Thursday, December 9, 2010

တရားမင်းသခင် - ၁။ ရဟန်းနိမိတ်

အသိတစ်ယောက်က စာအုပ်တစ်အုပ် လက်ဆောင်ပေးထားတာ ကြာပါပြီ။ တလေးတစား မဖတ်ဖြစ်ခဲ့ပါ။ ဟိုလှန်သည်လှန် လှန်ရုံသာ လှန်ကြည့်ဖြစ်ခဲ့ပါတယ်။ စေ့စေ့စပ်စပ် ဖတ်မိတော့ လေးငါးမျက်နှာလောက် ဖတ်ပြီးတာနဲ့ စွဲသွားပါတယ်။ အစအဆုံး ဖတ်ဖူးတဲ့ (စာမေးပွဲသင်ရိုး မဟုတ်တဲ့)စာအုပ် လေးငါးဆယ်အုပ် စာရင်းထဲ ဝင်သွားပါတယ်။

Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE. (ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

Blogကနေ ရေးဖော်ဖတ်ဖော်တွေနဲ့ မျှဝေဖို့ စာအုပ်ကို ဘာသာပြန်မယ် စိတ်ကူးမိပါတယ်။ မူရင်း အင်္ဂလိပ် အရေးအသား သိပ်မခက်ပေမယ့် တိုက်ရိုက် ဘာသာပြန်တာထက် မှီးရေးတာက ပိုကောင်းမယ် ထင်မိပါတယ်။ နှုတ်ချင်တာနှုတ် ဖြည့်ချင်တာဖြည့် လုပ်လိုက်ရင် ပိုကောင်းမယ် ထင်လို့ပါ။ ဗုဒ္ဓဝင်ဇာတ်ကြောင်းတွေ ဖြစ်ပေမယ့် ဖတ်ခဲ့ဖူးတာနဲ့ တော်တော်များ ကွဲလွဲနေတာတွေ တွေ့ရပါတယ်။ ဇာတ်လမ်းအခင်းအကျင်း ကွဲလွဲချက်တွေ ပါပါတယ်။ မထင်ရှားတဲ့ နာမည်တစ်ချို့ မတူတာတွေလည်း ပါပါတယ်။ ဗုဒ္ဓဘာသာ တရားအကြောင်းအရာ ကွဲလွဲချက်လည်း နည်းနည်းပါးပါး တွေ့ရပါတယ်။ မဟာယာန ကျမ်းစာတွေထဲက ယူခဲ့တာ ဖြစ်ပါလိမ့်မယ်။ ကွဲလွဲချက် တစ်ချို့ကတော့ Jayasena Jayakodyရဲ့ စိတ်ကူးစိတ်သန်းတွေ ဖြစ်နိုင်ပါတယ်။ ခြုံကြည့်လိုက်ရင် ချစ်ခင်လေးစားစရာကောင်းတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

နှုတ်သင့်တယ်ထင်တာနှုတ် ဖြည့်သင့်တယ်ထင်တာ ဖြည့်ပြီး မှီးငြမ်း ရေးပါမယ်။ ထေရဝါဒ တရားတော်ကို ပျက်လိုပျက်စီး စော်ကားဆန့်ကျင်တာ မဟုတ်တဲ့ အခင်းအကျင်း နဲ့ နာမည်ကွဲလွဲချက် တွေကို မပြောင်းတော့ပါဘူး။ ကွဲလွဲချက်ကို တူးတူးခါးခါး အပြစ် မမြင်လိုက်ဘဲ ပြေပြစ်တဲ့ သဘောထားနဲ့ “ဂုဏ်တော်ဖွင့်” တစ်မျိုးလို့သာ မှတ်ကြစေလို ပါတယ်။

Portrait of the Buddhaဆိုတဲ့ နာမည်ဟာ အင်္ဂလိပ်လို လှပေမယ့် မြန်မာပြန်လိုက်ရင် ပျက်ချော်ချော် ဖြစ်နေတဲ့အတွက် “တရားမင်းသခင်”လို့ ခေါင်းစဉ်ကြီး ယူလိုက်ပါတယ်။ မူရင်းစာအုပ်မှာ မပါပေမယ့် သင့်တော်တဲ့ ခေါင်းစဉ်ငယ်လေးတွေ ထည့်လိုက်ပါတယ်။



