Showing posts with label 04. Others - အျခား. Show all posts
Showing posts with label 04. Others - အျခား. Show all posts

Monday, July 26, 2021

သမဂ္ဂါနံ

 July 11, 2021

-----

@zoom

"အားလုံး မင်္ဂလာပါ ဘုရား။"

"မင်္ဂလာပါ။ မင်္ဂလာပါ။ မင်္ဂလာပါ။ မင်္ဂလာပါ။. .. .. .. ."

"ကဲ လိုင်းကောင်းတုန်း မြန်မြန်စလိုက်ကြပါစို့။ ဦးစန္ဒြာလင်္ကါရ အရင်ဆုံး ဆွေးနွေးပေးပါ ဘရား။ ကိုဗစ်အပါအဝင် ဒကာဒကာမတွေ လတ်တလော ရင်ဆိုင်နေကြရတဲ့ အခက်အခဲ အကြပ်အတည်း အားလုံးကို အမြန်ဆုံး နဲ့ အကောင်းဆုံး ကျော်လွှားနိုင်ရေး သံဃာတော်တွေဘက်က ဖြစ်နိုင်သမျှ ပံ့ပိုးကြဖို့ လုပ်သင့်တာတွေ၊ လုပ်နိုင်တာတွေ၊ လက်ရှိ လုပ်နေတာတွေ၊ ဘာဆက်လုပ်သင့်တယ် ဆိုတာတွေ ဆွေးနွေးပေးပါ ဘုရား။"

"တပည့်တော် တစ်ဦးတည်းအမြင်အရကတော့ ပြဿနာ အားလုံးရဲ့ အရင်းခံက နိုင်ငံရေး ပြဿနာပဲ။ ရခိုင် သံဃာထု အနေနဲ့ကတော့ ရခိုင်ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်မှုက နယ်ပယ်တိုင်းမှာ ရှိနေပါတယ်။ ရခိုင်သမိုင်း မရိုင်းဖို့ တာဝန်ရှိကြတယ်လို့ ယုံကြည်ထားကြတာပါ။ ရခိုင့်သမိုင်းမှာဆိုရင် မြောက်ဦးသမိုင်းကို မေ့ထားလို့ မရပါဘူး။ ဒါ့ကြောင့် ရခိုင်နိုင်ငံတော် ပြည်လည်တည်ဆောက်ပြီး ရခိုင်သမိုင်းကို ရခိုင်တွေ ပြန်ရေးဖို့ပဲ။ ဘယ်သူတွေ ဘာပဲ လုပ်နေလုပ်နေ၊ ဘုံရန်သူ ဘာပဲ​​ဖြစ်ဖြစ်၊ သွားချင်ရာကို ဦးတည်ကြ။ ရခိုင်တွေအတွက် အရေးကြီးတာက ရခိုင်သမိုင်းနဲ့ ရခိုင်နိုင်ငံတော်ပဲ။ ရခိုင်သံဃာတွေက ဒါပဲ လုပ်မှာပါ။"

"တပည့်တော်တို့ မွန်ရဟန်းတော်တွေ လိုလားတာကလည်း မွန်ပြည်သူတွေနဲ့ တစ်သားတည်းပါ။ ဦးတည်ချက်ကလည်း မွန်ပြည်သစ်ပါပဲ။"

"တပည့်တော်တို့ ရှမ်းသံဃာတွေကတော့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး၊ ရှမ်းပြည်တိုးတက်ရေး ကိစ္စတွေမှာ ရှမ်းပြည်သူတွေနဲ့ အတူရှိနေပါတယ်။"

"အင်း. .. .. . အရှင်ဘုရားတို့ အားလုံး သတိထားမိပြီးသား ဖြစ်မှာပါ။ အဓိက အတားအဆီးကို မဖယ်ရှားနိုင်ရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာကိုလည်း ပြန်လည် သုံးသပ်ကြဖို့ အထူး သတိပေးပါရစေ ဘုရား။ ကဲ နောက်တစ်ပါး. .. .. . မြန်မာရဟန်းတော်တွေထဲက. .. ... တောင်ငူဘက်က ဦးဝိဇယာဘိဝံသ အမိန့်ရှိပါ့အုံး ဘုရား။"

"တပည့်တော်တို့ တောင်ငူဘက်က အထူးပြောစရာ မရှိပါဘူး။ ဦးစန္ဒြာလင်္ကါရ ပြောလိုက်မှပဲ ကိုယ့်သမိုင်းကိုယ် ပြန်ငဲ့ကြည့်မိတော့တယ်။ တပည့်တော်တို့ တောင်ငူမှာလည်း နတ်သျှင်နောင်ခေတ် ရှိခဲ့တာပဲ။ တောင်ငူသမိုင်းကို ပြန်လည်တူးဖော်ဖို့ သင့်မသင့်၊ တောင်ငူခေတ်က ထွန်းကားခဲ့တဲ့ ရတုတွေ ပြန်လည်အသက်သွင်းရမလား၊ တောင်ငူဘုရင် တစ်ပါးပါး ပြန်လည်နန်းတက်နိုင်အောင် လုပ်ရမလား။ နောက်ပိုင်းမှာ ဝိုင်ဝန်းဆွေးနွေး ပေးကြစေချင်ပါတယ် ဘုရား။"

"အဲ. .. .. တပည့်တော် နည်းနည်းတော့ သဘောပေါက်မိသလိုပဲ ဘုရား။ တပည့်တော်တို့ ရွှေဘိုမှာလည်း ဥသြအော်မြည် ကုန်းဘောင်တည် ဆိုတဲ့အတိုင်း ရှေးက စည်ကားခဲ့တဲ့ ကုန်းဘောင်ရာဇဝင် ခမ်းနားခဲ့တာပဲ မဟုတ်လား။ အတိတ်သမိုင်းကို ခြေရာခံပြီး အနာဂတ်သစ် တည်ဆောက်မယ်ဆိုရင် ကုန်းဘောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်နိုင်ဖို့ ကြိုးစားရမယ့် သဘောပါပဲ။ ဒီပဲယင်းလည်း သူ့သမိုင်းနဲ့သူပဲ။ ဒီပဲယင်းတည်စ ဘုံဘေးမ ဆိုတော့ ရွှေဘိုထက်တောင် စောခဲ့သေးတာပါ။ ဒီပဲယင်းစိတ်ဓာတ် ပြင်းထန်လာရင် အခုခေတ်မှာ . . . ဒီပဲယင်း တောင်လက်နဲ့ ဒီပဲယင်း မြောက်လက်. .. .. . ဒီပဲယင်း ပီဒီအက်ဖှ် နှစ်ဖွဲ့ကွဲ့ပြီး အချင်းချင်း ပြန်တိုက်ကြအုံးမလား။ ရှမ်းပြည်မှာ တောင်းပိုင်းမြောက်ပိုင်း လက်နက်ကိုင် နှစ်ဖွဲ့ရဲ့ တိုက်ပွဲတွေက သက်သေ အထင်အရှား ရှိနေတယ် မဟုတ်လား။ ပါတီထောင်ကြမယ် ဆိုရင်လည်း ဒီပဲယင်းနိုင်ငံတော်သစ်ပါတီပေါ့။ ဒါကိုလည်း ဆက်လက်ဆွေးနွေးပေးကြပါ ဘုရား။"

