Showing posts with label 04a. Talk - ဟောတရား. Show all posts
Showing posts with label 04a. Talk - ဟောတရား. Show all posts

Friday, February 14, 2025

ရဟန်းနဲ့ ကျော့ကွင်း

 June 6, 2021

-----

ရှေးရှေးက ဘိုးဘေးဆရာတော်ကြီးတွေရဲ့ သီလ၊ သမာဓိ၊ ပညာ ဂုဏ်တော်တွေရဲ့ ကျေးဇူးတရားကို ဒီနေ့ ဂျင်ဇီး ဘုန်းဘုန်းလေးတွေထိ ခံစားနေကြရဆဲပါ။ ဆရာတော့် ဆရာတော် ဆရာတော်ဘုရားကြီးတွေရဲ့ ကျေးဇူးတရား ကြီးမားလေစွ။ ယုတ်ညံ့တဲ့ ရှင်လျှော်ရှင်ပျက် ရှင်ရူးရှင်နှမ်းတို့ကိုတောင်မှ ရှေးဆရာတော်ကြီးတွေရဲ့ ပုံရိပ်ကောင်းက အကာအကွယ် ပေးထားနိုင်ဆဲပါ။ ခေါင်းတုံးပေါ် ထိပ်ကွက်တတ်တဲ့ ရှင်လည်ရှင်မွတ် ဂျင်ပေါ်ကထုံး ရှင်ခေါင်းတုံးတို့ အတွက်တော့ ဘာပြောစရာ ရှိတော့မလဲ။ ဒီလောက် ဖွဲ့ရအောင် ရှေးပဝေသဏီ အတီအတေ မထေရ်မြတ်ကြီးတွေက ဘယ်လောက်ထိ ကျင့်အားသန်ခဲ့ကြသလဲ။

 

သတိရမိတဲ့ နမူနာလေး တစ်ခု . . . . .

ဆရာတော်ကြီး တစ်ပါး တောရဆောက်တည်သတဲ့။ နီးရာရွာမှာ ဆွမ်းခံပြီး ဘုဥ်းပေးသတဲ့။ တစ်နေ့ ဆရာတော်ကြီး ဆွမ်းခံကြွတဲ့ တောလမ်းတစ်နေရာမှာ မုဆိုးတစ်ယောက်က ကျော့ကွင်း ထောင်ခဲ့သတဲ့။ ဖြစ်ချင်တော့ ဆရာတော်ကြီးရဲ့ ခြေတောက် ကျော့ကွင်းမှာငြိ မိပါလေရော တဲ့။ အဲ့ဒီနေရာမှာ ဆရာတော်ကြီး အနေနဲ့ ခြေမှာငြိတဲ့ ကျော့ကွင်းကို အသာဖယ်ဖြုတ်ပြီး လိုရာခရီး ဆက်သွားလို့ ရတာပေါ့။ ဒါပေမယ့် ဆရာတော်ကြီးက ကျော့ကွင်းမိလျက် အနေအထားနဲ့ မုဆိုးအလာကိုသာ ငြိမ်ငြိမ်လေး စောင့်နေသတဲ့။ မုဆိုးကို ဆူဖို့ငေါက်ဖို့ စောင့်တာလား။ အကျွတ်တရား ဟောကြားဖို့ စောင့်တာလား။ တစ်ခုမှ မဟုတ်ပါဘူး။ ဆရာတော်ကြီးက သူ့ခံယူချက်နဲ့ သူပါ။ ဘယ်လို ခံယူတာလဲ။ မုဆိုးက သားကောင်ဖမ်းဖို့ ကျော့ကွင်းထောင်ခဲ့တယ်၊ ဆရာတော်ကြီး ကျော့ကွင်းမိတယ်၊ ဒါကြောင့် ဆရာတော်ကြီးကို မုဆိုး ပိုင်သွားပြီ၊ ဆရာတော်ကြီး သားကောင် ဖြစ်သွားပြီ၊ မုဆိုးက ဆရာတော်ကြီးကို သတ်ချင်သတ် လွှတ်ချင်လွှတ်၊ မုဆိုးရဲ့ သဘောပဲ။ ဆရာတော်ကြီးက အဲ့ဒီလို ခံယူတော်မူလိုက်တာတဲ့။ လောကစည်းကမ်း၊ ရဟန်းဝိနည်း . . . ဆရာတော်ကြီးရဲ့ ခံယူချက် နဲ့ လိုက်နာကျင့်သုံးမှု။ လက်ဖျားခါလောက်တဲ့ ပုံရိပ်ကောင်းကြီးပါ။

 

ဆိုတော့ကာ . . . အရေးများစွာ ရောထွေးယှက်လိမ်နေတဲ့ နှစ်ဆယ့်တစ်ရာစုမှာရော ကျော့ကွင်းထဲမှာ ငြိမ်နေတဲ့ ဆရာတော်ကြီးတွေ မရှိနိုင်တော့ဘူးတဲ့လား။ ရှိနိုင်ပါတယ်။ အွန်လိုင်းမှာ ကြားရတဲ့ ကာလပေါ် သတင်းတွေအရ အတိအကျကို ရှိနေပုံပါပဲ။ ရှေးကနဲ့ အခု ကျော့ကွင်းချင်းတော့ ကွာခြားမှု ရှိပါလိမ့်မယ်။ မိပုံ ငြိပုံ ငြိမ်ပုံတွေချင်းလည်း တူမှာတော့ မဟုတ်ပါဘူး။

ဘယ်ဆရာတော်တွေများ ဘယ်လိုနည်းနဲ့ ကျော့ကွင်းမိခံထားရပါလိမ့်။ ဘယ်လို ကျော့ကွင်းလဲ။ ဘယ်လို မုဆိုးလဲ။ ဘယ်မုဆိုးက ဘယ်ဆရာတော်ကို ဘယ်လို ပိုင်ထားပြီလဲ။  အနာဂတ် သာသနာအတွက် ယနေ့ ရဟန်းတော်တွေရဲ့ ပုံရိပ်က ဘယ်လို အခြေအနေလဲ။

မေးခွန်းတွေ မြောက်များစွာ . . .