တရားမင်းသခင်
၁။ ရဟန်းနိမိတ်


သာဝတ္ထိ ဆောင်းရာသီ ဖြစ်၏။ အအေးဒဏ်ကား မခံသာအောင် ပြင်းထန်လွန်းလှသည်။ ဝန်းကျင်လောက၌ လှုပ်ရှားသွားလာသူ ကင်းဆိတ်နေ၏။ တစ်နေ့တာလုံး နေမွန်းတည့်ချိန် ခဏလေးမှာသာ နွေးထွေးသော နေရောင်ခြည်ကို ရရှိသည်။ အပြင်မှာ အေးလွန်းလှသောကြောင့် မြို့သူမြို့သားများ အိမ်တွင်းမှာသာ အတတ်နိုင်ဆုံး ကုတ်ကပ်နေကြ၏။ မိုးလင်းသော်လည်း အိပ်ယာပေါ်မှာ အချိန်ဆွဲ၍ လှဲကွေး နေတတ်ကြ၏။ ဆောင်းတွင်းကာလ၌ အစောဆုံး နိုးထသည်ကား အေးစိမ့်အောင် သုတ်ဖြန်းသည့် လေသရမ်းတို့သာ ဖြစ်ပေသည်။ လေသရမ်းတို့သည် ဟိမဝန္တာ တောင်တန်းမှ နှင်းအထွတ် တို့ကို ခပ်ကြမ်းကြမ်း ပွေ့ဖက် နမ်းရှိုက်ခဲ့ပြီး အအေးကြောက်သူ အိမ်တွင်းပုန်းတို့ကို အိမ်အပြင်မှ ခပ်ရဲရဲ စိန်ခေါ်လျက် ရှိနေသည်။ အိမ်ကြား လမ်းကြား သစ်ကိုင်းကြားတို့၌ တဝူးဝူး တရှူးရှူး တိုးဝှေ့ဆော့မြူးလျက် ရှိနေသည်။ လေသရမ်း တစ်သုတ်ပြီးတစ်သုတ် ဆွဲမွှေ့ခံရသော သစ်ရွက်ခြောက်များ နေရာအနှံ့ ကြဲပြန့်လျက် ရှိနေသည်။ လေတစ်သုတ်က မြေပြင်ပေါ်မှ သစ်ရွက်ခြောက်များကို လှဲကျင်းသွားပြီး မကြာမီပင် နောက်လေတစ်သုတ်က သစ်ရွက်ရော်များကို ပင်အို ပင်ပျိုတို့ အပေါ်မှ လှုပ်ခြွေချလိုက်ပြန်ရာ မြေပြင်မှာ မရှင်းနိုင်အောင် ရှိတော့သည်။

ဆောင်းတွင်း နံနက်ခင်း တစ်ခုဖြစ်၏။ လူနေဝေးသည့် မြို့ပြင်ဘက်ရှိ မြေပြင်နှင့် မြက်ခင်းပြင်တို့ကို နှင်းထုက ဖုံးအုပ်လွှမ်းခြုံထားသည်။ ထိုစဉ် သစ်နက်ရေ ဝတ်ဆင်သူ ကာဠာမ ရသေ့သည် ကျောင်းသင်္ခမ်းမှ ထွက်ခွာခဲ့ပြီး မြို့တော်သာဝတ္တိသို့ ဆွမ်းခံကြွရန် နှင်းထုကြားမှာ တရွေ့ရွေ့ လျှောက်လှမ်းနေ၏။ ဆွမ်းရှာရန် ထွက်လာသော်လည်း အိုး ခွက် သပိတ် သည်ဆောင်ခဲ့သည် မဟုတ်ပေ။ ဗလာကျင်းသည့် လက်နှစ်ဘက်တို့သည်သာ ရသေ့၏ ကိုယ်ပေါ်မှာ အသက်မဲ့စွာ တွဲလောင်းခိုလျက် လိုက်ပါနေသည်။ ရသေ့သည် သစ်ရွက်ခြောက်များ ဖုံးလွှမ်းထားသည့် သဲထူထူ နှင်းစိုလမ်းပေါ်မှာ ဖြည်းလေးညင်သာစွာ လျှောက်လှမ်းနေ၏။ ခေါင်းငိုက်စိုက် ချထားပြီး ရှေ့ကို နှစ်တောင်ခန့်သာ ကြည့်၍ လျှောက်နေ၏။ သာဝတ္တိနန်းတော် ဗဟိုနန်းမဆောင် အနီးရှိ သိဒ္ဓတ္ထမင်းသား စံပျော်ရာ သုရမ္မနန်းဆောင်ဆီ ဦးတည် လျှောက်လှမ်းနေခြင်း ဖြစ်၏။ ရသေ့သည် နန်းတော်မုခ်ဦးဝမှာ ရပ်တံ့လိုက်ပြီး မတုန်မလှုပ် ဆက်လက် ရပ်နေသည်။ သူသည် မည်သည့်အိမ်တွင်းမှ ဝင်သူမဟုတ်။ အိမ်တံခါးဝမှာသာ တိတ်တိတ်ရပ်၍ ဆွမ်းရှားမှီးလေ့ ရှိသူတည်း။