မှတ်ချက် -

ထို့နောက် အင်တာနက်လိုင်း ယာယီပြတ်တောက်သွားပါသဖြင့် ခဏတာ စိတ်သက်သာရာ ရခဲ့ပါသည်။

Sunday, June 20, 2021

သတင်း

June 18

-----
ခုလိုချိန်မှာ သတင်းစကား ဆိုတာက ထန်းလက်နဲ့ ကာတာမျိုးလည်း ရှိမယ်။ ယုံတဲ့သူ ယုံမယ်၊ မယုံချင် နေကြ၊ တစ်ယောက်ယုံရင် တစ်ယောက် အမြတ်လို့ တွက်တာလည်း ပါမယ်။ ပြောတဲ့သူ ကိုယ်တိုင်က မယုံဘဲ ကြားတဲ့သူ ယုံပါစေလို့ လူလည်ကျတာလည်း ပါမယ်။ ပြောသူရော ကြားသူပါ ယုံစရာ မဟုတ်မှန်း သိသိကြီးနဲ့ ဘက်တော်သားတွေ ပြောစရာ စကားရဖို့၊ ခံငြင်းစရာ အကိုးအကားရဖို့ တပ်ကူလုပ်ပေးတဲ့ သတင်းတွေလည်း ပါမယ်။ ဒါက သတင်းနဲ့ ပတ်သက်တဲ့ သတင်းဆိုးပါ။ အဆိုးရော အကောင်းရော သတင်းမှန်တွေ ထုတ်နေတာလည်း မနည်းပါဘူး။ သတင်းခေတ်မှာ သတင်းရဲ့ တန်ဖိုးဟာ ဘယ်ကလာတဲ့ သတင်းလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သတင်းရင်းမြစ် သုံးခု ခွဲကြည့်မိပါတယ်။
ပုဂ္ဂလိက သတင်း -
တစ်ဦးတစ်ယောက် ပြောတဲ့ သတင်းဆိုရင် ပုဂ္ဂိုလ်ရေးအရ ယုံကြည်ရသူ ဖြစ်နေအုံးတော့ အားနည်းတဲ့ သတင်း ဖြစ်နိုင်ပါတယ်။ စဥ်ဆက်မပြတ် ယုံကြည်ခဲ့ရသူ ဆိုရင်တောင် ပုဂ္ဂိုလ်ရေး သတင်းဟာ ပုဂ္ဂိုလ်ရေး သတင်းပါပဲ။ ပရော်ဖက်ရှင်နယ် သတင်းသမားတွေလောက် စိစစ်နိုင်ကြမှာ မဟုတ်ပါဘူး။ ဖေ့စ်ဘွတ်မှာ ပရိုဖိုင် အတုနဲ့ သတင်းပေးနေသူတွေရဲ့ သတင်းကိုတော့ မျက်ကွယ်ပြုလိုက်တာ အကောင်းဆုံးပါ။ အန္တရာယ် ရှိပါတယ်။
မီဒီယာ သတင်း -
ပုဂ္ဂိုလ်ရေးသတင်းတွေထက် ခိုင်မာတာကတော့ ယုံကြည်လောက်တဲ့ မီဒီယာကြီးတွေပါ။ မယုံကြည်ရတဲ့ မီဒီယာကြီးတွေရဲ့ သတင်းတွေကတော့ ပရိုဖိုင် အတုတွေက လာတဲ့ သတင်းတွေထက်တောင် ကြောက်စရာကောင်းပါတယ်။
သံတမန်များ နှင့် အဖွဲ့အစည်းများ သတင်း -
ခိုင်မာတဲ့ မီဒီယာကြီးတွေထက် ပိုပြီး ယုံကြည်စရာ ကောင်းတာကတော့ သံတမန် ရပ်ကွက်က လာတဲ့ သတင်းတွေ၊ အရာဝင် တန်းဝင်တဲ့ အဖွဲ့အစည်းတွေကလာတဲ့ သတင်းတွေ ဖြစ်ပါတယ်။ သူတို့က အပြောအဆို ဆင်ခြင်ရပါတယ်။
ကြိုက်တဲ့ သတင်းအပေါ် ကြိုက်သလို ဆုံးဖြတ်ဖို့ကတော့ လူတိုင်းရဲ့ လွပ်လပ်ခွင့်သာ ဖြစ်ပါကြောင်း။

ကြုံတိုင်းရွာက အညောညနိဿိတာ

June 8


_____
မုဆိုးကျော် တွတ်ပီနှင့် တပည့်ကျော် ဗိုက်ကလေးတို့ အမဲလိုက် မထွက်နိုင်လောက်အောင် ရပ်ရေးရွာရေး ပူလောင်နေကြရခြင်းသည် ရိုးမတောတွင်းရှိ သားကောင်အပေါင်းတို့အတွက် ငြိမ်းချမ်း​ရေး ဖြစ်နေချေတော့၏။
ပူလောင်လှသည့် တစ်နေ့သ၌ . . . .
"သူကြီး ဘစီက လူသားမို့ သူ့ရာထူး၊ သူ့စည်းစိမ်၊ သူ့အသိုက်အဝန်းအတွက် ယုတ်မာတယ် ပက်စက်တယ် ထားပါတော့ ဗိုက်ကလေးရာ။ ဘစီကို ငါတို့ တော်လှန်တာက တော်လှန်တာပဲ။ ဘစီနဲ့ ရန်ငါ ပြတ်တယ်။ ကျေနပ်တယ်။ ဒါပေမယ့် ဒီကောင်ဘစီ တို့ရွာအပေါ်ယုတ်မာရက်စက်တိုင်း ရွာဦးကျောင်း ဆရာတော်ကြီးက ထောက်ခံအားပေးနေတာ . . . ဘာသဘောလဲ။ လုပ်ပေါက်က . . .။ ငါတို့ ကြုံတိုင်းတစ်ရွာလုံး တစ်သက်လုံး လေးစားခဲ့ကြသမျှ . . . သဲထဲရေသွန်ကွာ . . .။ တောကောင်ရတိုင်း (မရှောင်ရင် လွတ်မယ့်) ဦးဦးဖျားဖျား ဆွမ်းပို့မိခဲ့တာတွေ . . . ရင်နာလို့ မဆုံးဘူး။ ဆရာတော်ကြီး ဟောခဲ့တဲ့ တရားတွေ၊ ဆရာတော်ကြီး ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ ရပ်ရွာအကျိုးပြု လုပ်ငန်းတွေ . . . အခု ဘာလုပ်လို့ ရတော့မှာလဲ။ မြောင်းထဲ ရောက်ကုန်ပြီ။ ရပ်ရွာဦးခေါင်း သူတော်ကောင်း လုပ်နေပြီး . . . အင်း . . .။ ဟွန်း။ အယုတ်တမာကောင် မအေရိုး ဘစီက ဘာတွေများ ကျွေးထားလဲ မသိဘူး။ ငါ ကွာ . . .။"
"ဆတွတ် စိတ်လျှော့ပါဗျ။ ကျွန်တော်တို့ ကံပေါ့ဗျာ။ အချိန်တန်ရင် အဖြေပေါ်သွားမှာပါ။ ဆရာတော်ကြီးကို နိုင်ထားတဲ့အကွက် သူကြီးဘစီမှာ ရှိထားတယ်တဲ့ ဗျ။ ဆရာတော်ကြီးရဲ့ ခြေစခေါင်းဆုံး စီစီတီဗီမှတ်တမ်း ဇာတ်လမ်းတွေက သူကြီးဘစီဆီမှာတဲ့ ဗျ။"
"ဘာမှတ်တမ်းလဲ။ မင့် ဘယ်သူပြောတာလဲ။"
"နားနဲ့မနာ ဖဝါးနဲ့နာပါဗျာ။ *888*၊ *555*၊ *.*၊ &69၊ *.* ၊ 69& တဲ့ ဆတွတ်ရေ။"
"ဟေ ဟေ့။ ကောင်းကြရောကွာ။"
"ကျွန်တော်လည်း အခန်းနေ ဦးဇင်းလေးဆီက ကြားတာပဲ။ ဦးဇင်းလည်း ကပ္ပိယကြီး ပြောပြလို့ သိတာတဲ့။ ကပ္ပိယကြီး ကျောင်းကထွက်သွားရတာ အဲ့ဒီ စီစီတီဗီ မှတ်တမ်းတွေနဲ့များ ပတ်သက်နေသလား မသိဘူး ဗျ။ ကျွန်တော်တို့ ဂျင်ဇီတွေ ဆက်လိုက်နေပါတယ်။ ခဏပဲ စောင့်ပါ။"
"တွေ့ကြသေးတာပေါ့ကွာ။ အေး။ ဘာပဲဖြစ်ဖြစ် စကားပြောရင် မင့်ကိုယ်မင်း ဂျင်ဇီ ဂျင်ဇီနဲ့ မ​ညွှန်းဖို့ တစ်ရာ့တစ်ကြိမ်မြောက် သတိပေးတယ်။ ဒါနောက်ဆုံးပဲ။ ကိုယ့်အသက်ကိုယ် ပြန်တွက်အုံး။"
"ဟုတ်။"
ဒီနေ့ ဗိုက်ကလေး ကံမကောင်းပါလား။

