အူလည်လည် လုံးချာချာမို့ သူ့ကို ဖိုးလုံးဟု ခေါ်ကြသည်။ ဖိုးလုံးသည် လူကသာ လုံးချာချာ ဖြစ်သော်လည်း လက်က တော်တော်ဖြောင့်သည်။ သူ့ပါရမီနှင့်သူဟု ဆိုရပေမည်။ ဖိုးလုံး ငှက်ပစ်လျှင် မှန်သည်က များ၏။ လောက်စာလုံးပစ်တမ်း ကစားကြလျှင် ဖိုးလုံးက အမြဲနိုင်၏။ ကြက်ပေါင်းကွင်းပစ်တမ်း ကစားလျှင်လည်း ဖိုးလုံးက အမြဲနိုင်၏။ ပိုက်ဆံပစ်တမ်း ကစားလျှင်လည်း လက်ဖြောင့်သည့် ဖိုးလုံး ရှုံးသည်မှာ မရှိသလောက် ဖြစ်သည်။ သို့သော် လူက လုံးချာချာ ဖြစ်သောကြောင့် သူ့လက်စွမ်းကို သူ ခံစားသင့်သလောက် မခံစားရရှာပေ။
ဖိုးလုံး ပစ်လာသမျှ ငှက်များကို လူကြီးလူငယ် အလွှာစုံတို့က နည်းမျိုးစုံဖြင့် ညစ်ယူကြသည်။ ဥပမာ -မတန်မရာ ဈေးနှိမ်၍ ဝယ်သည်။ ချော့ယူသည်လည်း ရှိ၏။ ချောက်ယူသည်လည်း ရှိ၏။ ခိုးလျှင်လည်း ဖိုးလုံး ခံရသည်ချည်းသာ ဖြစ်ပေသည်။
သူ အနိုင်ရထားသည့် လောက်စာလုံးများ၊ ကြက်ပေါင်းကွင်းများ၊ ပိုက်ဆံများကိုလည်း လက်ဖြောင့်သူကြီး ဖိုးလုံး အပြည့်အ၀ မပိုင်ဆိုင်နိုင်ရှာပေ။ ရှုံးနိမ့်သူ သူငယ်ချင်းများ၏ ညစ်နည်းမျိုးစုံကို ဖိုးလုံး မကျော်လွှားနိုင်ရှာ။ မသိမသာ ခံရသည် ရှိသကဲ့သို့၊ အတွန့် မတက်တတ်သဖြင့် သိသိကြီးနှင့် ငြိမ်နေရသည်လည်း ရှိတတ်၏။
ဥပမာ - လောက်စာလုံးပစ်တမ်း ကစားကြသောအခါ ရာချီ ထောင်ချီသော လောက်စာလုံးများကို ဖိုးလုံး ရရှိတတ်၏။ ထိုအခါ ရှုံးလွန်း၍ အရင်းပြုတ်သူတို့က ဖိုးလုံးဆီက ပြန်၍ ချေးယူကြသည်။ လောက်စာလုံး ငါးဆယ် ချေးသည်ဆို၍ အလုံးခြောက်ဆယ် နှိုက်ယူသည်။ ပို၍ ယူလိုက်သည်ကို ဖိုးလုံးက သိသွားလျှင် တစ်လုံးချင်း ပြန်၍ ရေတွက်ပြကြသည်။ ပြန်၍ ရေတွက်ကြည့်သောအခါ အလုံးငါးဆယ်သာ ဖြစ်နေသည်။ ဖိုးလုံးခမျာ ငိုရခက် ရယ်ရခက် မျက်လှည့်ကြည့်ရသလို ဖြစ်နေတော့သည်။ ထိုမျှမက . . . လက်သွက်သူတို့က ဖိုးလုံး၏ ခေါင်းကို လက်သီးနှင့် ထိုးလိုက်သေးသည်။
“မင်းကများ ငါ့ကို မယုံသင်္ကာနဲ့။ မင့်လောက်စာလုံး . . . ငါက ဘာဖြစ်လို့ ပိုယူရမှာလဲ။ ကဲကွာ။”
“ခွပ်။”
"ငှင့် :( "
:)
ရှင်အာစာရ
-----
မှတ်ချက် -
မောင်ဖိုးလုံးသည် စိတ်ကူးဇာတ်ကောင် တစ်ယောက်သာ ဖြစ်ပါသည်။
မောင်ဖိုးလုံးသည် မြန်မာနိုင်ငံတော်ကို ကိုယ်စားပြုသည့် နိမိတ်ပုံရိပ်တစ်ခု မဟုတ်ပါ။
အထူးသဖြင့် ရခိုင်ပြည်နယ်မှ ထွက်ပြေးသွားသည့် ဘင်္ဂါလီများကို စိစစ်၍ လက်ခံရန် ရှိနေသည့် မြန်မာ့အခြေအနေနှင့် လုံး၀ ဆက်စပ်မှု မရှိပါ။
No comments:
Post a Comment