မေးခွန်းတွေ ပေါက်နေပါပြီ။

စမ်းသပ်စစ်ဆေးမယ့် စာမေးပွဲကလည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာအုံးမှာပါ။

 

:)
ရှင်အာစာရ

 

ဒီနေရာမှာနှိပ်ပြီး AudioBook နားဆင်နိုင်ပါတယ်။ 

Friday, July 21, 2017

လူမှာအဝတ်

(ဇူလိုင္ ၂၀၊ ၂၀၁၇)

အပြင်ထွက်ရင် အင်္ကျီဝတ်ဖို့ အလန့်တကြား သတိပေးကြတယ်။ ပခုံးတစ်ဘက် ပေါ်တာကို အမြင်မတည့်ကြောင်း ပြောကြတာတွေ ကြားဖူးပါတယ်။ အခု ဖွင့်ဆိုပုံက တစ်မျိုး။ ပခုံးတစ်ဘက်ဖော်ပြီး လက်ကန်တော့ထိုးထားရင် Sexy ဖြစ်လို့တဲ့။ လိင်ဆွဲဆောင်မှုရှိအောင် လုပ်တယ်လို့ အထင်ခံရနိုင်တယ်တဲ့။ မဟုတ်ရပါဘူးဗျာ . . .။

"ဒီမှာက မိန်းကလေးတွေ ဖော်တာချွတ်တာ ပြဿနာ မဟုတ်ပေမယ့် ယောက်ျားလေးတွေ ပေါ်ရင် ရှော့ရှိတယ်။"

"အင်္ကျီလက်ပြတ် ဝတ်လိုက်ရုံပေါ့။ လှဖို့ ဝတ်တာမှ မဟုတ်တာ ရပါတယ်။"

"လှပြီးသား။ ဒီမှာက ဒီလိုအသားအရေမျိုးဆို လှပြီးသား။ ဒီအသားအရေမျိုး လိုချင်လို့ သူတို့ အင်္ကျီချွတ်ပြီး တစ်နေကုန် နေပူလှန်းကြတာ။"

ဒီလိုနဲ့ပဲ ဒီအသားအရေပေါ်မှာ ဒီအဝတ် တင်ထားရတာပေါ့။

Saturday, July 8, 2017

အရုပ်လည်း မဟုတ်၊ အကောင်လည်း မဟုတ်


ဗုဒ္ဓဘာသာတွေဟာ အခါအခွင့်သင့်တိုင်း ကုသိုလ်ပြုကြပါတယ်။ ကိုယ်ရည်ကိုယ်သွေးနဲ့ ရပ်တည်ရတဲ့ ဘဝ၊ ကိုယ့်အရည်အချင်းနဲ့ကိုယ် တည်ဆောက်ထားတဲ့ ဘဝကို ကုသိုလ်ကံနဲ့ အားဖြည့်ပေးကြပါတယ်။

ဒီနေ့ ဘာသာစုံ ဂုဏ်ထူးရှင် မသန္တာအောင်ရဲ့ အောင်မြင်မှုကို အကြောင်းပြုပြီး ကုသိုလ်ပြုကြတယ်။ ဆွေမျိုးမိတ်သင်္ဂဟတွေကို ကျွေးမွေးတယ်။ ရှင်ရဟန်းတွေကို ဆွမ်းကပ်တယ်။ ဝါဆိုသင်္ကန်း လှူဒါန်းတယ်။ ဒီနေ့ ကုသိုလ်ပွဲမှာ . . . လူဆိုတာ ခံစားချက် ရှိတယ်၊ အသိဉာဏ်ရှိတယ်၊ အထုံပါရမီ ဝါသနာရှိတယ်၊ အရုပ်တွေ မဟုတ်ဘူး၊ တိရစ္ဆာန်တွေနဲ့ မတူဘူး ဆိုတာကို ဂုဏ်ထူးရှင်ရော၊ မိသားစုဝင်တွေရော နားလည်ထားကြစေချင်ပါတယ်။

အထူးသဖြင့် မြန်မာ့ လူမှုအဖွဲ့အစည်းမှာ သားသမီးက မိဘကို မလွန်ဆန်နိုင်ကြပါဘူး။ သားသမီး အပေါ်မှာ မိဘရဲ့ သြဇာသက်ရောက်တဲ့ နေရာမှာ မှားယွင်းမှုတွေ ရှိလာနိုင်တယ်။ မိဘက သားသမီးကို ပညာသင်ပေးတယ်။ ဆရာဝန် ဖြစ်စေချင်လို့ ပညာသင်ပေးတာ။ အင်ဂျင်နီယာ ဖြစ်စေချင်တာ။ မိဘမေတ္တာကို အသိအမှတ် ပြုရမှာ ဖြစ်ပေမယ့် သားသမီးရဲ့ အခြေအနေကို မငဲ့ဘဲ မိဘ ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်အောင်လုပ်ရပြီဆိုရင် အခြေအနေက ပုံမှန်မဟုတ်တော့ဘူး။

မိဘက သားသမီးကို ထားရာမှာနေတဲ့ အရုပ်တစ်ရုပ်လို ဖြစ်စေချင်တယ်ဆိုရင် မှားပါတယ်။ သားသမီးရဲ့ အခြေအနေကိုလည်း ထည့်တွက်ရမယ်။ သူ့သားသမီးထက် ငါ့သားသမီးက သာတယ်ဆိုပြီး သားသမီးချင်း ပြိုင်ရာကနေပြီးတော့လည်း မှားယွင်းမှုတွေ ဖြစ်လာနိုင်တယ်။ ငါ့သားသမီးက ဆယ်တန်းကို နှစ်ချင်းပေါက်အောင်တာ။ ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်တာ။ လေးဘာသာ ငါးဘာသာ ဂုဏ်ထူးတွေနဲ့ အောင်တာ။ သားသမီးချင်း နှိုင်းယှဉ်ပြီး ဂုဏ်ယူကြတယ်။ ငါ့သားက အင်ဂျင်နီယာ၊ ငါ့သမီးက ဆရာဝန်။ ဂုဏ်ယူကြတာကောင်းပါတယ်။ ဒါပေမယ့် သားသမီးကို ပြိုင်ဆိုင်စရာ တစ်ခုလို သဘောထားတယ် ဆိုရင်တော့ ဆိုးသွားပြီ။ ခွေးချင်းကိုက်ရင်တောင်မှ ကိုယ့်ခွေး နိုင်စေချင်တာ။ ကြက်ချင်းခွပ်ရင် ကိုယ့်ကြက် နိုင်စေချင်တာ။ သားသမီးချင်းယှဉ်ရင် ကိုယ့်သားသမီးက သာစေချင်တာ။ သားသမီးရဲ့ အခြေအနေကို ထည့်မစဉ်းစားတော့ဘဲ ယှဉ်ပြိုင်မှု အားကြီးလာရင် သားသမီးတွေ ပင်ပမ်းကြရပါတယ်။

မိဘကျေနပ်အောင် သားသမီးက ကြိုးစားယှဉ်ပြိုင်ပေးရတယ်။ စာမေးပွဲတွေ အောင်မြင်အောင် လုပ်ပေးကြရတယ်။ မိဘဆန္ဒအတိုင်း ဆရာဝန်တော့ ဖြစ်လာတယ် ဆေးမကုဘူး။ အင်ဂျင်နီယာတော့ ဖြစ်လာတယ် လမ်းလည်းမဖောက်ဘူး။ တံတားလည်း မဆောက်ဘူး။ သင်ယူထားတဲ့ ပညာက ဘဝထဲ ဝင်မလာဘူး။ လောကအတွက်ရော မိသားစုအတွက်ရော အကျိုးမများတော့ဘူး။ နာမည်တပ်စရာ ဂုဏ်တစ်ခုပဲ ဖြစ်နေတယ်ဆိုရင် ဘယ်သူ့အတွက်မှ အကျိုးများသင့်သလောက် မများနိုင်ပါဘူး။