ရေဗူး ပေါက်လေသော်

May 27, 2021


ရာသီဥတု ပူသည်။
"ဟဲ့ ပေတိုး . . . နင် ရူးနေသလား။ နင့်နား ကန်းနေပြီ။ ရေသောက်ချင်လို့ ရေခပ်ခိုင်းတဲ့ဟာကို . . . . . ဘယ့်နှယ် . . . လက်ဆေးဖတ် ဖော့တုံးကြီး . . .။"
"သောက်တော်ရေ ကပ်မှာ ဘုရာ့။ ရေဗူးပေါက်နေလို့ . . . ရေပါဖို့ အဓိက ဆိုလို့ . . . ဖော့တုံး ရေဆွတ်လာတာ ဘုရာ့။ ဖော့တုံးညှစ်ပြီး ရေခွက်ထဲ ထည့်ကပ်မှာ ဘုရာ့။"
"အင်း . . . . .။ ငါသောက်ရမှာလား။ ရာသီဥတုကလည်း ပူပါ့ကွာ။"
ရာသီဥတု ပူသည်။

Tuesday, March 30, 2021

အိပ်ပိတ်ပေးစာ

သားတို့သမီးတို့အားလုံး ဘေးမသီ ရန်မခကြဖို့ ဘုန်းဘုန်းကြီးက နေ့စဉ်မပြတ် ဒလဟော ဒလစပ် အထူးရှယ် ရွှေမေတ္တာဓာတ်တွေ အဆက်မပြတ် အိုက်တင်မျိုးစုံနဲ့ ပို့လွှတ်နေတယ်ဆိုတာ အထူးပြောစရာ လိုမယ် မထင်ပါဘူး။

တိုက်ပွဲဝင်နေကြတဲ့ သားတို့သမီးတို့ အားလုံးကို အထူးပဲ ချီးကျူးဂုဏ်ပြုကြောင်း ရွှေသတင်းစကား ပါးလိုက်ပါတယ်။ သားတို့သမီးတို့ အားလုံးကို အရမ်းကာရော ပစ်စလက်ခတ် ပယ်ပယ်နယ်နယ် ပက်ပက်စက်စက် လေးစားပါမိတယ်။ ဒါကို ဘယ်သူမှတော့ မသိပါစေနဲ့နော်။ ဘာဖြစ်လို့လဲ ဆိုတာကတော့ . . . သားတို့သမီးတို့က ပိုသိပါတယ်။

သားတို့သမီးတို့ သက်စွန့်ဆံဖျား လှုပ်ရှားနေကြတာတွေကို ဘုန်းဘုန်းကြီး အမြဲမပြတ် စောင့်ကြည့်နေပါတယ်။ ကြည့်ရင်းကြည့်ရင်း . . . နေ့စဉ်နေ့တိုင်းပဲ စဉ်းစားသုံးသပ်တာတွေ လုပ်နေပါတယ်။ မလုပ်လို့လည်း မရတော့ဘူးလေ။ မဝေးတော့တဲ့ အနာဂတ်မှာ သားတို့သမီးတို့နဲ့ သင့်တော်မယ့် ဘယ်လို သင်တန်းတွေ စီစဉ်ရမလဲ ဆိုတာကို ကျကျနန ဂဃနဏ ကြံစည်နေပါတယ်။ သားတို့သမီးတို့ အနာဂတ် မလှရင် ဘုန်းဘုန်းကြီးလည်း အနာဂတ်ပျောက်မှာပါ။ ခေတ်ကာလအလျောက် သင်တန်းတွေ ပုံစံပြောင်းပေမယ့် အနှစ်သာရကတော့ အလိမ္မာတွေ သင်ပေးမှာပဲ ဖြစ်ပါတယ်။ သစ္စာတွေ၊ မေတ္တာတွေ အရင်နဲ့ မတူတဲ့ နည်းစနစ်တွေနဲ့ သင်ပေးမှ ဖြစ်တော့မယ်။ အထာမျိုးစုံး သုံးမယ်။ ဆိုက်ကိုတွေ ပါမယ်။ မိုတီတွေ သွင်းမယ်။ ဘာပဲဖြစ်ဖြစ် သားတို့သမီးတို့ အားလုံး တက်တက်ကြွကြွနဲ့ ရယ်မောပျော်ရွှင်ကြရမယ့် သင်တန်းတွေ ဖြစ်မယ်ဆိုတာ ယုံထားလိုက်ပါ။ အဲ့ဒီကျမှ ဘုန်းဘုန်းကြီးကို ပစ်မသွားကြပါနဲ့နော်။ လောလောဆယ် . . . ကွန်ဂရက်ကျူလေးရှင်းပါ။ ဖိုင်းတင်း။

‌‌ရွှေမေတ္တာတုံး အကြီးကြီး ယီးတိုက်၍ ပို့သလျက်
သားတို့သမီးတို့ အားလုံး ချစ်ကြတဲ့
ရာဟုလာဆရာတော်ဘုရားကြီး

Sunday, March 28, 2021

စစ်ကြိုခေတ် - အင်း သာသနာရေး

 

