Monday, July 26, 2021

မျိုးဆက်သစ် ငါ့ရှင်ငယ်များသို့ (၃)

အခါများစွာ၊ နေရာနယ်ပယ် များစွာမှာ ငါ့ရှင်လေးတို့ရဲ့ အမြင်နဲ့ ကမ္ဘာ့အမြင် မတူညီရာကနေ ပြဿနာတက်တတ်တယ် ဆိုတာကို သတိထားမိကြစေဖို့ ပြောချင်ပါတယ်။ ဖေ့စ်ဘွတ်မှာ ကိုယ်တွေ့ ​ပြဿနာ ကြုံရပြီးတဲ့နောက် မန်း နပသ ပါဠိဌာနက ဆရာတော်ကြီးတစ်ပါး အလားတူ ပြဿနာ ထပ် ကြုံရတာလေးနဲ့ ဆက်စပ်လို့ စဥ်းစားမိတာလေး ပြောချင်ပါတယ်။ 
 
ဆရာတော်ကြီးရဲ့ ဖေ့စ်ဘွတ်အကောင့် အပိတ်ခံခဲ့ရတယ် တဲ့။ အကောင့် မပိတ်ခင် သူ နောက်ဆုံးတင်ခဲ့တဲ့ စတေးတပ်စ် နဲ့ အကောင့်ပြန်ပွင့်လို့ ပြန်တင်လိုက်တဲ့ စတေးတပ်စ်တွေရဲ့ ရက်စွဲအရ ဂျူလိုင် (၁၅)ကနေ (၂၅)အထိ (၁၀)ရက် ပိတ်ခံရတယ်လို့ ခန့်မှန်းရပါတယ်။ ပြစ်မှုက မဖွယ်မရာ ဓာတ်ပုံ တင်လိုက်တဲ့ အမှု တဲ့။
 
ဆရာတော်ကြီးက ကြီးကောင်းကြီးမှ ဘာ မဖွယ်မရာပုံတွေများ တင်လိုက်မိလို့လဲ။ ပုံတွေ ဝါသနာပါလို့ ကိုယ်ကြည့်ချင်ရင် ကိုယ့်ဖုန်းထဲကိုယ် သိမ်းထားပါ့လား။ ကိုယ်ကြည့်ချင်မှ ညည ထကြည့်။ မနက် စောစော ထကြည့်။ နေ့ဆွမ်း မဘုဉ်းခင် ကြည့်။ နေဆွမ်းစားပြီး ခဏကြည့်။ ခဏကျိန်းချင် ကျိန်းလိုက်အုံး။ တစ်ရေးနိုးမှ မျက်နှာ မသစ်ခင် ခဏကြည့်။ မျက်နှာသစ်ပြီး အဝကြည့်။ ညနေ ဘုရားဝတ်မတက်ခင် ကြည့်။ ဘုရားဝတ်တက် မေတ္တာပို့ပြီး ကြည့်။ တရား မထိုင်ခင် နဲ့ တရားထိုင်ပြီး ကြည့်။ ညအိပ်ယာဝင် မကျိန်းခင် တစ်ခါကြည့်။ အိပ်မပျော်ရင် ထကြည့်။ စိတ်တိုင်းကျ ကြည့်လို့ရတယ် မဟုတ်လား။ အဲ့ဒါကို ကိုယ်တစ်ပါးတည်း ကြည့်ရတာ အားမရလို့ သူများကြည့်ရအောင် လိုင်းပေါ်ထိ တင်လိုက်တာတဲ့လား။
 
အဲ့လိုကြီးလည်း မဟုတ်ပြန်ဘူး။ သူတင်လိုက်တာက မဖွယ်ရာပုံ ဆိုပေမယ့် အောက်ပိုင်း ကိုယ်တုံးလုံးနဲ့ နှစ်လုံးပြူးနေတဲ့ ကလေးပုံပါ။ အဲ့ဒီ ကလေးပုံကို တော်တော်များများ မြင်ဖူးကြမယ် ထင်ပါတယ်။ ရာသီဥတု ပူလွန်းလို့ ဒီလိုတောင် ချွတ်ထားရတယ်ဆိုတဲ့ သဘောမျိုးနဲ့ တော်တော်များများလည်း တင်ဖူးကြမှာပါ။
 