ဒီနေ့ ကုသိုလ်ပြုလုပ်တဲ့ ဘာသာစုံ ဂုဏ်ထူးရှင်ရဲ့ မိသားစုဝင်တွေ အနေနဲ့ သူ့အပေါ်မှာ နားလည်ပေးကြဖို့ လိုပါတယ်။ ကိုယ်ဖြစ်စေချင်တာထက် သူဖြစ်ချင်တာကို ဦးစားပေးပါ။ ထားရာနေတဲ့ အရုပ်တစ်ရုပ်လို မဆက်ဆံမိအောင်၊ အနိုင်ရအောင် ခွပ်ပေးတဲ့ တိုက်ကြက်တစ်ကောင်လို သဘောသက်ရောက် မသွားအောင် သတိထားကြရပါမယ်။ ထိုက်သင့်တဲ့ ဉာဏ်ရည်နဲ့ လုံ့လ ဝီရိယ သူမှာရှိနေလို့ ဒီလို အောင်မြင်မှုမျိုး ရရှိခဲ့ပါပြီ။ သူ့ကိုယ်တိုင် တွေးခေါ်စဉ်းစားပြီး သူ့ရဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ် တစ်ခုခုကို သူကိုယ်တိုင် ရွေးခြယ်ခွင့် ပေးလိုက်ကြပါ။ သူ့အသက်အရွယ်နဲ့ သူ့အတွေ့အကြုံနဲ့ ဆုံးဖြတ်ချက် မချနိုင်တာမျိုး ဆိုရင်တော့ ကူပြီး စဉ်းစားပေးရတာပေါ့။ ဂုဏ်ထူးရှင် အနေနဲ့လည်း မိသားစုရဲ့ ဆန္ဒထက် ကိုယ့်ရဲ့သဘော၊ ကိုယ့်ရဲ့အလားအလာကို ဦးစားပေးပါ။ မဆုံးဖြတ်နိုင်တဲ့ အခြေအနေဆိုရင် လူကြီးမိဘတွေနဲ့ တိုင်ပင်ပါ။

ကိုယ့်အတွက်ရော၊ ကိုယ့်မိသားစုအတွက်ရော၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ အသုံးဝင်တဲ့ ပညာရပ်တွေ ဆက်လက်ဆည်းပူးနိုင်ပါစေ။

(ဓာတ်ပုံ - ၂၀၁၇ ဆယ်တန်းဘာသာစုံ ဂုဏ်ထူးရှင် မသန္တာအောင် ၏ ဂုဏ်ယူဝါဆိုသင်္ကန်း ကပ်လှူပွဲ၊ စိုင်ပြင်ရွာမှာ)

:)
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

Wednesday, July 5, 2017

သံဃာ့ဂုဏ် ၊ အန္တရာယ်ကင်း

ဒီနေ့ခေတ် ကပ်လှူကြတဲ့ သင်္ကန်းက တစ်ရောင်တည်းတော့ မဟုတ်ဘူး။ အရောင်တွေ ကွဲလွဲနေပေမယ့် လူတွေရဲ့ အဝတ်တွေလောက်တော့ အရောင်မစုံဘူး။ လူ့အဝတ်လောက် အရောင်တွေ မဆန်းလှဘူး။ ရိုးရှင်းတယ်။

ပုံပန်းသွင်ပြင်ကတော့ တစ်မျိုးတည်းပဲ။ လူ့အဝတ်လို ဒီဇိုင်းမဆန်းဘူး။ ရိုးရှင်းတယ်။

အဆန်းတွေပေါများပြီး အဆန်းတွေကို နှစ်သက်တတ်ကြတဲ့ ဒီနေ့ခေတ်မှာ ရိုးရှင်းတဲ့ သင်္ကန်းကို ကပ်လှူခွင့် ရကြတာဟာ ရိုးရှင်းတာကို မြတ်နိုးစွာ ဝတ်ဆင်ကြတဲ့ သံဃာတော်တွေ ရှိနေလို့ပဲ။ ကျေးဇူးတင်ရမယ့် သံဃာ့ဂုဏ် တစ်မျိုးပဲ။

လောဘ၊ ဒေါသစတဲ့ ဖန်ရည်တွေ ကင်းပြီးသူ၊ ကင်းအောင်ကြိုးစားနေသူဟာ ဒီသင်္ကန်းနဲ့ ထိုက်တန်တယ်။

(စိုင်ပြင်ရွာ မိုးသောက်ကြယ် သင်္ကန်းကပ်မှာ)

-----

၁။ သံဃာတော်တွေ ရွတ်ဖတ်တဲ့ ပရိတ်ကြောင့်၊ ကမ္မဝါစာကြောင့် အန္တရာယ်ကင်းတယ်။

၂။ သံဃာတော်တွေရဲ့ မေတ္တာကြောင့် အန္တရာယ်ကင်းတယ်။ သံဃာ့ဂုဏ်တော် ကိုးပါး ဆိုပေမယ့် စစ်ဆေးကြည့်ရင် ဂုဏ်တော်တွေ အများကြီး ကျန်သေးတယ်။ ဂုဏ်တော်တွေ အများကြီးထဲမှာ မေတ္တာထားရှိခြင်း ပါဝင်တယ်။ ရဟန်းသံဃာ အချင်းချင်း မေတ္တာနဲ့ နေရတယ်။ ဒကာဒကာမတွေ အပေါ်မှာ မေတ္တာထားရတယ်။ သံဃာ့ဂုဏ်။ ပစ္စည်းလေးဖြာ၊ ဒါယကာ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ မေတ္တာထားရတယ်။ အဲ့ဒီဂုဏ်ကြောင့်လည်း အန္တရာယ်ကင်းတယ်။

၃။ နောက်ဆုံးတစ်ခု အရေးကြီးတာ ရှိသေးတယ်။ သံဃာဆိုတာ အစုအဖွဲ့ကို ခေါ်တာ။ ဒိဋ္ဌိတွေလည်း အစုအဖွဲ့နဲ့ နေကြတယ်။ တက္ကဒွန်းတွေလည်း အစုအဖွဲ့နဲ့ နေကြတယ်။ ဘုရားရှင်ရဲ့ တပည့်ဖြစ်တဲ့ ရှင်ရဟန်းတွေလည်း အစုအဖွဲ့နဲ့ နေကြတယ်။ သံဃာဆိုတာ အစုအဖွဲ့ကို ခေါ်တာ။ လူတွေမှာလည်း အစုအဖွဲ့ ရှိတာပဲ။ ရွာတွေ၊ ရပ်ကွက်တွေ၊ မိသားစုတွေ။ အစုအဖွဲ့တွေပဲ။ ပါဠိလို သံဃ။ သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေနဲ့ စုဖွဲ့ထား အစုအဖွဲ့ မိသားစုထဲမှာလည်း မေတ္တတရား လိုအပ်တာပဲ။ အဘိုးအဘွားတွေ၊ မိဘတွေကို သားသမီးမြေးမြစ်တွေက မေတ္တာနဲ့ ကူညီပေးကြရတယ်။ လုပ်ငန်းကိစ္စတွေ ဆောင်ရွက်ပေးကြရတယ်။ ညီအစ်ကို မောင်နှစ်မ အချင်းချင်း၊ မိသားစုဝင် အချင်းချင်း၊ ရပ်ကွက်သူ ရပ်ကွက်သား အချင်းချင်း၊ ရွာသူရွာသား အချင်းချင်း။ ကိုယ့်အစု ကိုယ့်သံဃာ၊ ကိုယ့်အသိုက်အဝန်းထဲမှာ မေတ္တာနဲ့ နေခြင်းအားဖြင့်လည်း အန္တရာယ်ကင်းတယ်။ ကိုယ်ပိုင်ဂုဏ်ကြောင့် အန္တရာယ်ကင်းတာ။ လက်တွေ့ပိုကျတယ်။