"အင်း . . . ရာသီဥတုက အုံ့မှိုင်းမှိုင်းနဲ့ . . . အင်း . . . ဘာတွေများ ဖြစ်အုံးမလဲ မသိပါဘူး ဒကာကြီးရေ . . .။ အင်း . . .။"
"မှန်ပါ့။ တရုတ်ပြည်မှာ သဲမုန်တိုင်း ကျနေပြန်ပြီ တဲ့။ အဲ့ဒါကြောင့် ရာသီဥတု ပျက်တာများလား မသိပါဘူး ဘုရား။ တပည့်တော်တို့ဆီမှာတော့ ရတနာ သုံးပါး ဂုဏ်ကျေးဇူးကြောင့် . . . ဘာအန္တရာယ်မှ မလာနိုင်ပါဘူး။ စစ်ပွဲကတော့ သေချာသလောက်ပဲ ဘုန်းဘုန်းရယ် . . .။ စစ်ဖြစ်ရင်တော့ သေကြကျေကြ . . . ငတ်ကြပြတ်ကြ . . . ဒုက္ခရောက်ကြအုံးမှာပဲ။ မေတ္တာပို့ပေးပါ့အုံး ဘုရား . . . ဟဲ ဟဲ . . .။ အော် . . . ဒါက . . . မနေ့က ဘုန်းဘုန်း မကြွနိုင်လို့ ဘုန်းဘုန်းကို ကပ်ဖို့ တပည့်တော် ယူလာတာ . . .။ ဒီနှစ် ဘုန်းဘုန်း ရတဲ့ စာချဘွဲ့။"
"အင်း . . .။"
"ခေတ်မကောင်းတော့ ဘုန်းဘုန်းတို့လည်း စာဝါတွေ နားထားရတာပေါ့။ အဲ . . . တပည့်တော် အခုလာတာက . . . ဘုန်းဘုန်းဆီ အကူအညီတောင်းဖို့ လာခဲ့တာ ဘုရား . . ."
"အင်း . . .။"
"ဘာမှ စိတ်မပူပါနဲ့ ဘုရား။ အားလုံး အေးအေးချမ်းချမ်းဖြစ်အောင် တပည့်တော်တို့ ကိုင်တွယ်နေပါတယ် . . .။ တာဝန်တွေ များလာရင် တပည့်တော် . . . ဘုန်းဘုန်းတို့ကျောင်း သိပ်လာနိုင်မှာ မဟုတ်တော့ဘူး ဘုရား။ အဲ့ဒါ . . . ဒီရက်ပိုင်းအတွင်း တပည့်တော်လည်း အိမ်မှာ နေနိုင်မှာ မဟုတ်လို့ . . . ဒကာမကြီးနဲ့ ကလေးတွေ စိတ်ချရအောင် ဘုန်းဘုန်းကျောင်း လာပို့ထားမလို့ ဘုရား။"
"အင်း . . .။"
"ဆွမ်းစားကျောင်းနဲ့ . . . ရေချိုးခန်းနဲ့ မဝေးအောင် သိမ်ကျောင်းထဲမှာ နေရာချထားလိုက်မယ် ဘုရား။ ဘုရားကြီးနဲ့လည်း နီးတော့ . . . ဒကာမကြီး ပဋ္ဌာန်းရွတ်ရတာလည်း အဆင်ပြေတာပေါ့ . . .။"
"အင်း . . .။"
"အခုပဲ . . . တပည့်တွေကို ခေါ်ထားတယ် . . .။ သိမ်ကျောင်းရှင်းဖို့ လာကြတော့မှာ။ သိမ်ကျောင်းထဲမှာ ကောဇောအပြည့် ခင်းလိုက်မယ် ဘုရား။ ပတ္တာပြုတ်တဲ့ ပြတင်းပေါက်တစ်ခု တွေ့တယ်။ အဲ့ဒါလည်း အသစ်လဲလိုက်မယ် . . .။ အတွင်းပိုင်း နည်းနည်းလောက် ဆေးပြန်သုတ်လိုက်မယ်။ လောလောဆယ် ဘုရားဘေးက အခန်းထဲမှာ နေနေတဲ့ ဦးဇင်းလေးကို ဆွမ်းစားကျောင်း အပေါ်ထပ် ရွှေ့ခိုင်းလိုက်မယ် ဘုရား။"
"အင်း . . ."
"မျက်နှာကျက် ပန်ကာတွေလည်း မကောင်းတော့ဘူး . . .။ ပန်ကာတွေတော့ ဒီတိုင်းပဲ ထားလိုက်ပါတော့မယ်။ အဲကွန်း စတင်းတွေပဲ ထည့်ခိုင်းလိုက်တော့မယ်။ ဒီအတွက် မီတာခလည်း မပေးရဘူးဆိုတော့ . . . အဆင်ပြေပါတယ် ဘုရား။"
"အင်း . . .။"
"ညနေကျရင် . . . ဘုန်းဘုန်းတို့ ကိုရင်တွေ အတွက်ပါ ရိက္ခာတွေ ပို့လိုက်မယ် ဘုရား။ ဆီ၊ ဆန်၊ ပဲ၊ ငါးခြောက် . . . အခြောက်အခြမ်းတွေ . . . ဆွမ်းစားကျောင်း ဂိုထောင်ထဲ ထားလိုက်မယ်။ ဘာတွေပါသလဲ . . . တပည့်တော်တောင် သေသေချာချာ မကြည့်ရသေးဘူး။ ကလေးတွေ . . . လမ်းဘေး ဝင်မွှေပြီး မလာတာ။ နောက်ထပ်လည်း သယ်ရအုံးမယ် . . . ဘာမှ စိတ်မပူပါနဲ့ ဘုရား။ ကဲ ဘုန်းဘုန်း . . . တပည့်တော် သွားမယ် ဘုရား။ ကလေးတွေ သိမ်ကျောင်းဘက် ‌ရောက်နေလောက်ပြီ။"
"အင်း . . . . . . . . . . . . . . . . .။"
(ဧဝံ မေ သုတံ)

Monday, October 9, 2017

လျှောက်ထားလွှာ နှင့် သြဝါဒများ မှသည် . . . . .

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မန်း နပသ သင်ကြားစီမံ ဆရာတော်များကို တွေ့ဆုံးဖူးမျှော်၊ သာသနာရေး လျှောက်ထားပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်ခဲ့သည်။ မန်း နပသ ဒု-ပါမောက္ခချုပ် ဆရာတော်နှင့် မော်ကွန်းထိန်းဆရာတော်တို့က သြဝါဒစကား မိန့်ကြားခဲ့ကြသည်။ နေရာမှာ မန်း နပသ မဟာဘွဲ့နှင်းဓမ္မာရုံ ဖြစ်ပြီး အချိန်မှာ ယနေ့ နေ့လယ် တစ်နာရီမှ နှစ်နာရီခွဲအထိ ဖြစ်ခဲ့သည်။

ဝန်ကြီး၏ လျှောက်ထားချက် -

သာသနာရေး နှင့် ယဉ်ကျေးမှု ဌာနနှစ်ခုအတွက် တာဝန်နှစ်ခု ပူးတွဲ ယူထားရသည့်အတွက် အလုပ်များသဖြင့် ဆရာတော်များနှင့် ထိတွေ့ဆက်ဆံမှု နည်းပါးရသည်ကို ဝန်ကြီးက ရှေးဦးစွာ တောင်းပန်သည်။ သက်တမ်း သုံးဆယ့်တစ်နှစ် ရှိပြီဖြစ်သော သာသနာ့တက္ကသိုလ်ကြီးသည် ယခင်နှစ်က နှစ်သုံးဆယ်ပြည့် ပုလဲရတုပွဲတော်ကြီး ခမ်းနားစွာ ကျင်းပခဲ့ရာ . . . လာအို ခရီးစဉ်နှင့် တိုက်ဆိုင်နေသဖြင့် မတက်ရောက်နိုင်ခဲ့သဖြင့် ဝမ်းနည်းခဲ့ရကြောင်း လျှောက်ထားသည်။

ဆက်လက်၍ . . . ရခိုင်အရေး၊ အနောက်ဘက်နယ်စပ် လုံခြုံရေးနှင့် စပ်လျဉ်း၍ လက်ရှိအခြေအနေကိုလည်း လျှောက်ထားသည်။ ရခိုင်ပြည်နယ်အတွင်း တရားမဝင် ဘင်္ဂါလီ ဝင်ရောက်မှု အန္တရာယ်ကို လျှောက်ထားသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်လောက်သာ ကျယ်ဝန်းသော်လည်း နှစ်စဉ် လူဦးရေ တိုးပွားမှုနှုန်းမှာ ဆယ်ရာခိုင်နှုန်း ရှိနေပြီး လူဦးရေမှာ မြန်မာထက် သုံးဆ ရှိနေကြောင်း၊ မြေနေရာ ပိုမိုကျယ်ဝန်းသည့် မြန်မာနိုင်ငံ၏ နှစ်စဉ်လူဦးရေး တိုးပွားမှုနှုန်းမှာ တစ်ဒဿမ နှစ်ရာခိုင်နှုန်းသာ ရှိကြောင်း၊ မြေနေရာ ကျဉ်းမြောင်းပြီး လူဦးရေ အဆမတန် တိုးပွားသည့် အိမ်နီးချင်းနိုင်ငံသည် လူဦးရေ ထိန်းချုပ်ရန် မကြိုးစားဘဲ အိမ်နီးချင်း နိုင်ငံများသို့ ခိုးဝင်ထိုးဖောက်ရန်သာ အားပေးနေကြောင်း၊ အိန္ဒိယနိုင်ငံ လုံခြုံရေးအတွက် သံဆူးကြိုး နှစ်ထပ်ကာထားပြီး သံဆူးကြိုးနှစ်ထပ်ကြား၌ မိုင်းထောင်ထားသည့်အပြင် ခိုးဝင်လာသူကို ပစ်သတ်သဖြင့် ခိုးဝင်ရန် မလွယ်ကြောင်း၊ မြန်မာနိုင်ငံ လုံခြုံရေးအတွက် သံဆူးကြိုး ကာရံမှုမှာ ခနော်ခနဲ့သာ ဖြစ်ခဲ့ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံကလည်း နိုင်ငံတော် အစိုးရနှင့် အလှူရှင်များ၏ ငွေကြေးဖြင့် အိန္ဒိယကဲ့သို့ ခိုင်မာသည့် ခြံစည်းရိုး ကာရံမှု ပြုလုပ်နေပြီဖြစ်ကြောင်း လျှောက်ထားသည်။ ပြီးခဲ့သည့် ရခိုင်ပြဿနာ၌ စစ်တပ်က နယ်မြေရှင်းလင်းမှု ပြုလုပ်ရာ၌ ဘင်္ဂါလီများ ထွက်ပြေးကြရာ အစပိုင်း၌ ထောင်ဂဏန်း၊ သောင်းဂဏန်းသာ ရှိကြောင်း၊ နယ်မြေအေးချမ်းပြီး နောက်ပိုင်း ထွက်ပြေးသည့် အရေအတွက်ကို ငါးသိန်းဟု ဆိုကြကြောင်း၊ အရင့်အရင် ထွက်ပြေးမှုများနှင့် ပေါင်း၍ ခုနစ်သိန်းထိ ပြောကြကြောင်း၊ ဤသို့ ဘင်္ဂါလီ အရေအတွက် တင်ပြရာ၌ ပိုလွန်မှုများရှိကြောင်း၊ တစ်ထောင်ကို သုံးထောင်၊ တစ်သောင်းကို သုံးသောင်း . . . ချဲ့ကားတတ်ကြောင်း လျှောက်ထားသည်။ ပြီးခဲ့သည့် ရခိုင်ကိစ္စနှင့် စပ်လျဉ်း၍ အကြမ်းဖက် ဘာသာဝင် နိုင်ငံများက မြန်မာနိုင်ငံကို ဝိုင်းဝန်းရှုပ်ချကြကြောင်း၊ ကျီးအာသလို အာကြကြောင်း လျှောက်ထားသည်။ ဝိုင်းအော်ကြသည့် အိုအိုင်စီ နိုင်ငံအရေအတွက်မှာ ငါးဆယ့်ခုနစ်နိုင်ငံ ရှိသော်လည်း ဗုဒ္ဓဘာသာ နိုင်ငံများက မဆိုင်သလို . . . သည်းခံနေကြကြောင်း လျှောက်ထားသည်။

