Thursday, August 12, 2021

မျိုးဆက်သစ် ငါ့ရှင်ငယ်များသို့ (၅)

ဗုဒ္ဓဘာသာ ရဟန်းတော်တွေ ဖြစ်ကြတဲ့အလျောက် ဗုဒ္ဓတရားတော်နဲ့ ကန့်လန့်ကြီး လွဲမသွားဖို့၊ အပြင်လောကက အသံတွေကို နားထောင်ဖို့၊ နားလည်ဖို့ အရေးကြီးတဲ့အကြောင်း ပြောချင်ပါတယ်။ ကိုယ်ချည်းပဲ ပိတ်နေလို့ မရတော့ဘဲ အပွင့်ကမ္ဘာထဲ ဝင်ဆန့်ဖို့ဆိုရင် ဒီနှစ်ချက်က တကယ့်ကို အရေးကြီးပါတယ်။


ယေဘုယျစကား ပြောရရင် ဘုရားသားတော် ရဟန်းတော်တွေ ဖြစ်နေမှတော့ ဘုရားဟော တရားတွေနဲ့ ရင်းနှီးပြီးသားပါ။ ပိဋကတ် စာပေတွေ လေ့လာနေကြတာပဲလေ။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ဘုရားသားတော်တွေ ဖြစ်နေပါလျက်နဲ့ ဘုရားရဲ့ တရားတော်နဲ့ အလှမ်းကွာသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ပုထုဇဉ် သဘာဝမို့၊ ပိဋကတ်ပင်လယ်က ကျယ်လွန်းလို့၊ ပိဋကတ်တော်ဆီ ချဉ်းကပ်ရာမှာ ချဉ်းကပ်နည်း အားနည်းချက် ရှိနေလို့ စသည်အားဖြင့် အကြောင်းအမျိုးမျိုး ရှိနိုင်ပါတယ်။

ပိဋကတ်နဲ့ အတန်အသင့် နီးစပ်မှု ရှိပေမယ့်၊ တစ်နည်းပြောရရင် ဓမ္မာစရိယအဆင့် ရောက်နေပေမယ့် ဗုဒ္ဓတရားတော် အခြေခံမူနဲ့ အလှမ်းဝေးလွန်းသွားတဲ့ ဆရာတော်တစ်ပါးနဲ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခု ပြန်ပြောချင်ပါတယ်။ ၁၉၉၆ ဝန်းကျင်လောက်က ကိုယ်တိုင် ကြုံခဲ့ရတဲ့ ဖြစ်ရပ်လေးပါ။ နေရာကတော့ မိုးကုတ်မှာ ဖြစ်ပါတယ်။ အဲ့ဒီ ဆရာတော်ရဲ့ ကျောင်းတိုက်နာမည်ကိုတော့ မမှတ်မိတော့ပါဘူး။ နာမည်အတိအကျ မှတ်မိရင်လည်း ထည့်မပြောသင့်ဘူး ထင်ပါတယ်။ သူ့အတွေးအခေါ် အကောက်အယူတွေက အဆင်မပြေလှလို့ပါ။ အဲ့ဒီတုန်းက မန်း နပသ ကျောင်းပိတ်ရက်မှာ သူငယ်ချင်းနဲ့အတူ အလည်လိုက်သွားရင်း ဆရာတော့်ဆီ ခဏသွားပြီး ဦးချ ဂါရဝပြုကြတယ်။ စာတတ်ပေတတ် ဆရာတော်ကြီးက ရဟန်းငယ်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ သာသနာ့တက္ကသိုလ် တက်နေကြတဲ့ ရဟန်းငယ်တွေကို ကြည့်ပြီး အနာဂတ် သာသနာရေးအတွက် အားတက်နေပုံရတယ်။ ကျွေးစရာတွေ ချကျွေးတယ်၊ ပေးစရာတွေ ပေးစွန့်တယ်။ သာသနာစိတ် မွေးကြဖို့ တိုက်တွန်းတယ်။ အဲ့ဒီထိ အကောင်းချည်းပါပဲ။ ဘာသာခြားအပေါ် ရှုမြင်ပုံကျတော့ တော်တော် ကြမ်းတယ်။ အထူးသဖြင့် အဲ့ဒီအချိန်က လှုပ်လှုပ် လှုပ်လှုပ် ဖြစ်နေတဲ့ ဘာသာရေး ပဋိပက္ခတွေမှာ မွတ်ဆလင်တွေအပေါ် သူ ရှုမြင်ပုံက ‌တော်တော် ကြောက်စရာကောင်းတယ်။ အဲ့ဒီ အချိန်က ဗလီမီးရှို့တာလို ရမ်းကားမှုတွေ မကြာခဏ ကြားနေရတဲ့ အချိန်။ ဆရာတော်ကြီးက အဲ့ဒီလို လုပ်ရပ်တွေကို သဘောကျ ထောက်ခံနေတာ။ သာသနာ့ အန္တရာယ်ကို ရှင်းထုတ်နေတာလို့ မြင်တော်မူနေတယ်။

