Monday, July 26, 2021

မျိုးဆက်သစ် ငါ့ရှင်ငယ်များသို့ (၂)

 

July 25, 2021

-----
အပိတ်ကြီး ပိတ်နေပြီး အညံ့ကြီး ညံ့ရာကနေ အရိုင်းအစိုင်းကြီး ဖြစ်မသွားဖို့ အရင်တစ်ခါ သတိပေးခဲ့ပါတယ်။ အသုံးချခံရတာမျိုး၊ ခုတုံးလုပ်ခံရတာမျိုး မဖြစ်ဖို့ သတိပေးပါအုံးမယ်။ ငါရှင်လေးတို့ အသုံးချခံရတယ်ဆိုရင် သာသနာတော်ပါ အသုံးချခံရတာပါပဲ။ ငါ့ရှင်လေးတို့က သာသနာတော်အပေါ်မှာ မှီတည်နေတာကိုး။ ဒါ့ကြောင့် ပြောရတာပါ။ 
 
သာသနာ​တော် အသုံးချခံရတယ်၊ ဘာသာရေး အသုံးချခံရတယ်ဆိုတာ ခုမှ ဖြစ်လာတာတော့ မဟုတ်ပါဘူး။ ​ပြစရာ ဖြစ်ရပ်တွေ များစွာထဲက တစ်စ ယူကြည့်ရအောင်။ ဟိုတုန်းကပါ။ နိုင်ငံရေး လောကသားတွေ အချင်းချင်း ပြိုင်ကြရာမှာ ဘာသာရေးဘက်က လှေ့ပန်းပြီး ပြည်သူတွေရဲ့ ထောက်ခံမှုကို ယူကြတယ်။ တစ်ဘက်က တစ်ဘက်ကို ကွန်မြူနစ်လို့ နာမည်ပေးတယ်၊ ကွန်မြူနစ်တွေဟာ ဘာသာမဲ့တွေလို့ လက်ကိုင်ပြု ပြောဆို​ပြီး စည်းရုံးကြတယ်။ အစည်းရုံးခံ ပြည်သူအများစုက ဗုဒ္ဓဘာသာတွေကိုး။ ဗုဒ္ဓဘာသာ ပြည်သူတွေ အနေနဲ့ ဘာသာမဲ့တွေကို မထောက်ခံကြနဲ့၊ ဗုဒ္ဓဘာသာ အားပေးတဲ့ ငါတို့ကို ထောက်ခံကြလို့ စည်းရုံးတာပေါ့။ သူတို့ ဘယ်လောက် အောင်မြင်ခဲ့တယ်၊ မအောင်မြင်ခဲ့ဘူး ဆိုတာကတော့ အတိတ်သမိုင်း ပြန်ကြည့်ရမှာပါ။ သေချာတာကတော့ နိုငံရေးအတွက် ဘာသာရေးကို အသုံးချခဲ့တယ် ဆိုတာပါပဲ။ အဲ့ဒီခေတ်က ဘာသာမဲ့ အခေါ်ခံရတဲ့ ကွန်မြူနစ်တွေ ဗုဒ္ဓဘာသာအပေါ် ဘယ်လို သဘောထားခဲ့တယ်၊ ဘယ်လို ပြုမူခဲ့တယ် ဆိုတာလည်း အတိတ်ကို ပြန်ကြည့်ရမှာပါပဲ။ ဘာသာရေး ဗန်းပြပြီး စည်းရုံးရာကနေ ပြည်သူတွေရဲ့ ထောက်ခံမှု၊ ထောက်ခံမဲ ရမရ မပြောတတ်ပေမယ့် သူတို့ ဝါဒဖြန်တဲ့ "ကွန်မြူနစ် ဘာသာမဲ့" ဆိုတဲ့ လှေ့လုံးကြီး တော်တော်ခရီးပေါက်ခဲ့တယ် ဆိုတာကတော့ သေချာပါတယ်။
 