ယခုအခါ ကမ္ဘာ့ဗုဒ္ဓဘာသာ အဖွဲ့အစည်းတစ်ခု လိုအပ်နေပြီဖြစ်ကြောင်း၊ ထိုအဖွဲ့အစည်းကို မြန်မာနိုင်ငံက ဦးဆောင်ရမည်ဖြစ်ကြောင်း လျှောက်ထားသည်။ ဝန်ကြီးတက်ရောက်ခဲ့သည့် ကမ္ဘာ့အစည်းအဝေးများ၌ . . . မြန်မာက ဦးဆောင်၍ အဖွဲ့အစည်းတစ်ခု တည်ထောင်ရန် ဗုဒ္ဓဘာသာ အဖွဲ့အစည်း အသီးသီးက တိုက်တွန်းခဲ့ဖူးကြောင်း၊ တရုတ်ဗုဒ္ဓဘာသာအဖွဲ့၊ ဂျပန်ဗုဒ္ဓဘာသာအဖွဲ့၊ ကိုးရီးယားဗုဒ္ဓဘာသာအဖွဲ့ အစရှိသော အဖွဲ့အစည်းများက တိုက်တွန်းကြကြောင်း လျှောက်ထားသည်။ ဝန်ကြီး၏ အတွေ့အကြုံအရ . . . မဟာယာန ဘုန်းတော်ကြီးများသည် သက်သတ်လွတ် အသီးအရွက် ညစာစားသော်လည်း အခြားသော မဟုတ်မဟတ်များ မလုပ်ကြသဖြင့် ထေရဝါဒ ရဟန်းတော်များနှင့် ပေါင်းစည်းရန် ပြဿနာ မရှိကြောင်း လျှောက်ထားသည်။ ဗုဒ္ဓဘာသာအဖွဲ့တစ်ခု ပေါ်ပေါက်ရန် ဆန္ဒရှိကြသော်လည်း လက်တွေ့ လုပ်ဆောင်သည့် Action Plan မရှိသေးကြောင်း လျှောက်ထားသည်။

ကမ္ဘာ့အဆင့် ဗုဒ္ဓဘာသာအဖွဲ့ ဖွဲ့စည်းရေးမှာ ကျယ်လွန်းနေပြီး ကနဦးအနေဖြင့် အာရှဗုဒ္ဓဘာသာအဖွဲ့ တည်ထောင်ရမည်ဖြစ်ကြောင်း လျှောက်ထားသည်။ ဤအစီအစဉ်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြရာ မူအားဖြင့် သဘောတူထားပြီးဖြစ်ကြောင်း၊ ရုံးထိုင်၍ ကမ္ဘာနှင့် ဆက်ဆံနိုင်မည့် အာရှဗုဒ္ဓဘာသာအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် တစ်လအတွင်း စုံညီအစည်းအဝေး ခေါ်ယူရန်ရှိကြောင်း၊ ထိုအဖွဲ့ လည်ပတ်ရေးအတွက် ငွေကြေးကုန်ကျစရိတ်ကို သာသနာပြု အဖွဲ့အစည်းများက ထောက်ပံ့ကြမည်ဖြစ်ရာ အခက်အခဲ မရှိကြောင်း၊ လူ့စွမ်းအင် အရင်းအမြစ်အတွက် သာသနာ့တက္ကသိုလ်က မွေးထုတ်ထားသည့် စွမ်းရည်ပြည့် ရဟန်းတော်များဖြင့် အားဖြည့်ပေးစေလိုပါကြောင်း လျှောက်ထားသည်။ ဦးဆောင် ရဟန်းတော်များအနေဖြင့် ဓမ္မအရေးအပြင် လောကအရေး၊ နိုင်ငံရေး သိရှိရမည်ဖြစ်ကြောင်း၊ ဘာသာခြားတို့အကြောင်း သိထားရမည်ဖြစ်ကြောင်း၊ ကမ္ဘာသုံးဖြစ်သည့် အင်္ဂလိပ်ဘာသာစကားလည်း တတ်ကျွမ်းရမည်ဖြစ်ကြောင်း လျှောက်ထားသည်။

ဒု-ပါမောက္ခချုပ်ဆရာတော်၏ သြဝါဒ -

မကောင်းမှု ပြုလုပ်ရန် လွယ်ကူသော်လည်း မိမိအတွက်ရော သူတစ်ပါးအတွက်ပါ ကောင်းမြတ်သည့်အလုပ်၊ ကုသိုလ်ပြုလုပ်ရန် မလွယ်ကူကြောင်း၊ ကောင်းမြတ်သည့်အလုပ် ပြုလုပ်ရာ၌ အားစိုက်ထုတ်မှု ဝီရိယ ထည့်ပေးရကြောင်း မိန့်ကြားသည်။ အောင်မြင်ခြင်း၊ ဘုန်းကြီးခြင်းနှင့် လောဘ ဒေါသ မောဟ အကုသိုလ်တို့ကို တစ်ဘက်စီ ထည့်ချိန်လျှင် အကုသိုလ်ဘက်က လျော့နေအောင် ကြိုးစားရမည်ဖြစ်ကြောင်း မင်းကွန်းဆရာတော် ဘုရားကြီး၏ သြဝါဒကို အခြေခံ၍ စကားလက်ဆောင် ပေးတော်မူသည်။