သုရမ္မနန်းဆောင် အတွင်း၌ သိဒ္ဓတ္ထမင်းသားသည် နံနက်စာ ပွဲတော်တည်လျက် ရှိနေ၏။ နန်းဆောင်အတွင်း၌ စောင်းသံသဲ့သဲ့ ပြန့်ထွက်နေသည်။ ယသောဓရာသည် မင်းသားအနီးမှာ ပြုစုလုပ်ကျွေး ခစားလျက် ရှိ၏။ တိတ်ဆိတ်ညင်သာစွာ ပွဲတော်တည်နေသော မင်းသားသည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး ယသောဓရာကို ပြော၏။

“ယသောဓရာ။ အတီးအမှုတ်တွေ ရပ်ခိုင်းလိုက်ပါကွယ်။”

“မောင်တော် နှစ်သက်တဲ့ မေဃမဟာတီးကွက် အပြောင်းခိုင်းလိုက် ရမလား။”

“မပြောင်းပါနဲ့။ အရပ်ခိုင်းလိုက်ပါ။ ပိတ်ထားတဲ့ ပြတင်းပေါက် တွေလည်း ဖွင့်လိုက်ပါ။ ဟို အပြင်ဘက် သစ်ကိုင်းတွေ သစ်ရွက်တွေကြားက လေတိုးသံ ဂီတကို နားထောင်ချင်တယ်။ ငှက်တွေရဲ့ သီကျူးသံကို နားထောင်ချင်တယ်။ ဟိုကိုင်းဒီကိုင်း ခုန်ကူး ပျော်ရွင်နေတဲ့ ငှက်တွေကို ကြည့်မယ်။ ပတ်ဝန်းကျင်က သဘာဝလောက အစစ်ကို ကြည့်မယ်။”

စောင်းသံ ရပ်သွားသည်နှင့် ငှက်တို့၏ ကျူကျူကြာကြာ မြည်ဟစ်သံများ တိုးတိုးညင်းညင်း ပေါ်ထွက်လာ၏။ လေးတိုးသံ သဲ့သဲ့လည်း ကြားရလေသည်။

“ယသောဓရာ။ ပြတင်းပေါက်တွေလည်း ဖွင့်လိုက်ပါအုံး။”

“အေးတယ် မောင်တော်ရဲ့။ လေက ကြမ်းတယ်။ ဒီ နန်းဆောင်ထဲ မီးဖိုဘေးမှာပဲ နေမှ ဖြစ်မယ်။ အအေးဒဏ် ခံနိုင်မှာ မဟုတ်ဘူး မောင်တော်။”

“သသောဓရာရယ်။ တဲကုတ်မှာနေတဲ့ စဏ္ဍာလတွေ ယာစကာတွေမှာ ပိတ်စရာ ပြတင်းတွေ တံခါးတွေ ရှိလို့လား။ နွေးထွေးလုံခြံဖို့ အဝတ်အထည်ရော ရှိလို့လားကွယ်။”

“သူတို့က ကျင့်သားရနေပြီ မောင်တော်ရဲ့။”

“ငါတို့ရော ကျင့်သားမရနိုင်ဘူးလား။”

“ရနိုင်တယ်ပါတယ် မောင်တော်။”

“အဲဒီလို ဘဝမျိုးနဲ့ အသားကျရတာ လူသားဆန်ပါတယ် ယသောဓရာ။ ပြတင်းပေါက်တွေသာ ဖွင့်လိုက်ပါ။ ဒါမှ မဟုတ်ရင်လည်း ငါကိုယ်တိုင်ပဲ ဖွင့်လိုက်တော့မယ်။”

