Friday, February 28, 2025

ကမ္ဘာ့ကျင့်ဝတ် (၁၁)

 ( . . . . . .မှ အဆက် )


သုခနဲ့ ဒုက္ခ -

 လူတိုင်း ပျော်ရွှင်ချင်ကြတယ် ဆိုတာကို အားလုံးက သဘောတူ လက်ခံနိုင်ကြမယ် ထင်ပါတယ်။ ပြဿနာတွေ အခက်အခဲတွေကို ဘယ်သူမှ မလိုချင်ပါဘူး။ ဒီသဘောတရားကို ကျုပ်တို့ ခန္ဓာကိုယ်ကလည်း ပြသနေပါတယ်။ ကြောက်ရွံ့တာ စိုးရိမ်တာတွေ မရှိဘဲ ပျော်ရွှင် တည်ငြိမ်တဲ့ သူတွေဟာ ကျန်းမာရေး ပိုကောင်းတယ်လို့ ဆေးသိပ္ပံက ဆိုပါတယ်။ မကျန်းမမာ ဖြစ်နေသူတွေ အနေနဲ့ အပြုသဘောဆောင်တဲ့ သဘောထား ရှိတဲ့အခါ ရောဂါသက်သာပါတယ်။ ဒါကို မကြာခဏ တွေ့နေကျပါ။ ဒါ့ကြောင့် ကျုပ်တို့ရဲ့ ခန္ဓာကိုယ်တွေဟာ ချမ်းချမ်းသာသာ ရှိချင်ကြတယ်လို့ ယုံကြည်ရပါတယ်။ ပျော်ရွှင်နေရင် စိတ်ဓာတ်ကျန်းမာပါတယ်။ စိတ်ဓာတ်ကျန်းမာတဲ့အခါ ခန္ဓာကိုယ်မှာလည်း ကောင်းကျိုး ရရှိပါတယ်။

 

သို့သော်လည်းပဲ လူသားတွေရဲ့ ချမ်းသာပျော်ရွှင်ခြင်းနဲ့ ဆင်းရဲဒုက္ခတွေဟာ တိရစ္ဆာန်တွေမှာထက် ပိုပြီး ရှုပ်ထွေးပါတယ်။ ခွေးတစ်ကောင်ဟာ အစားကောင်းကောင်း စားရတဲ့အခါ၊ ဝရံတာမှာ အိပ်နေရတဲ့ အခါတွေမှာ ပျော်ရွှင်ချမ်းမြေ့နိုင်ပါတယ်။ ဒီလို ရိုးရှင်းတဲ့ အရာတွေကို လူသားတွေလည်း နှစ်သက်သဘောကျနိုင်ပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ လူသားဘဝ ပျော်ရွှင်မှု ရရှိဖို့တော့ မလုံလောက်သေးဘူး ဆိုတာ ရှင်းနေပါတယ်။

 

နှစ်တွေ ထောင်ပေါင်းများစွာကြာအောင် လူ့ဦးနှောက် ကြီးမားဖွံ့ဖြိုးခဲ့ပြီး လူသားတွေရဲ့ အောင်မြင်မှုတွေ များလာတာကြောင့် ပျော်ရွှင်မှုကို မပြီးနိုင် မဆုံးနိုင် ရှာဖွေနေကြပါတယ်။ ဆင်းရဲဒုက္ခကိုလည်း ရှောင်လွှဲလိုကြပါတယ်။ ဘာသာရေးတောင်မှ ပျော်ရွှင်ခြင်း ချမ်းသာသုခကို ရှာဖွေရာကနေ ဖြစ်ပေါ်လာတာလို့ ထင်မိပါတယ်။ ကျုပ်တို့ မထိန်းချုပ်နိုင်တဲ့ ဘဝ ပြဿနာတွေ ကြုံရပါတယ်။ မျှော်လင့်ချက် ရှိနေဖို့နဲ့ အပြုသဘောနဲ့ နေထိုင်နိုင်ဖို့အတွက် ယုံကြည်မှု သဒ္ဓါတရား တိုးပွားအောင် လုပ်ကြပါတယ်။ အဲ့ဒီကနေ တစ်ဆင့် ဝတ်ပြုဆုတောင်းကြပါတယ်။ ဝတ်ပြုဆုတောင်းခြင်းဟာ ဘာသာရေးမှာ အရေးပါတဲ့ ကိစ္စတစ်ခု ဖြစ်လာပါတယ်။ အလားတူပါပဲ . . . ဆင်းရဲဒုက္ခ လျှော့ချချင်တာနဲ့ ချမ်းသာပျော်ရွှင်ချင်တာကြောင့် လွန်ခဲ့တဲ့ ရာစုနှစ် အနည်းငယ်အတွင်းမှာ သိပ္ပံနဲ့ နည်းပညာ ကြီးကြီးမားမား ဖွံ့ဖြိုးတိုးတက်လာတာလို့ ထင်မိပါတယ်။

 

ကျုပ်တို့ လူသားတွေကို တိရစ္တာန်တွေနဲ့ မတူဘဲ တစ်မူထူးခြားအောင် လုပ်ပေးတဲ့ လူ့စိတ်သဘာဝကြောင့် ဩချလောက်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါပြီ။ ဒါ့ပြင် ပြဿနာပေါင်း သောင်းခြောက်ထောင်ရဲ့ လက်သည်ဟာလည်း ဒီ လူ့စိတ်ပါပဲ။ စစ်ပွဲ၊ ဆင်းရဲမွဲတေမှု၊ မတရားမှု၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတို့လို ဒီနေ့ လူသားတွေ ရင်ဆိုင်နေကြရတဲ့ ပြဿနာတွေဟာ များပြားရှုပ်ထွေးတဲ့ လူ့အပြုအမူတွေကြောင့် ဖြစ်ပေါ်လာတာပါ။ ကြောက်ရွံခြင်း၊ စိုးရိမ်ခြင်း၊ စိတ်ဖိစီးခြင်းတို့လို အဇ္စျတ္တ ပြဿနာတွေဟာလည်း ရှုပ်ထွေးတဲ့ လူ့စိတ်သဘာဝ၊ လှုပ်ခတ်လွယ်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေပါတယ်။

 

(ဆက်ရန် . . . . .)

 

အနှစ်ချုပ် မြန်မာပြန်

BEYOND RELIGION

Ethics for a Whole World

His Holiness the Dalai Lama

No comments:

Post a Comment