မော်ကွန်းထိန်းဆရာတော်၏ သြဝါဒ -

ဝန်ကြီးလျှောက်ထားသည့်အတိုင်း သာသနာပြု ရဟန်းတော်များ လောကအရေး နိုင်ငံရေးတို့ သိထားရမည်ဖြစ်ကြောင်း၊ ရှေးမင်းများလက်ထက် သာသနာပိုင် ခန့်ထားရာ၌ စာတတ်ရုံသက်သက်နှင့် ခန့်ထားသည် မဟုတ်ကြောင်း မိန့်ကြားသည်။ လောကရေး၊ ဓမ္မရေး၊ ရာဇရေး တတ်သိရကြောင်း၊ ရာဇရေး ဆိုသည်မှာ နိုင်ငံရေးပင်ဖြစ်ကြောင်း မိန့်ကြားသည်။ မျက်မှောက်ခေတ် မြန်မာနိုင်ငံ စာသင်တိုက်များ၏ ရည်ရွယ်ချက်မှာ စာသင်-စာချ အလုပ်လုပ်ရန်မျှသာ ဖြစ်သော်လည်း သာသနာ့တက္ကသိုလ်၏ ရည်ရွယ်ချက်မှာ ပြည်တွင်းပြည်ပ သာသနာပြုရန် ဖြစ်သောကြောင့် မွေးထုတ်သည့် စာသင်သားချင်း မတူကြောင်း၊ သာသနာပြုနိုင်ရန်အတွက် ဘာသာခြားတို့အကြောင်း၊ လောကအကြောင်း သင်ရိုးညွှန်းတမ်းဖြင့် လေ့ကျင့်သင်ကြားထားသည့် သာသနာ့တက္ကသိုလ် စာသင်သားများသည် ဝန်ကြီးစိတ်ကူးသည့် အာရှဗုဒ္ဓဘာသာအဖွဲ့အတွက် စွမ်းဆောင်နိုင်ကြမည်ဖြစ်ကြောင်း မိန့်ကြားသည်။

သာသနာရေးနှင့် စပ်လျဉ်း၍ ကိုရီးယား ဆရာတော်တစ်ပါး လျှောက်ထားခဲ့ဖူးသည့် အကြောင်းအရာကိုလည်း ပြန်လည်မိန့်ကြားသည်။ ကိုရီးယားနိုင်ငံ၌ မြန်မာ ဗုဒ္ဓဘာသာ အလုပ်သမား ငါးသိန်းခန့် ရှိနေပြီး အလုပ်ရှင်များမှာ ခရစ်ယန်ဘာသာဝင်များ ဖြစ်နေသဖြင့် ဗုဒ္ဓဘာသာ အလုပ်သမားများကို ခရစ်ယန်ဘာသာဝင် ဖြစ်သွားအောင် အရာရှိတို့က နည်းမျိုးစုံဖြင့် စည်းရုံးကြမည်ဖြစ်ကြောင်း၊ ဤနည်းဖြင့် စည်းရုံးသဖြင့် ကိုးရီးယားဗုဒ္ဓဘာသာများ ခရစ်ယန် ဖြစ်သွားကြရကြောင်း၊ ကိုရီးယား၌ အလုပ်လုပ်နေသည့် မြန်မာ ဗုဒ္ဓဘာသာ အလုပ်သမားများ ဘာသာကူးပြောင်း မသွားရေးအတွက် ကိုရီးယားသို့ မြန်မာ သာသနာပြု ရဟန်းတော်များ စေလွှတ်သင့်ကြောင်း အကြံပေးသည့် ကိုရီးယား ဆရာတော်၏ လျှောက်ထားချက်ကို မိန့်ကြားသည်။ ထိုသို့ လျှောက်ထားသော်လည်း . . . ဝန်ကြီးလျှောက်ထားသကဲ့သို့ Action Plan မရှိသေးကြောင်း မိန့်ကြားသည်။

အနှစ်ချုပ် -

အချုပ်ဆိုရသော် . . . ဝန်ကြီး လျှောက်ထားသည့်အတိုင်း ခိုးဝင် ဘင်္ဂါလီများကို အိန္ဒိယ ကဲ့သို့ တားဆီးနိုင်ရေး၊ ထွက်ပြေး ဘင်္ဂါလီ အရေအတွက် လွန်လွန်ကျူးကျူး များပြားနေသည်ကို စနစ်တကျ စိစစ်နိုင်ရေး၊ ဗုဒ္ဓဘာသာအတွက် ခုခံခြင်း တွန်းချဲ့ခြင်းများ ပညာသားပါပါ လုပ်ဆောင်ပြမည့် အာရှဗုဒ္ဓဘာသာ အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်နိုင်ရေး လက်တွေ့ လုပ်ဆောင်နိုင်ပါစေကြောင်း . . .။

:)
ရှင်အာစာရ
(ခေတ္တ - မန္တလေး)

သီတင်းကျွတ်ပြီ




 “မောင်စိုးမင်းဌေး၊ မသန္တာဝင်းတို့ . . . ဒီဘဝမှာလည်း ပျော်ပျော်ရွှင်ရွှင်၊ နောက်ဘ၀ သံသရာမှာလည်း နှစ်နှစ်ကာကာ ပေါင်းသင်းနိုင်ကြဖို့အတွက် နှစ်ဦးနှစ်ဘက် တူညီမှုတွေ ရှိကြရမယ်။ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တဲ့။ လေးမျိုးတူရမယ် ဆိုတာကို သမဇီဝီသုတ်မှာ မြတ်စွာဘုရား ဟောတော်မူပါတယ်။

၁။ သဒ္ဓါဆိုတာက ယုံကြည်မှု။ ဆိုပါစို့ . . . ဘာသာရေး ယုံကြည်ချက်၊ နိုင်ငံရေး ယုံကြည်ချက်၊ စီးပွားရေး ယုံကြည်ချက်။ ယုံကြည်တဲ့ ဘာသာတရား မတူဘူးဆိုရင် လင်နဲ့မယား ပြေလည်ဖို့ မလွယ်ဘူး။ ထောက်ခံနိုင်ပါတီ၊ ယုံကြည်တဲ့ နိုင်ငံရေးသဘောတရား မတူရင်လည်း မအေးချမ်းနိုင်ဘူး။ စီးပွားရေးမှာလည်း ဘာလုပ်ကြမယ် . . . ဘယ်လောက်ရင်းနှီးမြှုပ်နှံမယ် . . . စသည်အားဖြင့် မတူကြရင် ပြဿနာ တက်နိုင်တယ်။

၂။ သီလ ဆိုတာက ကိုယ့်ကျင့်သီလ။ သီလမှာ . . . တစ်ယောက်က မူးယစ်သောက်စားတယ်၊ တစ်ယောက်က အနံ့တောင် မခံနိုင်ဘူးဆိုရင် ဘယ်လိုလုပ် စိတ်ချမ်းသာနိုင်မှာလဲ။ တစ်ယောက်က သတ်ဟယ်ဖြတ်ဟယ် ကြမ်းကြမ်းတမ်းတမ်း၊ တစ်ယောက် ကြင်နာတတ်လိုက်တာ သတ်ဖို့မပြောနဲ့ နာကြင်အောင်တောင် မလုပ်ဘူး။ အဲ့ဒီလို သီလအဆင့်အတန်း မတူကြရင်လည်း ကြည်ဖြူတဲ့ အိမ်ထောင်ရေး မဖြစ်နိုင်ဘူး။

၃။ စာဂ ဆိုတာက ပေးကြမ်းစွန့်ကြဲမှု။ အပေးအကမ်း တူညီရမယ် တဲ့။ တစ်ယောက်က ရက်ရောပြီး တစ်ယောက်က နှမြောနေရင် အဆင်မပြေဘူး။ တစ်ယောက် နည်းနည်းပဲ ပေးချင်လှူချင်တာ တစ်ယောက်က အများကြီး ပေးလိုက်လှူလိုက်ရမှ ကျေနပ်တာဆိုရင် မကျေနပ်မှုတွေ ဖြစ်လာမယ်။ ရက်ရောတာတော့ တူပါတယ် တစ်ယောက်က ဘာသာရေးမှာ ရက်ရောတယ်၊ တစ်ယောက်ကတော့ လူမှုရေးပရဟိတမှ လှူချင်တယ်ဆိုရင် နှစ်ဦးနှစ်ဘက် ကျေနပ်ဖို့ မလွယ်တော့ဘူး။ စိတ်တူကိုယ်တူ သဘောတူမှ သာသာယာယာ ဖြစ်မယ်။