ယသောဓရာသည် ပြတင်းပေါက် တစ်ခုကို တုံ့ဆိုင်းဆိုင်းနှင့် ဖွင့်လိုက်သည်။ အေးစိမ့်သည့် လေတစ်လုံး နန်းဆောင်အတွင်းသို့ ခပ်ကြမ်းကြမ်း တိုးဝင်လာ၏။ မင်းသမီးသည် အအေးဒဏ်ကို ကာကွယ်ရန် နားနှစ်ဘက်ကို အပေါ်ရုံ အဝတ်စွန်းနှင့် ဖုံးဖိနေ၏။ မင်းသားသည် စားလက်စ ပွဲတော်ကို ဖယ်လိုက်၍ လက်ဆေးပြီး မတ်တတ်ရပ်လိုက်သည်။ နှုတ်ခမ်းအစုံကို တွန့်ကွေး၍ ခပ်ယဲ့ယဲ့ပြုံးရင်း ပြတင်းပေါက်မှ အပြင်သို့ လှမ်းမျှော်ကြည့်လိုက်သည်။

မင်းသားသည် နန်းတော်မုခ်ဦး၌ မလှုပ်မရှား ရပ်နေသော ကာဠာမ ရသေ့၏ ကိုယ်တစ်ပိုင်းကို လှမ်းမြင်လိုက်၏။ ရသေ့သည် အရှက်လုံရုံ သစ်နက်ရေ ဝတ်ထားသည်မှအပ ကိုယ်လုံးတီး ဖြစ်၏။ မုခ်ဝ၌ တောင့်တောင့်မတ်မတ် ရပ်နေ၏။ အအေးဒဏ်ကို မမှုဘဲ ရပ်နေပုံမှာ သက်မဲ့ ရုပ်တုတစ်ခုနှင့် တူလှ၏။ ရသေ့ကို မြင်လိုက်သည်နှင့် သိဒ္ဓတ္ထ၏ ရင်ထဲ၌ ကြည်နူးမှု လှိုင်းတံပိုးတစ်ခု လှုပ်ခပ်သွားသည်။ သိဒ္ဓတ္ထသည် ရသေ့ကို ရည်ရွယ်၍ ဦးညွတ်ကာ အရိုအသေ ပေးလိုက်သည်။ ထို့နောက် ယသောဓရာကို ခေါ်၍ ပြော၏။

“ရသေ့ကို ကြည့်စမ်း။ အအေးဒက်ကို ကြံ့ကြံ့ခံပြီး မလှုပ်မရှား ရပ်နေလိုက်တာ။ တကယ့် သူတော်စင်ပါပဲ။”

“ကာဠာမ ရသေ့ပါ မောင်တော်။ နန်းတော်မှာ ဆွမ်းလာလာရပ်တာ ခဏခဏ တွေ့ဖူးတယ်။”

“ဟုတ်တယ် တွေ့ဖူးတယ်။ သူ့ကို ဒီနန်းဆောင်ထဲ ပင့်ဖိတ်ပြီး ဆွမ်းလှူရအောင်။ သူ့အတွက် နေရာပြင်ပါလား။”

“မောင်တော်။ သူက ဘယ်သူ့အိမ်ထဲမှ မဝင်ဘူး။ ဆွမ်းလှူရင် လက်ခုပ်နဲ့ ခံယူတယ်။ ရေနဲ့ အဖျော်ဆိုရင်လည်း သူ့လက်ခုပ်ထဲ လောင်းထည့်ပြီး လှူရတာ။ ပြီးရင်း သူလှည့်ပြန် သွားတော့တာပဲ။”

“ဒါဆို ငါ ဒီကပဲ စောင့်ကြည့်နေမယ်။ သူ့ဆီသွားပြီး ဆွမ်းလောင်းလှူလိုက်ပါ။”

ယသောဓရာသည် လှူဖွယ် ဆွမ်းအာဟာရများကို ငွေဆွဲခြင်းမှာ ထည့်သွင်းပြင်ဆင်ပြီး ကျွန်မခုဇ္ဇုတ္တရာကို ခေါ်လိုက်၏။ မင်းသမီးသည် အဆင်သင့် ဖြစ်နေသော ခုဇ္ဇုတ္တရာကို ဖော်ဖော်ရွေရွေ ပြုံးပြရင်း အပေါ်ရုံခြုံထည်ကို သပ်ရပ်အောင် ပြင်ခြုံလိုက်သည်။ ခုဇ္ဇတ္တရာကို ရေကရား ကူသယ်ပေးရန် မေးငေါ့ရင်း မျက်စပစ်၍ အချက်ပေးလိုက်သည်။ ထို့နောက် ဆွဲခြင်းကို ကောက်ယူပြီး ခုဇ္ဇုတ္တရာနှင့်အတူ နန်းဆောင်အောက်သို့ ဆင်းသွားလေ၏။