တစ်ဦးတည်းရဲ့ သဘောထားကတော့ အဲ့ဒါမျိုးတွေ မမြင်ချင်၊ မကြားချင်၊ မပတ်သက်ချင်၊ အားမပေးချင်တာ။ သဘောထားချင်း မတူပေမယ့် ဆရာတော်ကြီးဆိုတော့ ဒါမျိုးတွေတော့ မဖြစ်သင့်ပါဘူး ဘုရားလို့ ဘယ်ပြောရဲမှာလဲ။ ငြိမ်ငြိမ်ပဲ နားထောင်နေရတာပေါ့။ အတူ နားထောင်နေတဲ့ သူငယ်ချင်းက အသာနေဖို့ မျက်စိတစ်ဘက်မှိတ်ပြီး ပြုံးစိစိနဲ့ အချက်ပြတယ်။ ဘာသာခြားကို နှိပ်ကွပ်ရမယ်၊ သာသနာ့အန္တရာယ် ရှင်းထုတ်ရမယ် ဆိုတာကို ပါဠိတော် အကိုးအကားနဲ့ မိန့်တော်မူတာ။ ဓမ္မာစရိယအဆင့် ဆရာတော်ကြီးက ပါရာဇိကဏ် ပါဠိတော်ထဲက ရှင်ဓနိယ ဝတ္ထုကို အကိုးပြတယ်။ ရှင်ဓနိယရဲ့ ကျောင်းကို ဘုရားရှင်က ဖျက်ခိုင်းတော်မူခဲ့တယ်၊ သာသနာ့တော်အတွက် အန္တရာယ်ရှိလို့ ဖျက်ခိုင်းတာ တဲ့။ သာသနာ့အတွက် အန္တရာယ် ဖြစ်လာရင် ရဟန်းတစ်ပါးရဲ့ ကျောင်းကိုတောင် ဖျက်မှတော့ ဗလီဖျက်တာ ဘာဆန်းလဲ ဆိုတဲ့သဘော။ ဆက်စပ် စဉ်းစားကြည့်ဖို့ ဓနိယဝတ္ထုကို နည်းနည်း ပြန်ကြည့်ရအောင်။

"မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်တွင် သီတင်းသုံးတော်မူနေချိန် ဖြစ်၏။ ထိုအချိန်တွင် များစွာသောရဟန်းတို့သည် ဣသိဂိလိတောင်နံပါးတွင် မြက်မိုးကျောင်းငယ်တို့ကို ပြုလုပ်ကာ ဝါကပ်တော်မူ၏။ သုံးလလွန်မြောက်သော် ကျောင်းငယ်တို့ကို ဖျက်ကာ သွားလိုရာသို့ ဖဲကုန်၏။ သို့သော် အသျှင်ဓနိယသည် ထိုအရပ်၌သာ ဆောင်းရော နွေပါ ဆက်လက်နေ၏။
ထိုအခါ အသျှင်ဓနိယ၏ မြက်မိုးကျောင်းငယ်ကို မြက်ရိတ်သူ၊ ထင်းခွေသူတို့သည် ဖျက်၍ မြက်နှင့် သစ်သားတို့ကို ယူ၏။ ထို့နောက် အသျှင်ဓနိယသည် ကျောင်းငယ်ကို ပြန်လည် ဆောက်လုပ်၏။ ထိုအခါတွင်လည်း မြက်ရိတ်သူ၊ ထင်းခွေသူတို့သည် ကျောင်းငယ်ကို ဖျက်ဆီးကာ ယူကြပြန်၏။ ဤသို့ဖြင့် သုံးကြိမ်တိုင်အောင်ပင် ကျောင်းငယ်သည် အဖျက်ဆီးခံရလေသည်။ ထိုအခါ အသျှင်ဓနိယသည် မြေညက်ဖြင့်ပြီးသော ကျောင်းကို ဆောက်လုပ်ပြန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်ခြေမှ ဆင်းသက်တော်မူလာ၍ အသျှင်ဓနိယ၏ ကျောင်းကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ ထို(မဂ်ဖိုလ်) မှ အချည်းနှီးဖြစ်သော ယောက်ျားအား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်။ ရဟန်းတို့ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်ပေ” ဟု မိန့်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် “ရဟန်းတို့ မြေညက်ဖြင့် ပြီးသော ကျောင်းငယ်ကို မပြုလုပ်အပ်။ ပြုလုပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။ ထို့နောက် ရဟန်းတို့သည် အသျှင်ဓနိယ၏ ကျောင်းငယ်ကို ဖျက်ဆီးကုန်၏။"

ဒီဝတ္ထုမှာ ရှင်ဓနိယရဲ့ မြေညက်ကျောင်းဆိုတာ ရွံ့ကျောင်းပဲ ဖြစ်ပါလိမ့်မယ်။ အဲ့ဒီ ရွံ့ကျောင်းဟာ တစ်ခြားရဟန်းတွေ ဆောက်နေကျ မြက်မိုးကျောင်းတွေနဲ့စာရင် ထူးဆန်းနေတယ်၊ ကောင်းမွန်နေတယ်၊ သာယာစရာ၊ တွယ်တာစရာ ဖြစ်နေတယ်၊ ဒါ့ကြောင့် ဘုရားရှင်က မြေညက်ကျောင်းကို တားမြစ်တော်မူတာလို့ နားလည်မိပါတယ်။ တဏှာလောဘဘက် ယိမ်းမသွားအောင် တားမြစ်တာပါ။ အဲ့ဒါကို ကိုးကားပြီး ဒေါသရှေ့ထားတဲ့ ဗလီဖျက်ဆီးရေးတွေ ထောက်ခံအားပေးတဲ့ ဆရာတော်ကြီးဟာ ပါဠိတော်နဲ့ ညီပါရဲ့လား။ စဉ်းစားစရာပါ။ စဉ်းစားမိခဲ့တယ်။ ဒါပေမယ့် စာတတ်ပေတတ်နဲ့ အပြောကျယ်၊ အပြောကောင်း ဆရာတော်ကြီး ဖြစ်နေတော့ စောဒက မတက်ရဲခဲ့ဘူးပေါ့။

ငါ့ရှင်လေးတို့ အနေနဲ့ ပိဋကတ်စာတွေ သင်ထားပါလျက်နဲ့ သင်ထားတဲ့စာကို လိုရာအဓိပ္ပာယ် မရရအောင် ကောက်ယူပြီး ဗုဒ္ဓတရားတော်နဲ့ ကန့်လန့်ကြီး လွဲသွားတာမျိုး မဖြစ်ဖို့ သတိပေးပါရစေ။ အပြင်လောကက အသံတွေကို နားထောင်ဖို့၊ နားလည်ဖို့ လိုအပ်တဲ့အကြောင်းကိုတော့ အလျဉ်းသင့်မှပဲ ဆက်ပြောပါတော့မယ်။

🙂
ရှင်အာစာရ

No comments:

Post a Comment