၄။ ပညာ ဆိုတာကတော့ ခွဲခြားပြီး သိနိုင်တဲ့ စွမ်းရည်။ အမှန်အမှား အဆိုးအကောင်း ခွဲခြား သိတာ။ လွယ်လွယ် နားလည်ထားကြတဲ့ ပညာရေးဆိုရင် . . . ဘွဲ့ရတာနဲ့ မရတာ၊ ပညာတတ်တာနဲ့ မတတ်တာ။ တစ်ယောက်က ဘွဲ့ရ ပညာတတ်၊ တစ်ယောက်က ဘွဲ့မရဘူး။ အဲ့ဒီလို မတူကြရင် ယုံကြည်မှုတွေ၊ သီလတွေ၊ ပေးကမ်းစွန့်ကြဲမှုတွေမှာပါ ကွဲလွဲသွားနိုင်တယ်။ ကွဲလွဲရာကနေ ပြဿနာတွေ ဖြစ်လာနိုင်တယ်။

လေးမျိုးတူရင် ခုဘဝရော နောက်ဘဝပါ သာသာယာယာ ပေါင်းသင်းကြရမယ်။ ဒီလေးမျိုးတင် တူရမယ်လို့တော့ မဟုတ်ပါဘူး။ တူတာတွေ များလေ ကောင်းလေပါ။ ဆိုပါစို့ . . . ဝါသနာတူတယ်။ စာပေ ဝါသနာ၊ ပန်းချီ ဝါသနာ။ တူစရာတွေ အများကြီး ရှာကြည့်နိုင်ပါတယ်။

တူရင် သာယာတယ် ဆိုတော့ . . . မတူရင် မပေါင်းကြရတော့ဘူးလား။ ဒီလိုလည်း မဟုတ်ပါဘူး။ မတူပေမယ့် ညှိယူနိုင်တယ်၊ နားလည်မှု ရှိကြတယ်ဆိုရင် ပြဿနာ မရှိပါဘူး။ သဒ္ဓါဆိုတဲ့ ဘာသာရေး ယုံကြည်မှု မတူကြဘူး ဆိုပါစို့။ တစ်ယောက်က ဗုဒ္ဓဘာသာ၊ တစ်ယောက်က မွတ်ဆလင်။ သူယုံကြည်တာနဲ့ ကိုယ်ယုံကြည်တာ ကွဲလွဲခွင့် ရှိပါတယ်။ သဘောထား ကြီးကြီးနဲ့ အပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစားမှု ရှိကြတယ်ဆိုရင် . . . အဆင်ပြေပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပြဿနာတွေနဲ့ ပူလောင်ကြရပါလိမ့်မယ်။

ဒီဘဝမှာရော နောက်ဘဝတွေရော ချင်ချင်ခင်ခင် နှစ်နှစ်ကာကာ ပေါင်းသင်းနိုင်ကြဖို့အတွက် သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ လေးမျိုးတူအောင် ကြိုးစားကြပါ။ လေးမျိုးထက်မက တူတာတွေ များနိုင်သမျှများအောင် ကြိုးစားကြပါ။ မတူကြဘူး ကွဲလွဲမှုတွေ ရှိနေတယ် ဆိုရင်လည်း အပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစားမှုနဲ့ သာသာယာယာဖြစ်အောင် နေကြပါ။

အိုအောင်မင်းအောင် ပျော်ရွှင်နိုင်ကြပါစေ။”

“သာဓု၊ သာဓု၊ သာဓု . . .။”

:)
ရှင်အာစာရ

Tuesday, October 3, 2017

ခေါင်းချွန်ချွန် ခါးကြီးကြီး အမြီးရှည်ရှည်



အမေရိက ခရီးစဉ် ပြီးကတည်းက ရက်နှစ်ဆယ်လောက် အဆက်အသွယ် ပြတ်နေပြီး အရင်တစ်ပတ်ကမှ စကားပြောဖြစ်ခဲ့ကြတယ်။ ကလေးတွေကို လေ့ကျင့်ပေးပုံအကြောင်း ထည့်ပြောလို့ မှတ်သားလိုက်ရသေးတယ်။ ကလေးတွေ ကိုယ့်အားကိုယ်ကိုးတတ်ဖို့၊ လမ်းကြောင်းမှန်ဖို့ လူကြီးတွေက လမ်းညွှန်ပေးတာတဲ့။

“သပ်သပ်ရပ်ရပ် ကိုယ့်အိပ်ယာနဲ့ကိုယ် . . . ကလေးတွေလည်း နှိုးစက်နဲ့ အိပ်ကြရတာပဲ။ ကျောင်းချိန်မီဖို့ လုပ်ကြရတယ်။ လူကြီးက အလုပ်သွားနေရတာ။ ကလေးက အိမ်အရင်ပြန်ရောက်ရင် သူ့ဟာသူ အိမ်စာလုပ်။ သူ့ဟာသူ စား။ တီဗီ ကြည့်ချင် သူ့ဟာသူကြည့်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိအောင်၊ လုပ်တတ်ကိုင်တတ် နေတတ်ထိုင်တတ်အောင်။ ကျောင်းကလည်း ဒါတွေ သင်ပေးတာပဲ။ ကလေးတွေကို မရိုက်ရဘူး။ ရိုက်ရင် ကလေးတွေက သက်ဆိုင်ရာကို ဖုန်းဆက်ပြီး တိုင်တာပဲ။ ကလေးက လူကြီးကို ပြန်ပြောတာမျိုးကျတော့ မြန်မာတွေ အမြင်မှာ . . . ရိုင်းစိုင်းတာပေါ့။ နင်တို့ကလေးက ဆိုးလိုက်တာ . . . ပြောကြတယ်။ ကလေးကို မရိုက်ရဘူး ဆိုပေမယ့် စည်းမဲ့ကမ်းမဲ့ ပစ်ထားတာတော့ မဟုတ်ပါဘူး။ မလုပ်ရဘူးဆိုတာကို . . . ကလေးတွေ လုပ်ကို မလုပ်ရဘူး။ ကလေးက တောင်းဆိုလည်း မရဘူး။ လူကြီးက ရှင်းပြတယ်။ မင့်အသက်အရွယ်မှာ ဒါ . . . လုပ်လို့ မရသေးဘူး။ မင်း အရွယ်ရောက်တဲ့အခါ . . . မင်း လုပ်နိုင်တယ်။ ရှင်းပြတော့ ကလေးလည်း လက်ခံရတာပဲ။ မရဘူး။ ငယ်ငယ်ကတည်းက လေ့ကျင့်ပေးရတယ်။”

-----

ရွာဘက်က ကျောင်းသားမိဘတွေရဲ့ ရင်ဖွင့်သံလည်း ဖုန်းထဲကနေ စီးဆင်းလာတာပဲ။

“တပည့်တော် ရောက်သွားတော့ . . . မနက် ကိုးနာရီလောက်ထိ အိပ်နေကြတုန်း။ သူတို့နေရာလည်း ရှုပ်ပွနေတာ . . .။ ကလေးတွေ ဘွဲ့ရဖို့သာ ကျောင်းထားရတာ . . . ကျောင်းကို မထားသင့်တော့ပါဘူး ဘုရား . . .။ ပျက်စီးကြတယ်။ အဆောင်မှာ နေကြတာလေ။ အဆောင်ကလည်း . . . အဆောင်ဆောက်ပြီး ငှားစားတာပဲ။ အဆောင်ခ ပိုက်ဆံယူပြီး . . . နေကြတော့လို့ ပစ်ထားလိုက်တော့တာ။ ကလေးတွေ စုပေါင်း နေကြတော့ . . . အထိန်းအကွပ်က မရှိတော့ဘူး။ ကျောင်းမှ သွားကြရဲ့လား မသိပါဘူး ဘုရား . . .။ အိမ်ကနေ ဖုန်းဆက်မေးတော့လည်း . . . ဖုန်းထဲကပြောတာဆိုတော့ . . . ဘယ်ရောက်နေမှန်း မသိဘူး။ သူတို့ ပြောတဲ့အတိုင်းပဲ။ ကိုယ်မှ မမြင်ရတာ။ လိမ္မာတဲ့ ကလေးတွေတောင် ပျက်စီးသွားမှာ စိုးရတယ်။ ကျောင်းတက်တယ်တာ ပြောတာ . . . လောင်းကစားရော . . . အသောက်အစားရော။ တပည့်တော်ဖြင့် စိတ်ညစ်တော့တာပဲ။”

