ လူထွက်မှာတော့ ပူစရာ မလိုပါဘူး။ ဂါဟတ် ကိုက်တတ်သည် ဆိုတဲ့ ဆုံးမစကားကို လူတွေနဲ့ သင့်လျှော်အောင် အဓိပ္ပာယ် ကောက်ရမယ်ဆိရင့့်  စာအတိုင်း မကျင့်နိုင်ရင် ဘဝဆိုးလိမ့်မယ်။ မိုက်မဲတဲ့ ဘဝ၊ အောက်တန်းကျတဲ့ဘဝ ရလိမ့်မယ်။ အဲ့ဒါ ဂါဟတ်ကိုက်တာပဲ။
သင်တန်းနာမည် ပေးထားတဲ့အတိုင်း ဓမ္မပဒကနေ ဘဝနေနည်း ယူရမယ်။ ဘာသင်တန်းတက်တက်၊ ဘာစာမေးပွဲအောင်အောင် ဘဝအတွက် အသုံးကျမှ တန်ဖိုးရှိတာ။
ဓမ္မပဒသင်တန်း၊ အဘိဓမ္မာသင်တန်း၊ ဝိသုဒ္ဓိမဂ်သင်တန်း။ အဆင့်မြင့်သင်တန်းတွေမှ မဟုတ်ပါဘူး။ စာအုပ်ဖတ်၊ သတင်းစာဖတ်။ စာအုပ်ကနေ၊ သတင်းစာကနေ ဘဝအတွက် အသုံးဝင်တာတွေ ယူနိုင်ဖို့ လိုပါတယ်။
ညအခါ
လသာသာ
ကစားမလား
နားမလား။
သူငယ်တန်း ဖတ်စာ။

ညအခါ။ ညဆိုတာ မှောင်တယ်။ လောကကို ပြောတာ။ လောကရဲ့ သဘာဝက အမှောင်ပဲ။ အန္ဓိဘူတော အယံ လောကော။ ဒီလောကမှာ အမှောင်မောဟတွေ ပြည့်နေတယ်လို့ မြတ်စွာဘုရား ဟောထားတဲ့ အတိုင်းပဲ။ ဒါပေမယ့့် ။
လသာသာ။ လသာရင် ည မမှောင်တော့ဘူး။ သာသနာ ထွန်းကားချိန်မှာ လောကဟာ လင်းနေတယ်။ သာသနာတော်ကြောင့် မောဟအမိုက် ပျောက်သွားတယ်။ ဒီလို အခြေအနေမှာ့ ။
ကစားမလား
နားမလား။
ပျော်လိုက်ပါးလိုက်၊ စားလိုက်သောက်လိုက်။ ကစားနေမှာလား။ လောက ကိစ္စတွေနဲ့ ကစားနေမှာလား။ မမောသေးဘူးလား။ နားတော့မလား။ တရားဓမ္မနဲ့ အေးအေးဆေးဆေး နားမလား။ ဘယ်လောက်ထိအေးအောင် နားမှာလဲ။ ကစားမလား၊ နားမလား။ ဘဝအတွက် အသုံးဝင်တဲ့ မေးခွန်း ထုတ်ကြည့်ပါ။

ဘယ်လိုစာဖြစ်ဖြစ် ဘဝထဲ ထည့်နိုင်အောင် ကြိုးစားကြပါ။ သင်ယူထားတဲ့ ဓမ္မပဒကို ဘဝအတွက် လက်တွေ့ အသုံးချနိုင်ကြပါစေ။"

No comments:

Post a Comment