အန္တရာယ် ကင်းကြပါစေ။

(စိုင်ပြင်ရွာ အေးမြမိုး အန္တရာယ်ကင်း သင်္ကန်းကပ်မှာ)

:)
ရှင်အာစာရ

Sunday, May 28, 2017

သူတော်ကောင်း

(May 20, 2017)

 "သူတော်ကောင်း သားတို့သမီးတို့ရဲ့ ယဉ်ကျေးလိမ္မာ တရားစခန်း သုံးရက် ပြည့်ပါပြီ။ သူတော်ကောင်းဆို့တော့ . . . တကယ့်သူတော်ကောင်းလား၊ သူတော်ကောင်း အစစ်လား။ နာမည်ခံ သူတော်ကောင်းလား။ အစစ်ဖြစ်ဖို့ အရေးကြီးတယ်။ အားလုံး လိုက်ဆိုကြမယ်။"

"သားတို့မှာ သမီးတို့မှာ သဒ္ဓါတွေ အများကြီး ရှိပါတယ်။ သဒ္ဓါဆိုတာ ယုံကြည်တာပါ။ ဘုန်းဘုန်းကို ယုံကြည်ပါတယ်။ ဆရာဆရာမကို ယုံကြည်ပါတယ်။ သူငယ်ချင်းကို ယုံကြည်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်။ ကိုယ့်အလုပ်ကိုယ် ယုံကြည်ပါတယ်။"

"သားတို့မှာ သမီးတို့မှာ ဝီရိယတွေ အများကြီး ရှိပါတယ်။ ဝီရိယက တွန်းပေးပါတယ်။ ထောက်ပေးပါတယ်။ ထောင်ပေးပါတယ်။ မတ်ပေးပါတယ်။ တက်တက်ကြွကြွ ကျက်သရေရှိရှိ လန်းလန်းဆန်းဆန်း နေနိုင်ပါတယ်။"

"သားတို့မှာ သမီးတို့မှာ သတိတွေ အများကြီး ရှိပါတယ်။ သတိရှိလို့ သိပါတယ်။ အခြေအနေကို သိပါတယ်။ ဘယ်ရောက်နေတယ် သိပါတယ်။ ဘာလုပ်နေတယ် သိပါတယ်။ ကိုယ်ကိုယ်ကိုယ် သိပါတယ်။"

"သားတို့မှာ သမီးတို့မှာ သမာဓိတွေ အများကြီး ရှိပါတယ်။ သမာဓိရှိလို့ စူးစိုက်ပါတယ်။ တည်ကြည်ပါတယ်။ စာကျက်တဲ့ခါ စူးစိုက်ပါတယ်။ သင်္ချာတွက်တော့ စူးစိုက်ပါတယ်။ စာသင်ခန်းထဲမှာ စူးစူးစိုက်စိုက် တည်ကြည်ပါတယ်။"

"သားတို့မှာ သမီးတို့မှာ ပညာတွေ အများကြီး ရှိပါတယ်။ ပညာရှိလို့ ခွဲခြားတတ်ပါတယ်။ အမှန်အမှား ခွဲခြားတတ်ပါတယ်။ သင့်တော်မတော် ခွဲခြားတတ်ပါတယ်။ ပြောသင့် မပြောသင့်၊ လုပ်သင့် မလုပ်သင့် ခွဲခြားတတ်ပါတယ်။"

"ပစ္စည်းရှိမှ လူချမ်းသာ။ ဥစ္စာရှိမှ လူချမ်းသာ။ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ။ ငါးမျိုးဆိုတာ သူတော်ကောင်းတို့ရဲ့ ပစ္စည်းပါ။ သဒ္ဓါတွေ ရှိမှ၊ ဝီရိယတွေ ရှိမှ၊ သတိတွေ ရှိမှ၊ သမာဓိတွေ ရှိမှ၊ ပညာတွေ ရှိမှ သူတော်ကောင်း အစစ်ပါ။"

"သူတော်တွေ ပိုင်ဆိုင်တဲ့ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ သူတော်ကောင်းဥစ္စာတွေ စုဆောင်းပိုင်ဆိုင်ပြီး သူတော်ကောင်း အစစ်လေးတွေဖြစ်အောင် ကြိုးစားနိုင်ကြပါစေ။"

:)
ရှင်အာစာရ



Wednesday, April 26, 2017

အန္တရာယ်ကင်း

အန္တရာယ်ကင်း
-----
"ဘေးအန္တရာယ်ကင်း၊ ပြဿနာကင်းပြီး ချမ်းချမ်းသာသာ နေချင်ကြတာကတော့ သက်ရှိသတ္တဝါ အားလုံးပါပဲ။

လောကသားတွေ အန္တရာယ်ကင်းဖို့ ချမ်းချမ်းသာသာ နေနိုင်ဖို့အတွက် လောကကို အုပ်ချုပ်သူတွေက စည်းကမ်းတွေ၊ ဥပဒေတွေ ချမှတ်ပေးကြတယ်။ စည်းကမ်းနဲ့အညီ ဥပဒေနဲ့အညီ နေထိုင်ကြအောင် ကြပ်မတ်ပေးကြတယ်။

ဒါ့ပြင် စည်းကမ်းတွေ ဥပဒေတွေကြောင့် မဟုတ်ဘဲ ကိုယ့်အသိနဲ့ကိုယ် လုပ်သင့်တာ မလုပ်သင့်တာ ခွဲခြားသိပြီး ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ အန္တရာယ် ဖြစ်စေနိုင်တဲ့ အပြုအမူတွေကို ရှောင်ကြဉ်နိုင်သူတွေလည်း ရှိတာပဲ။ အန္တရာယ်ကင်းဖို့၊ ကိုယ်စိတ်နှစ်ပါး ချမ်းသာဖို့အတွက် ကိုယ့်ကိုယ်ကိုယ် စောင့်ထိန်းကြတာ။ ဘေးကင်းပြီး ချမ်းသာစေနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။