သိဒ္ဓတ္ထသည် ပြတင်းပေါက်မှနေ၍ ဧကစာရီ ရသေ့မြတ်ကို နှစ်ထောင်းအားရစွာ ငေးမောကြည့်ရှုရင်း ရသေ့၏ ရောင့်ရဲသောဘ၀ ရိုးရှင်းမြင့်မြတ် စင်ကြယ်ပုံကို စိတ်ကူးဖြင့် ပုံဖော်ကြည့်နေလေ၏။

မင်းသားသည် ရသေ့ဆီသွားနေသော မင်းသမီးဆီ အကြည့်ပြောင်းလိုက်သည်။ နောက်မှ လိုက်လာသော ခုဇ္ဇုတ္တရာသည် မင်းသမီးကို ခပ်သုတ်သုတ် ကျော်တက်လိုက်ပြီး နန်းတော်ဝင်းတံခါး ဖွင့်ပေးနေသည်ကို တွေ့ရ၏။ ယသောဓရာ နှင့် ခုဇ္ဇုတ္တရာတို့သည် ရသေ့၏ရှေ့မှာ ခြေစုံရပ်ရင်း ကိုယ်ကို ညွတ်ကိုင်း၍ အရိုအသေ ပေးလိုက်ကြသည်။ ရသေ့က လက်နှစ်ဘက် ဆန့်တန်းလိုက်သောအခါ ယသောဓရာသည် ရသေ့၏ လက်ထဲသို့ ငှက်ပြောရွက် ဖြတ်ပိုင်းစတစ်ခု ထည့်ပေးလိုက်၏။ ထို့နောက် ဆွမ်းအာဟာရများ ခြင်းမှထုတ်ယူပြီး ငှက်ပြောရွက်ပေါ် တင်လှူလိုက်သည်။

ရသေ့သည် မျက်လုံးအစုံကို စေ့စေ့ပိတ်ထား၏။ မူရင်း ရပ်လျက်အနေအထားကို မပြောင်းမပြင်ဘဲ ဆန့်တန်း၍ ဆွမ်းခံယူထားသည့် လက်နှစ်ဘက်ကို ကွေးညွတ်ရုပ်သိမ်းကာ ဆွမ်းအာဟာရတို့ကို ပါးစပ်ဆီသို့ သယ်ယူ၏။ ငှက်ပြောရွက်ပေါ် တင်လှူထားသမျှကို စားသုံး၏။ ရသေ့၏ ပါးစပ်သည် ငှက်ပြောရွက်ပေါ် နေရာအနှံ့ ဖြည်းဖြည်းချင်း ရွေ့လျားနေသည်။ တစ်ခဏအတွင်းမှာ စားစရာအားလုံး ကုန်သွားသည်။ နောက်ဆုံး၌ ရသေ့သည် ငှက်ပြောရွက်ကိုပါ စားသုံးပစ်လိုက်၏။ ရသေ့၏ မျက်လုံးများကား ပိတ်ထားဆဲ ဖြစ်သည်။ ရသေ့သည် စကားတစ်ခွန်းမှ မြွက်ကြားခြင်း မရှိပေ။ ထို့နောက် ရေကို ခံယူရန် လက်ခုပ်ပြုထားသော လက်နှစ်ဘက်ကို ဆန့်တန်းပေး၏။ ရသေ့ဘေးမှာ တိတ်ဆိတ်စွာ ရပ်နေသော ယသောဓရာသည် ခုဇ္ဇုတ္တရာထံမှ ရေကရားကို ယူ၍ ရသေ့၏ လက်ခုပ်ထဲသို့ အသာအယာ ရေလောင်းထည့် ပေးလိုက်သည်။ ရသေ့သည် လက်ခုပ်ကို ရုတ်ယူပြီး ရေသောက်၏။ ထို့နောက် မျက်လုံးများ ခပ်စင်းစင်း ဖွင့်၍ ယသောဓရာကို ကြည့်၏။ သူ၏ ညာဘက်လက်ကို ယသောဓရာ၏ ဦးခေါင်းနှင့် အမြင့်ညီအောင် ဖြည်းဖြည်းချင်း ပင့်မြှောက်လိုက်ပြီး ညင်ညင်သာသာ ပြန်ချကာ နှုတ်ဆက်ဟန် ပြုပြီး ထွက်ခွာရန် ကိုယ်ကို လှည့်လိုက်၏။ ထို့နောက် လေးလေးကန်ကန် ခြေလှမ်းမှန်မှန်နှင့် ထွက်ခွာသွားတော့သည်။