“စီးပွားရေးသမားတွေကလည်း သားသမီးချင်း မစာနာ . . . လုပ်စားကြတာပဲ။ အဆောင်တွေနားမှာ အပေါင်ဆိုင် ရှိတယ်။ ကျောင်းသားတွေ ပေါင်ထားတဲ့ ဆိုင်ကယ်တွေ . . . တန်းစီနေတာပဲ။ ကိုယ့်ဆိုင်ကယ် ကိုယ်ပေါင်။ သူ့များဆိုင်ကယ် ယူပေါင်။ တစ်ယောက်တည်း ခုနစ်စီး ရှစ်စီး ပေါင်တာ။ အမိန့်ရ အပေါင်ဆိုင်ဆိုရင် အစိုးရက အရေးယူလို့ မရဘူးလား မသိပါဘူး။ အရက်ဆိုင် ဘီယာဆိုင်တွေကလည်း . . . မူးရူးပြီး . . . ကျောင်းသားချင်း ရန်လုပ် . . . အဆောင်လာပြီး သောင်းကျန်းသွားတာ . . . အကုန်ရိုက်ခွဲသွားတာ တဲ့။ ကွန်ပျူတာ ပေါက်ခွဲလို့ . . . ပြင်ရင် ခုနစ်သောင်းလောက် ကုန်မှာ တဲ့။ ငယ်ငယ်က မဆိုးပါဘူး ဘုရား . . .။”

-----

လူငယ်များအတွက် အားတက်ဖွယ် အသံနဲ့ စိတ်ပျက်စရာ စကား။ ဒီဘက်က စိတ်ပျက်စရာ စကားကို ကျောင်းသားမိဘ ဆီကပဲ ကြားလိုက်ရတာ။ ကျောင်းသူမိဘ ဆီကတော့ ခုထိ မကြားရသေးဘူး။ ကြားလိုက်ရတဲ့ မဖြစ်သင့်တဲ့ ကိစ္စတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိတာလဲ။ ဒီလူငယ်တွေရဲ့ ပညာရေး၊ သွားရေးလာရေး၊ နေရေးထိုင်ရေးနဲ့ အနာဂတ် လှနိုင်ပါ့မလား။ သူတို့နဲ့ တည်ဆောက်ရတဲ့ ဒီနိုင်ငံကရော . . . မြေပုံထဲကလို အချွန်အတက်တွေနဲ့ ခါးကြီးကြီး ခေါင်းချွန်ချွန် အမြီးရှည်ရှည်ပဲလား။ ဒါပဲလား။

:)
ရှင်အာစာရ
(ခေတ္တ - မန္တလေး)

လက်ဖြောင့်သူကြီး မောင်ဖိုးလုံး



အူလည်လည် လုံးချာချာမို့ သူ့ကို ဖိုးလုံးဟု ခေါ်ကြသည်။ ဖိုးလုံးသည် လူကသာ လုံးချာချာ ဖြစ်သော်လည်း လက်က တော်တော်ဖြောင့်သည်။ သူ့ပါရမီနှင့်သူဟု ဆိုရပေမည်။ ဖိုးလုံး ငှက်ပစ်လျှင် မှန်သည်က များ၏။ လောက်စာလုံးပစ်တမ်း ကစားကြလျှင် ဖိုးလုံးက အမြဲနိုင်၏။ ကြက်ပေါင်းကွင်းပစ်တမ်း ကစားလျှင်လည်း ဖိုးလုံးက အမြဲနိုင်၏။ ပိုက်ဆံပစ်တမ်း ကစားလျှင်လည်း လက်ဖြောင့်သည့် ဖိုးလုံး ရှုံးသည်မှာ မရှိသလောက် ဖြစ်သည်။ သို့သော် လူက လုံးချာချာ ဖြစ်သောကြောင့် သူ့လက်စွမ်းကို သူ ခံစားသင့်သလောက် မခံစားရရှာပေ။

ဖိုးလုံး ပစ်လာသမျှ ငှက်များကို လူကြီးလူငယ် အလွှာစုံတို့က နည်းမျိုးစုံဖြင့် ညစ်ယူကြသည်။ ဥပမာ -မတန်မရာ ဈေးနှိမ်၍ ဝယ်သည်။ ချော့ယူသည်လည်း ရှိ၏။ ချောက်ယူသည်လည်း ရှိ၏။ ခိုးလျှင်လည်း ဖိုးလုံး ခံရသည်ချည်းသာ ဖြစ်ပေသည်။

သူ အနိုင်ရထားသည့် လောက်စာလုံးများ၊ ကြက်ပေါင်းကွင်းများ၊ ပိုက်ဆံများကိုလည်း လက်ဖြောင့်သူကြီး ဖိုးလုံး အပြည့်အ၀ မပိုင်ဆိုင်နိုင်ရှာပေ။ ရှုံးနိမ့်သူ သူငယ်ချင်းများ၏ ညစ်နည်းမျိုးစုံကို ဖိုးလုံး မကျော်လွှားနိုင်ရှာ။ မသိမသာ ခံရသည် ရှိသကဲ့သို့၊ အတွန့် မတက်တတ်သဖြင့် သိသိကြီးနှင့် ငြိမ်နေရသည်လည်း ရှိတတ်၏။

ဥပမာ - လောက်စာလုံးပစ်တမ်း ကစားကြသောအခါ ရာချီ ထောင်ချီသော လောက်စာလုံးများကို ဖိုးလုံး ရရှိတတ်၏။ ထိုအခါ ရှုံးလွန်း၍ အရင်းပြုတ်သူတို့က ဖိုးလုံးဆီက ပြန်၍ ချေးယူကြသည်။ လောက်စာလုံး ငါးဆယ် ချေးသည်ဆို၍ အလုံးခြောက်ဆယ် နှိုက်ယူသည်။ ပို၍ ယူလိုက်သည်ကို ဖိုးလုံးက သိသွားလျှင် တစ်လုံးချင်း ပြန်၍ ရေတွက်ပြကြသည်။ ပြန်၍ ရေတွက်ကြည့်သောအခါ အလုံးငါးဆယ်သာ ဖြစ်နေသည်။ ဖိုးလုံးခမျာ ငိုရခက် ရယ်ရခက် မျက်လှည့်ကြည့်ရသလို ဖြစ်နေတော့သည်။ ထိုမျှမက . . . လက်သွက်သူတို့က ဖိုးလုံး၏ ခေါင်းကို လက်သီးနှင့် ထိုးလိုက်သေးသည်။

“မင်းကများ ငါ့ကို မယုံသင်္ကာနဲ့။ မင့်လောက်စာလုံး . . . ငါက ဘာဖြစ်လို့ ပိုယူရမှာလဲ။ ကဲကွာ။”

“ခွပ်။”

"ငှင့် :( "

:)
ရှင်အာစာရ

-----
မှတ်ချက် -
မောင်ဖိုးလုံးသည် စိတ်ကူးဇာတ်ကောင် တစ်ယောက်သာ ဖြစ်ပါသည်။
မောင်ဖိုးလုံးသည် မြန်မာနိုင်ငံတော်ကို ကိုယ်စားပြုသည့် နိမိတ်ပုံရိပ်တစ်ခု မဟုတ်ပါ။
အထူးသဖြင့် ရခိုင်ပြည်နယ်မှ ထွက်ပြေးသွားသည့် ဘင်္ဂါလီများကို စိစစ်၍ လက်ခံရန် ရှိနေသည့် မြန်မာ့အခြေအနေနှင့် လုံး၀ ဆက်စပ်မှု မရှိပါ။