ဒီနေ့ ပြုလုပ်တဲ့ နှစ်သစ်ကုသိုလ်ဟာလည်း အန္တရာယ်ကင်းဖို့ ချမ်းသာဖို့ပဲ။ ရတနာသုံးပါးကို ပူဇော်ခြင်း ကုသိုလ်နည်းနဲ့ အန္တရာယ်ကို ကျော်နိုင်တယ်။ ကုသိုလ် အကုသိုလ် ကံရဲ့အစွမ်းကို ဘုရားရှင်သာလျှင် အတိအကျ ဟောနိုင်တာ။ တစ်ခြားသူတွေကတော့ ကုသိုလ်က ကောင်းကျိုးပေးတယ်၊ အကုသိုလ်က မကောင်ကျိုးပေးတယ်ဆိုပြီး ယေဘုယျပဲ ပြောနိုင်တယ်။ ဘယ်ကုသိုလ်ကြောင့် ဘယ်အကျိုးရတယ်၊ ဘယ်အကုသိုလ်ကြောင့် ဘယ်အပြစ်ရတယ်ရယ်လို့ အတိအကျ မပြောနိုင်ဘူး။ ဒီနေ့ပြုတဲ့ ကုသိုလ်ဟာ ဘေးအန္တရာယ်ကို ဖယ်ရှားပေးနိုင်တယ်၊ ချမ်းသာသုခ ဆောင်ပေးနိုင်တယ်လို့ ယေဘုယျ နားလည်ထားပါ။

ရတနာသုံးပါးကို ပစ္စည်းဝတ္ထုနဲ့ ပူဇော်တယ်။ ဝတ်ကြီးဝတ်ငယ် ဝေယျာဝစ္စပြုပေးပြီး ပူဇော်တယ်။ အဆုံးအမကို လိုက်နာပြီး အကျင့်နဲ့ ပူဇော်တယ်။ ပူဇော်တဲ့ကုသိုလ်၊ အခြားအခြားသော ပြုပြုသမျှကုသိုလ်၊ ဒီကုသိုလ်တွေရဲ့ အထောက်အပံ့နဲ့ ဘေးကင်းနိုင်တယ်။ ချမ်းသာသုခ ရနိုင်တယ်။ ကုသိုလ်ဆိုတာ ကောင်းကျိုးပေးမှာ။

အန္တရာယ်ကင်းပြီး ချမ်းသာစေနိုင်တဲ့ ကုသိုလ်နည်း ကျင့်သုံးပါ။ အခြားသော နည်းလမ်းတွေကိုလည်း လိုက်နာကျင့်သုံးပါ။ အန္တရာယ် ကင်းကြပါစေ။"

:)
ရှင်အာစာရ

အန္တရာယ်ကင်း

(April 19, 2017)

"ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ကိုယ်တိုင်ကြုံရတဲ့ ပြဿနာ၊ အိမ်သူအိမ်သားတွေ ရပ်ကွက်သူရပ်ကွက်သားတွေရဲ့ ပြဿနာ။ အဇ္ဈတ္တဒုက္ခ၊ ဗဟိဒ္ဓဒုက္ခ။ အတွင်းပြဿနာ၊ အပြင်ပြဿနာ။ လူမှုရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ ဘာသာရေးနယ်ပယ်။ နယ်ပယ်အသီးသီးမှာ ဘဝဒုက္ခတွေ၊ ဘဝပြဿနာတွေ ကြုံကြရတယ်။ ဘယ်သူမှ မလွတ်ဘူး။ လူတွေတင် မကဘူး။ ဘုန်ကြီးတွေလည်း ကြုံကြရတယ်။

အဲဒီလို ဒုက္ခတွေ၊ ပြဿနာတွေ ဖြစ်လာနိုင်တဲ့ အလားအလာကို အန္တရာယ်လို့ ခေါ်တာ။ ဒုက္ခရောက်နိုင်တဲ့၊ ပြဿနာတက်နိုင်တဲ့ အခြေအနေကို အန္တရာယ်လို့ ခေါ်တာ။ နှစ်သစ်ကာလ နှစ်အစမှာ အန္တရာယ်မျိုးစုံကို ကျော်လွန်နိုင်ဖို့ ပရိတ်ရွတ်ကြတယ်။ ကမ္မဝါဖတ်ကြတယ်။ အန္တရာယ်တွေ ထိုက်သင့်သလောက်တော့ ကင်းမှာပဲ။

နောက်တစ်နည်းက ကိုယ်တိုင်ကျင့်ရတာ။ ဖော်ဖော်ရွေရွေ ဆက်ဆံတာ၊ ကိုယ်ချင်းစာစိတ်နဲ့ တစ်ဘက်သားကို လေးစားတန်ဖိုးထားတဲ့ စိတ်ဓာတ်အခြေခံနဲ့ ဆက်ဆံတာမျိုးဟာ လူမှုရေးပြဿနာတွေကို တားဆီးနိုင်တယ်။ နိုင်ငံရေးကိစ္စ၊ စီးပွားရေးကိစ္စ၊ ဘာသာရေးကိစ္စတွေမှာ အမှန်အမှား ခွဲခြားနိုင်တဲ့ ကိုယ်ရည်ကိုယ်သွေး အခြေခံနဲ့ အမှန်ကိုသိပြီး အမှန်ဘက်က ရပ်တည်တာမျိုးဟာလည်း အန္တရာယ်ကို ကာကွယ်ခြင်း တစ်မျိုးပဲ။

ကိုယ့်ဘက်က မှန်နေပေမယ့်၊ ကိုယ့်စေတနာ ကိုယ့်စိတ်ရင်းက ဒုက္ခရောက်အောင် ပြဿနာတက်အောင် ရည်ရွယ်တာ မဟုတ်ပေမယ့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး စတဲ့ နယ်ပယ် အမျိုးမျိုးမှာ ဆင်းရဲဒုက္ခတွေ၊ ပြဿနာ အကြပ်အတည်းတွေနဲ့ ကြုံရတတ်သေးတာပဲ။

ဒါပေမယ့် ကိုယ့်စေတနာက အကောင်းဘက်ကို ဦးတည်ထားတယ်ဆိုရင် ပြဿနာကို မရှောင်နိုင်ရင်တောင်မှ ပြဿနာတက်တာ ငါ့ကြောင့် မဟုတ်ဘူးလို့ တွေးယူပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေနိုင်သေးတယ်။ ပြဿနာကို ဖန်တီးသူပါလို့ သူတစ်ပါးက ကိုယ့်ကို မတရား လက်ညှိုးထိုး အပြစ်ပုံချရင်တောင်မှ ကိုယ့်လိပ်ပြာ ကိုယ်သိတယ်။ ကြုံရတဲ့ ပြဿနာအတွက် စိတ်ထိခိုက်စရာ မလိုဘူး။ စိတ်ချမ်းသာနိုင်တယ်။ အန္တရာယ် ကင်းတယ်။ ကိုယ့်အကျင့်နဲ့ ကိုယ့်ကုသိုလ်နဲ့ အန္တရာယ်ကို ဖယ်လိုက်တာ။
ဒါကြောင့် စိတ်ကောင်းစေတနာကောင်းထားပြီး အမှန်ကို ရွေးခြယ်နိုင်ဖို့၊ အမှန်ဘက်က ရပ်တည်နိုင်ဖို့ လိုပါတယ်။ ပရိတ်အစွမ်း၊ ကမ္မဝါစာအစွမ်းကြောင့် အန္တရာယ်ကင်းကြပါစေ။ ကိုယ့်စေတနာ၊ ကိုယ့်အကျင့် ကိုယ့်လုပ်ရပ် ကိုယ်စွမ်းသတ္တိကြောင့်လည်း အန္တရာယ် ကင်းနိုင်ကြပါစေ။"