ယသောဓရာသည် တံခါးဝမှာ ရပ်လျက်ပင် ရှိသေး၏။ တဖြည်းဖြည်း ရွေ့လျားနေသော ရသေ့ကို ကြည်ညိုလေးမြတ်စွာ ငေးကြည့်နေ၏။ ခုဇ္ဇုတ္တရာက ညင်သာစွာ ထိတို့ သတိပေးလိုက်ရာ ရသေ့ထံမှ အကြည့်ကို ရုတ်လိုက်၏။ နန်းဆောင်ပေါ် ကျန်နေခဲ့သည့် သိဒ္ဓတ္ထကို သတိရ၍ မော့ကြည့်လိုက်သည်။ သိဒ္ဓတ္ထ မလှုပ်မယှက် ရှိနေသည်ကို တွေ့ရ၏။ သိဒ္ဓတ္ထလည်း ပြန်ကြွသွားသည့် ရသေ့ကို ငေးစိုက်ကြည့်နေ၏။ ဖြည်းလေးညင်သာစွာ ထွက်ခွာသွားသည့် ကာဠာမ ရသေ့၏ ပုံပန်းသဏ္ဍာန်သည် သိဒ္ဓတ္ထ၏ စိတ်နှလုံးကို သိမ်းကြုံးယူငင်သွားကြောင်း ယသောဓရာ နားလည် လိုက်လေသည်။


ဒီနေရာမှာနှိပ်ပြီး AudioBook နားဆင် နိုင်ပါတယ်။

4 comments:

  1. *အေ၀းဆံုး*

    အနော်မာ ကမ်းမှာတော့
    ယသော်ဓယာ လွမ်းကျန်ခဲ့မယ်။

    ပြန်လှည့်ကာ အသွားမဖျက်ပါရစေနဲ့
    ကဏ္ဍက ဖွားဖက်တော်ရယ်။

    ချစ်တာသိပေမယ့်
    သစ္စာရှိရာ ရှေ့လမ်းပေမို့
    မေ့စတမ်းကွယ် တာရှည်ကြည့်
    ပါရမီဖြည့် ကျန်ပါကွယ်
    သံသရာနယ်က ရုန်းလို့အထွက်။

    ကြာချည်လှပ် လွမ်းတုန်းမှာပဲ
    ယာယီဇာတ် တစ်ခန်းဆုံးပြီပေါ့
    ပန်းကုံးနှယ် သစ္စာဆင်ဖို့ ခရီးသွားမှာမို့
    စည်းခြားကျန် မျှော်.. မျှော်ကာနဲ့
    ယသော်ဓယာ တစ်သက်လွမ်းစေမယ့်
    အနော်မာ တစ်ဖက်ကမ်းကို
    (ကဏ္ဍကရယ်)
    လှမ်းတော့ သွက်သွက်။

    ReplyDelete
  2. မောင်စိန်ဝင်း (APYMT)
    :)

    ReplyDelete
  3. ဟုတ်တယ်လေဘုရား.. ဆရာမောင်စိန်ဝင်း ကဗျာ..

    ဘုရားရှင်ကို အကြည်ညိုတိုးစေတဲ့ တပည့်တော် အကြိုက်ဆုံးကဗျာတွေထဲက တစ်ပုဒ်...

    ဆရာတော် အရှင်ဆန္ဒာဓိက စာအုပ်ကို ဆရာမောင်စိန်ဝင်း အမှာစာရေးတုန်းက အဲဒီကဗျာလေး ပါလာတာ.. တပည့်တော် အလွတ်ကျက်ထားတာ.. ကဗျာကပေးတဲ့ ရသနဲ့ ကာရံယူပုံတွေ သဘောကျလို့..

    ReplyDelete
  4. “အလွတ်ကျက်ထားတာ”တဲ့။ “အာဂုံရမှ အာဂလူ။” :)

    ReplyDelete