ဆရာတော်ကြီးတွေကိုတောင် ကွန်မြူနစ်ကြီးလို့ နာမည်တပ်နိုင်တဲ့အထိ ခရီးပေါက်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ မကုန်သင့်တာ မကုန်အောင် ချွေတာသုံးစွဲဖို့၊ ဘာသာရေး အသုံးစရိတ်တွေ မပြုန်းတီးဖို့ ပြောမိရင်တောင် ဘာသာမဲ့ အခေါ်ခံရတော့တာပါ။ ကွန်မြူနစ် ဘာသာမဲ့လို့ သမုတ်ခံရတဲ့ ဆရာတော်ကြီးတွေထဲမှာ မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး အရှင်ဇနကာ ဘိဝံသတောင် ပါတယ် ထင်တာပဲ။ ဆရာတော်ကြီးက ဘယ်လိုလုပ် ဘာသာမဲ့မှာလဲ။ ဘယ်လောက် ထိချက် ပြင်းလိုက်သလဲ။ ဒါက ဟိုခေတ်ကပါ။
ခုခေတ်လဲ ဘာထူးမှာလဲ။ ဗုဒ္ဓဘာသာတွေရဲ့ ထောက်ခံမှူကို ရဖို့အတွက် ဗုဒ္ဓဘာသာကို အသုံးချကြတာပဲ မဟုတ်လား။ အမျိုးဘာသာ သာသနာ အားပေးသူကို ထောက်ခံကြဖို့ စည်းရုံးတာဟာ. .. . အသုံးချတာပဲ မဟုတ်လား။ နိုင်ငံရေးနယ်ပယ်က စည်းရုံးရေး စည်းကမ်းတွေ ထားပါတော့။ ငါ့ရှင်လေးတို့ အနေနဲ့လည်း ကိုယ့်ဗုဒ္ဓဘာသာ အားပေးသူကို ထောက်ခံရမှာပေါ့ ဆိုရင်လည်း ဟုတ်ပါတယ်။ ထောက်ခံကြပါ။ နိုင်ငံရေးဘက် စိတ်ဝင်စားတယ်ဆိုရင် ထောက်ခံလည်း ထောက်ခံသင့်ပါတယ်။ ဒါပေမယ့် ကိုယ်ထောက်ခံသူတွေက ကိုယ့်ဗုဒ္ဓဘာသာကို အမှန်တကယ် အားပေးတာ ဟုတ်ရဲ့လား ဆိုတာကိုတော့ မှန်မှန်ကန်ကန် စဥ်းစားသုံးသပ်နိုင်ကြစေချင်ပါတယ်။ 
 
နောက်တစ်ဆင့် သူတို့က ဗုဒ္ဓဘာသာကို တကယ်ပဲ အားပေးကြတယ် ဆိုပါစို့။ ဗုဒ္ဓဘာသာကို အားပေးရုံနဲ့တင် အပြည့်အဝ ထောက်ခံသင့်ပြီ၊ မိုက်မိုက်ကန်းကန်း ပြတ်ပြတ်သားသား ဘက်ယိမ်းသင့်ပြီလို့ ဆုံးဖြတ်လိုက်ကြတော့မှာလား။ ဗုဒ္ဓဘာသာ တစ်ခုတည်းပဲ ဘာသာတရား မဟုတ်ဘူးလေ။ ဗုဒ္ဓဘာသာတစ်ခုတည်း ရှိနေလို့မှ မရတာ။ နောက်ပြီး. .. . ဘာသာရေးအပြင် လူမျိုးရေး၊ လူမှူရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အရေးများစွာ ရှိသေးတာ မဟုတ်လား။
 
ငါ့ရှင်လေးတို့ အနေနဲ့. .. ... မသိဘူး၊ ဘာမှ လာမပြောနဲ့၊ ဗုဒ္ဓဘာသာမှ ဗုဒ္ဓဘာသာပဲ၊ ဗုဒ္ဓဘာသာ အေးရာအေးကြောင်း ဖြစ်နေရင် ရပြီ၊ ကျန်တာတွေ. ... . ဖြစ်ချင်ရာဖြစ်၊ ကျန်တဲ့ ဘာသာတွေ . . . ကွယ်ချင်ရာကွယ်၊ လူမျိုးရေး. .. . ပြာကျချင် ကျပါစေ၊ ပညာရေး. .. . ဝလုံးတောင် မရေးတတ်ချင် နေပါစေ၊ စီးပွားရေး. .. .. တောင်းစားရ စားရ၊ အဝှာခံစားရ စားရ၊ ကျန်းမာရေး. .. .. အခုချက်ချင်း သေချင်သေ၊ ဘာတွေ ဖြစ်နေဖြစ်နေ ဗုဒ္ဓဘာသာ အိုကေရင် ငါတို့လည်း စိုပြေပြီလို့ ခံယူထားတယ် ဆိုရင်တော့. .. .. .. .. .... ... .. .. ။
ဗုဒ္ဓဘာသာ တစ်ခုတည်း တိုးတက်နေဖို့ မဖြစ်နိုင်ဘူး၊ သာသနာ တစ်ခုတည်း ထွန်းကားနေဖို့ မဖြစ်နိုင်ဘူး ဆိုတာကို သဘောပေါက်ကြစေချင်တာပါ ငါ့ရှင်လေးတို့ရေ။ သာသနာဆိုတာ အညောညနိဿိတာပါ။
 
🙂
ရှင်အာစာရ

No comments:

Post a Comment