:)
ရှင်အာစာရ

Saturday, April 8, 2017

သိမှတ် ပွားများ၊ တိုက်ခိုက်သွား၊ ထိန်းထား မငဲ့ညှာ

(Apr 5, 2017)

(စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ရိပ်သာရွာ၊ ရမ္မာဝတီ မုံပင်ဆရာတော် အရှင်ယသကို နောက်ဆုံးပူဇော်သည့် အန္တိမပူဇာ ဓမ္မသဘင်)

"သိမှတ် ပွားများ၊ တိုက်ခိုက်သွား၊ ထိန်းထား မငဲ့ညှာ"

တရားနာမည်က ရှည်တယ်။ တရားနာမည်ထဲမှာ တရားအနှစ်ချုပ် ပါသွားပြီ ဖြစ်တဲ့အတွက် မှတ်မိအောင် လိုက်ဆိုကြပါ။
"သိမှတ် ပွားများ၊ တိုက်ခိုက်သွား၊ ထိန်းထား မငဲ့ညှာ"

၁။ အသိအမှတ်ပြုပါ၊
၂။ ပွားများပါ၊
၃။ ထိုးစစ်ဆင် တိုက်ခိုက်ပါ၊
၄။ ဆက်လက်ထိန်းသိမ်းထားပါ၊
၅။ မငဲ့ကွက်ပါနဲ့။

ကုမ္ဘူပမံ ကာယမိမံ ဝိဒိတွာ၊
နဂရူပမံ စိတ္တမိဒံ ဌပေတွာ။
ယောဓေထ မာရံ ပညာဝုဓေန၊
ဇိတဉ္စ ရက္ခေ အနိဝေသနော သိယာ။

၁။ ခန္ဓာကိုယ်ဟာ မြေအိုးနဲ့ တူပါတယ်။ ကွဲတတ်ပါတယ်။ ရှတတ်ပါတယ်။ ဒီသဘာဝကို သိထားရပါမယ်။ ကွဲပျက်ရုံတင်မကဘူး။ စူးတတ်ရှတတ်သေးတာ။ ခန္ဓာ့သဘာဝအတိုင်း သေကြပျက်ကြ ကွဲကြပြီဆိုရင် ဆက်စပ်ပတ်သတ်သူတွေ ပူဆွေးကြရတယ်ဆိုတာ အိုးကွဲ စူးရှတာပဲ။

အိုးနှင့်တူစွာ၊ တို့ခန္ဓာ၊ သေချာ သိရမည်။

၂။ ကောင်းတဲ့စိတ်တွေ ပွားအောင်များအောင် လုပ်ထားရမယ်။ ကုသိုလ်နဲ့ ကာကွယ်မထားရင် စိတ်ဟာ မလုံခြုံဘူး။ ကျုံးတွေ မြို့ရိုးတွေနဲ့ လုံလုံခြုံခြုံ ကာကွယ်ထားတဲ့ မြို့တော်လိုဖြစ်အောင် စိတ်ကို ကာကွယ်ရမယ်။ ဘုရားကိုသတိရတယ်။ ဘုရားမှန်း တရားမှန်းသိတယ်။ တစ်ခါတည်း သိတာ မဟုတ်ဘဲ ခဏခဏ အထပ်ထပ် သိနေတာကို ဘာဝနာလို့ခေါ်တယ်။ ပါဠိလိုက ဘာဝနာ။ မြန်မာလို ပွားတယ်လို့ အဓိပ္ပာယ်ရတယ်။ များအောင်လုပ်တာ။ ကူညီဖေးမတာတွေ၊ မေတ္တာထားတာတွေ များအောင်လုပ်ရတယ်။ ကုသိုလ်မျိုးစုံ များအောင် ပွားတော့ စိတ်က လုံခြုံသွားတယ်။ မဟုတ်ရင် အကုသိုလ်။ စိတ်ထဲမှာ မလုံမလဲ။

မြို့နှင့်တူစွာ၊ စိတ်ကိုသာ၊ သေချာ စောင့်ရမည်။

၃။ ကိလေသာ ရန်သူတွေ စိတ်ထဲ ဝင်မလာအောင် ပညာလက်နက်နဲ့ တိုက်ထုတ်ရတယ်။ ပညာဆိုတာ ခွဲခြားပြီး သိတဲ့ အသိကို ပြောတာ။ မှားသလား မှန်သလား၊ ဆိုးသလား ကောင်းသလား၊ သင့်တော်သလား မသင့်တော်ဘူးလား ခွဲခြားသိတာဟာ ပညာပဲ။ ဒီပညာ မရှိရင် စိတ်အညစ်အကြေးတွေကို တိုက်ထုတ်ဖို့ လက်နက်မဲ့သွားပြီ။
 
လက်နက်ပညာ၊ ကိုင်စွဲကာ၊ သေချာ တိုက်ရမည်။

၄။ ရန်သူကိုအောင်ပြီ၊ စိတ်ကောင်းလေး ရပြီ၊ စိတ်ဓာတ် လုံခြုံပြီဆိုရင် ဆက်လက်ထိန်းသိမ်း ထားရမယ်။ အောင်ပြီးသားကို ထိန်းသိမ်းစောင့်ရှောက်ထားရမယ်။ ပစ်ထားလိုက်ရင် ရန်သူ့လက်ထဲ ပြန်ပါသွားမယ်။

နိုင်ပြီးသောခါ၊ လုံဖို့ရာ၊ သေချာ ထိန်းရမည်။

၅။ ခန္ဓာကိုယ်ရဲ့ ကွဲပျက်တတ်တဲ့ သဘာဝကို သိမှတ်တဲ့အခါ၊ စိတ်ကို ထိန်းသိမ်းတဲ့အခါ၊ ကုသိုလ်ပွားတဲ့အခါမှာ ဘာကိုမှ မငဲ့ကွက်ပါနဲ့။ မှန်မှန်ဖြောင့်ဖြောင့်ပဲ ဖြစ်ရမယ်။ သားကျွေးမှု မယားကျွေးမှုကြောင့်၊ မိသားစုကို ငဲ့ကွက်ပြီး လမ်းကောက်သွားရင်၊ အမှားလုပ်မိရင် ကိုယ်ပဲ ခံရမှာ။ တရားနာရတာ ညောင်းတယ်၊ ခါးနာလို့ တရားမထိုင်နိုင်ဘူး။ မြေအိုးလို ကွဲပျက်တတ်တဲ့ ခန္ဓာကို ငဲ့နေတာ။ ငဲ့စရာ အမျိုးမျိုးကြောင့် ကုသိုလ်နဲ့ဝေးတယ်၊ အကုသိုလ်တွေ ပြုမိတယ်။ ကိုယ်ငဲ့ရင် ကိုယ်ခံ။

