Wednesday, February 19, 2025

ကမ္ဘာ့ကျင့်ဝတ် (၇)

 ( . . . . . မှ အဆက် )

ကိုယ်ကျင့်တရား နဲ့ လူ့သဘာဝ -

 


အခြေခံကျတဲ့ လူ့သဘာဝနဲ့ ပတ်သက်လို့ အမြင်တွေ အမျိုးမျိုး ရှိပါတယ်။ လူ့သဘာဝနဲ့ ပတ်သက်လို့ ယဉ်ကျေးမှုအလိုက်၊ တွေးခေါ်ယုံကြည်မှုအလိုက်၊ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အမြင်အလိုက် ကွဲလွဲမှုတွေ ရှိပါတယ်။ အရိုးရှင်းဆုံး ခွဲခြားရရင် လူတွေဟာ သဘာဝအရ ကြမ်းတမ်းတတ်တယ်၊ ဒေါသထွက်တတ်တယ်၊ ယှဉ်ပြိုင်တတ်တယ်လို့ တစ်ချို့က ရှုမြင်ကြပါတယ်။ လူတွေဟာ သဘာဝအရ သိမ်မွေ့တယ်၊ ကြင်တတ်တယ်လို့ ရှုမြင်သူတွေလည်း ရှိပါတယ်။ အများစုကတော့ လူတွေမှာ အကောင်းအဆိုး သဘာဝ နှစ်မျိုးလုံး ရောထွေးနေတယ်လို့ ရှုမြင်ကြပါတယ်။

 

လူတွေမှာ အဖျက်သဘော အဖျက်သဘာဝတွေ လွှမ်းမိုးနေတယ်လို့ ထင်မြင်ယူဆတယ်ဆိုရင် ကောင်းကျိုးချမ်းသာ တိုးပွားဖို့အတွက် လူတွေရဲ့ အပြုအမူတွေကို ထိန်းကွပ်နိုင်အောင် ကိုယ်ကျင့်တရား စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ရမှာ ဖြစ်ပါတယ်။

 

လူ့သဘာဝဟာ ယေဘုဘျအားဖြင့် အကြင်နာတရား ပြည့်ဝတယ်၊ အေးချမ်းမှုကို အလိုရှိတယ်လို့ ထင်မြင်ယူဆတယ် ဆိုရင်တော့ လူတွေတိုးတက်ဖို့ လူတွေပိုကောင်းလာဖို့ အထောက်အကူပြုတဲ့ သဘာဝနည်းလမ်း တစ်ခုအဖြစ် ကိုယ်ကျင့်တရားကို ရှုမြင်နိုင်ပါတယ်။ ဒီအယူအဆမှာ ကိုယ်ကျင့်တရားဟာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းသက်သက် မဟုတ်ပါဘူး။ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ အကျိုးရှိစေမယ့် ကောင်းမြတ်တဲ့ အရည်အသွေးတွေ ဖွံ့ဖြိုးဖို့ လမ်းညွှန်ချက်တွေပါ။ ကျုပ်အနေနဲ့ကတော့ ဒီ ဒုတိယ အယူအဆကို သဘောတူပါတယ်။

 

အနှစ်ချုပ် မြန်မာပြန် -

BEYOND RELIGION: Ethics for a Whole World

by His Holiness the Dalai Lama

No comments:

Post a Comment