မငဲ့မညှာ၊ ဖြောင့်စင်းစွာ၊ သေချာ ကျင့်ရမည်။

Wednesday, March 15, 2017

မြတ်သော အမွေ

(March 9, 2017)


မိဘဆီက အမွေရတဲ့သူဟာ ချမ်းသာတယ်။ ဒါကို လူတိုင်း လွယ်လွယ်သိတယ်။ ဒါပေမယ့် ဒီချမ်းသာက မမြတ်သေးဘူး။ ပိုမြတ်တဲ့အမွေ ရှိသေးတယ်။ မိဘကြောင့်၊ ပစ္စည်းအမွေရလို့ ချမ်းသာတယ်ဆိုတာ အမြင့်ဆုံးတန်းဖိုး မဟုတ်သေးဘူး။ တကယ်စစ်မှန်တဲ့ ချမ်းသာကို မိဘတွေက လုပ်မပေးနိုင်ဘူး။ ဆွေမျိုးတွေကလည်း လုပ်မပေးနိုင်ဘူး။ စစ်မှန်တဲ့ ချမ်းသာကို ကောင်းမြတ်တဲ့ ကိုယ့်စိတ်ကပဲ ပေးနိုင်တာ။

န တံ မာတာ ပိတာ ကယိရာ၊ အညေ ဝါပိစ ဉာတကာ။
သမ္မာပဏိဟိတံ စိတ္တံ၊ သေယျသော နံ တတော ကရေ။

အလှူ့ဒါယကာ ဦးကျော်ဝင်းတို့ အလှူ့ဒါယိကာမ ဒေါ်သန်းလှိုင်တို့က သားရတနာ မောင်ဝဏ္ဏထွန်းကို သာသနာ့အမွေ ပေးဖို့ဆိုပြီး ရှင်ပြုပေးကြတယ်။ ရှင်ပြုပေးရုံ သင်္ကန်းဝတ်ပေးရုံနဲ့ မြတ်သောအမွေ ပေးလိုက်နိုင်ပြီ၊ သားရတနာလေး ချမ်းသာပြီလို့ မထင်လိုက်နဲ့။ သူတော်ကောင်းစိတ် ပေးနိုင်ဖို့က ပိုအရေးကြီးတယ်။

ဘုရားရှင်ရဲ့ အမွေတော် သင်္ကန်းရဲ့ အစွမ်းကြောင့် ကိုရင်လေးကို ရိုသေလေးစားကြရတယ်ဆိုတာ အပေါ်ယံပဲ။ သင်္ကန်းကြောင့်။ မြင့်မြတ်တဲ့ သင်္ကန်းကြောင့် ရှင်ရဟန်း အစစ်အမှန် မဟုတ်တဲ့သူကိုတောင် အရိုအသေ ပေးရတာပဲ။ နှုတ်ကြမ်းလျှာကြမ်း ကိုယ်ကြမ်းလက်ကြမ်း စိတ်ကြမ်း၊ အကြမ်းစားကြီးတွေကိုတောင်မှ . . . သင်္ကန်းဝတ်ထားရင် ရိုသေကြရတယ်။ ဒါပေမယ့် အပေါ်ယံပဲ။ မြတ်မြတ်နိုးနိုး တန်ဖိုးထားရတဲ့ စိတ်ဓာတ်က ပိုအရေးကြီးတယ်။

ဆိုပါစို့ ကူညီတတ်တဲ့စိတ်။ ဆင်းရဲဒုက္ခရောက်နေသူကို သနားတတ်တဲ့စိတ်။ အဆင်ပြေတဲ့သူကို တွေ့ရရင် ဝမ်းသာတဲ့စိတ်။ အကူအညီလိုလို့ ကူညီပြီဆိုရင် လူတိုင်းကို ကူညီနိုင်တဲ့စိတ်၊ သနားစရာ တွေ့ပြီဆိုရင် လူမျိုးမရွေး ဘာသာမရွေး သနားတတ်တဲ့စိတ်၊ ကြီးပွားချမ်းသာပြီဆိုရင် ဘယ်သူဖြစ်ဖြစ် . . . ချမ်းသာသူတိုင်းအတွက် ဝမ်းသာနိုင်တဲ့စိတ်။ စာနာတတ်တဲ့စိတ်၊ လေးစားတတ်တဲ့စိတ်၊ ကျယ်ပြန့်တဲ့စိတ်၊ ပွင့်လင်းတဲ့စိတ်၊ ခိုင်မာတဲ့စိတ်၊ မျှတတဲ့စိတ် အစရှိတဲ့ မြင့်မြတ်တဲ့စိတ် မွေးမြူတတ်အောင် ဆုံးမပေးနိုင်မှ မြတ်သောအမွေ ပေးရာရောက်ပါတယ်။ အဲ့ဒီလိုစိတ်က စစ်မှန်တဲ့ ချမ်းသာကို ပေးနိုင်တာပါ။ မြတ်သောအမွေ ဖြစ်ပါတယ်။

Saturday, March 4, 2017

ဘုရားပွဲ


(Feb 28, 2017)

"ရာဟုလာ ဓမ္မသင်တန်းကျောင်း အတွင်းမှာ တည်ထားကိုးကွယ်ကြတဲ့ ဇိနဒါယာဒ အောင်ဆုပြည့် စေတီတော်ကို ဒုတိယအကြိမ် ပူဇော်ကြတဲ့ ဗုဒ္ဓပူဇနိယပွဲ။"

"တစ်နှစ် တစ်ခါ၊ ငရဲရှာ၊ လူ့ရွာ ဘုရားပွဲ။"
"ဘာကို ရှာကြတာလဲ။"
(ငရဲ . . . . .)
"တစ်နှစ် တစ်ခါလား။ တစ်လ တစ်ခါလား။"
(တစ်နှစ် . . . . .)
"တစ်နှစ်မှ တစ်ခါဆိုတော့ နည်းသေးလား"
(. . . . .)
"တစ်နှစ်တစ်ခါ ငရဲရှာကြတာ . . . ဘယ်ရွာမှာလဲ။ ဒီ စိုင်ပြင်ရွာမှာလား"
(. . . . .)
"လူ့ရွာမှာ။ လူ့လောကမှာ. . . ဖြစ်နေကြတာ။ ငရဲရှာကြတာ။ ဘုရားပွဲဆိုပြီး ကကြခုန်ကြ၊ ပျော်ကြပါးကြ၊ စားကြသောက်ကြ၊ မူးကြရူးကြ ရိုက်ကြ နှက်ကြ ရန်ဖြစ်ကြ။ ကုသိုလ်ရမှာလား ငရဲ ရမှာလား။"
(ငရဲ . . . . .)

"ဘုန်းကြီးဖြစ်ဖြစ် လူဖြစ်ဖြစ် ပုထုဇဉ်တွေမှာ ကုသိုလ်ကို ပယ်လို့ မရဘူး။ အကုသိုလ်လည်း ဖြစ်တာပဲ။ ငရဲကြီးတာပဲ။ ဒါပေမယ့် ကုသိုလ်များပြီး အကုသိုလ်နည်းအောင် ကြိုးစားကြရမယ်။"

"တစ်နှစ်တစ်ခါ၊ ကုသိုလ်ရှာ၊ တို့ရွာ ဘုရားပွဲ။"


"ဒီဘုရားပွဲမှာတော့ ကုသိုလ်ရှာတဲ့ ဘုရားပွဲ ဖြစ်အောင် လုပ်ကြ။ ကုသိုလ် ရဖို့အတွက် . . . . . ပင့်သံဃာ (၁၀၈)ပါးကို လှူကြတာ . . . စာရေးတံမဲ သိန်းငါးဆယ်လောက်နဲ့ ဆွမ်းဆန်။ မိုးထက်ကျော် မိသားစုတို့ ဘုရားဒကာမို့ ပင့်သံဃာတွေကို တစ်ပါးတစ်သောင်း လှူရမယ်လို့ ဘယ်သူမှ မခိုင်းဘူး။ ဆွမ်းကပ်ရမယ်လို့ ဘယ်သူမှ မခိုင်းဘူး။ ဝင်းရတနာ မိသားစု အချိုပွဲ ကပ်ရမယ်လို့ ဘယ်သူမှ မခိုင်းဘူး။ ကိုယ့်အသိနဲ့ကိုယ် လှူကြတာ။ စတုဒိသာ ကျွေးမွေးဧည့်ခံဖို့ ဆီလှူကြ၊ ဆန်လှူကြ။ သင့်ရာသင့်ရာ ကိုယ်တတ်နိုင်တာ ကိုယ်လှူကြတာလည်း ကိုယ့်အသိနဲ့ ကိုယ်လှူကြတာ။ စာရေးတံမဲတွေ စုပေါင်းလှူကြတယ်၊ လိုတဲ့ စာရေးတံမဲတွေကို ချင်းတွင်းမိသားစုက ဖြည့်စွက်လှူတယ်။ ဒါလည်း ကိုယ့်အသိနဲ့ ကိုယ်လှူတာပဲ။"

"ဒီဘုရားပွဲနဲ့ ပတ်သက်လို့မှ မဟုတ်ပါဘူး။ ရာဟုလာကျောင်းတိုက်နဲ့ ပတ်သက်သမျှ . . .။ အာရုဏ်ဆွမ်း၊ နေ့ဆွမ်း အဆင်ပြေအောင် စီစဉ်လှူဒါန်းကြတာ၊ ဦးစိန်မင်း မိသားစုတို့လို နေရာအခက်အခဲ မရှိရအောင် ကျောင်းဆောက်ကြတာ။ ဒါတွေအားလုံးဟာ ဘယ်သူမှ ခိုင်းလို့ လုပ်ကြတာ မဟုတ်ဘူး။ ကိုယ်အသိနဲ့ ကိုယ်လုပ်ကြတာ။"

"အလိုက်သိတာ၊ ကိုယ့်ဟာကိုယ်သိတာ။ သူများပြောလို့ သိတာ မဟုတ်ဘဲ ကိုယ်ဟာကိုယ် သိတယ်ဆိုတာ . . .။ မြတ်စွာဘုရားရဲ့ ဂုဏ်တော်အနန္တထဲက တစ်ခုဖြစ်တဲ့ သမ္မာသမ္ဗုဒ္ဓ ဆိုတာ ဒီသဘောပဲ။ သယမ္ဘူဉာဏ်ရဲ့ အခြေခံက ဒါပဲ။"

"မဖောက်မပြန်၊
သယမ္ဘူဉာဏ်ဖြင့်၊
အမှန်ထိုးထွင်း၊
အလင်းထင်ပေါ်၊
သိမြင်တော်မူသော မြတ်စွာဘုရား . . . . .။"
"သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်။ ဘုရားပွဲရယ်လို့ လုပ်ကြပြီဆိုရင် ဘုရားဂုဏ်တော် တစ်ခုခုတော့ အောက်မေ့သင့်တာပေါ့။ ဒါမှ . . ."
"တစ်နှစ် တစ်ခါ၊ ကုသိုလ်ရှာ၊ တို့ရွာ ဘုရားပွဲ။"

"မြတ်စွာဘုရား သစ္စာလေးပါးကို သိတာက သူများပြောလို့ သိတာ မဟုတ်ဘူး။ ဆရာက သင်ပေးလို့ သိတာ မဟုတ်ဘူး။ သယမ္ဘူဉာဏ်နဲ့ သိတာ။ ကိုယ်တော်တိုင် ထိုးထွင်းပြီး သိတာ။"

"ပြောမှ သိ၊ ထိမှာ နာ၊ သာမှ နေ၊ သေမှ ခင်၊
ဤလေးအင်၊ လူတွင် မကျင့်ရာ။"

"မပြောလည်း သိရမယ်။ လောကမှာ . . . မရှိတာထက် မသိတာ ခက်တယ်။ ဘယ်လိုလူဟာ ဘာလုပ်သင့်တယ်၊ ဘာပြောသင့်တယ်။ ဘုန်းကြီးဆိုရင် ဘုန်းကြီးစကား၊ ဘုန်းကြီးအလုပ် . . . လုပ်သင့်တာ မလုပ်သင့်တာ၊ ပြောသင့်တာ မပြောသင့်တာ . . . ကိုယ့်ဟာနဲ့ကိုယ် သိတတ်မှ။ လူ ဆိုရင် လူ့အလျှောက်။ သူဌေး သူဌေးအလျှောက်၊ ဆင်းရဲသား ဆင်းရဲသားအလျှောက် . . . ကိုယ်အခြေအနေကိုယ် သိမှ။"

"မြတ်စွာ ဘုရားရဲ့ သယမ္ဘူဉာဏ်လောက် အဆင့်မမြင့်ပေမယ့် ကိုယ့်အသိနဲ့ကိုယ် အလိုက်သိဖို့ လိုတယ်။ ကိုယ့်အတိုင်းတာနဲ့ကိုယ် သယမ္ဘူဉာဏ် ရှိဖို့လိုတယ်။"

"ကိုယ့်အသိနဲ့ကိုယ် သင့်တော်ရာ တာဝန်ယူပြီး ကုသိုလ်ပြုကြတယ်။ ကုသိုလ်ရှာကြတယ်။ နှစ်စဉ် ပြုကြရမယ့် ကုသိုလ်။"

"မဖောက်မပြန်၊
သယမ္ဘူဉာဏ်ဖြင့်၊
အမှန်ထိုးထွင်း၊
အလင်းထင်ပေါ်၊
သိမြင်တော်မူသော မြတ်စွာဘုရား . . . . .။"
"တစ်နှစ် တစ်ခါ၊ ကုသိုလ်ရှာ၊ တို့ရွာ ဘုရားပွဲ။"

:)
ရှင်အာစာရ