အဲ့ဒီပုံကို ကိုယ်တိုင်းလည်း တင်ဖူးပါတယ်။ အကောင့်လည်း အပိတ်ခံရဖူးတယ်။ ပါဠိဆရာတော်ကြီး ပုံတင်လိုက်တော့ အကောင့်ပိတ်ခံရတတ်တယ်၊ ပုံကို ဖြုတ်လိုက်ပါ့လားလို့ သတိပေးခဲ့သေးတယ်။ သူက မရဘူး။ မယုံတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒီအကောင့်ပိတ်ရင် တစ်ခြားအကောင့်နဲ့ သုံးမယ်လို့ တွက်ထားတာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် သူ့အကောင့် အပိတ်ခံရတယ်။ စောစောက ပြောခဲ့သလို ဆယ်ရက်။ ကိုယ်တိုင် အပိတ်ခံရတုန်းကတော့ တစ်ရက် နှစ်ရက်ပဲ ကြာတယ်။ သူနဲ့စာရင် အကောင့် မြန်မြန် ပြန်ပွင့်တာ အလကား ရခဲ့တဲ့ အထူး အခွင့်အရေးတော့ မဟုတ်ဘူး။ အကောင့် အပိတ်ခံရတာနဲ့ ဂျီမေးလ်ကနေ ဖေ့စ်ဘွတ်ဆီ စာရေးတယ်။ ဒီပုံဟာ သူများဆီက ယူလာတာ ဖြစ်တဲ့အကြောင်း ပြောတယ်။ မရသေးဘူး။ ဓာတ်ပုံထဲက ကလေးကို ဘယ်လိုမှ သဘောမထားကြောင်း၊ ရာသီဥတု ပူပုံကို အသောနဲ့ ဖွဲဲ့ဆိုတာသာ ဖြစ်တဲ့အကြောင်း၊ ကိုယ်တုံးလုံး ဆိုပေမယ့် ကလေးမို့ ချစ်စရာသာ ဖြစ်တဲ့အကြောင်း၊ မြန်မာမှာဆိုရင် ကလေးကို ချစ်တဲ့စိတ်နဲ့ ကလေးရဲ့ အဝှာကို ငုံကိုက်ပြီး ကလေးမြှူ တဲ့သူတွေတောင် ရှိတဲ့အကြောင်း ဘာညာသာရကာ ထပ်ပြောပြတော့မှ ဖွင့်ပေးလိုက်တာ။ ပြဿနာထဲ ဝင်မိရင်တောင် ရုန်းထွက်အားရှိရင် ပြဿနာက မြန်မြန်လွတ်နိုင်တယ် ဆိုတာကို သတိပြုမိစေချင်ပါတယ်။
 
ဒီကနေ ငါ့ရှင်လေးတို့ သင်ခန်းစာ ယူကြစေချင်ပါတယ်။ အခုပြောခဲ့တဲ့ ပြဿနာရဲ့ အရင်းအမြစ်က အမြင်မတူခြင်းပဲ။ နှလုံးပြူးထွက်နေတဲ့ အောက်ပိုင်းဗလာနဲ့ ကလေးပုံကို ကိုယ်က ချစ်စရာလို့ မြင်တယ်၊ သူတို့က ကလေးအပေါ် မတရားလုပ်တာလို့ သတ်မှတ်တယ်။ ကလေး အခွင့်အရေးကို ကြည့်တယ်။ ကလေးအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့သဘော သက်ရောက်တယ်လို့ သတ်မှတ်တယ်။ ကိုယ့်အတွက် ချစ်စရာ ပျော်စရာ ဖြစ်ပေမယ့် ကမ္ဘာ့အမြင်မှာကျတော့ မတရားမှု ဖြစ်နေတယ်။ အဲ့ဒါပါပဲ။
 
ဆက်တွေးရင် ဒါမျိုးတင် ဘယ်ကမလဲ။ ငါရှင်တို့ ပတ်သက်ရတဲ့ ဘာသာရေး၊ လူမျိုးရေးတွေထိ သွားလို့ရတယ်။ ငါ့ရှင်တို့က ကိုယ့်ဘာသာကို ကိုယ်ချစ်တယ်။ ကိုယ့်လူမျိုး ကိုယ်ချစ်တယ်။ ယေဘုယျစကား ပြောရရင် ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို ကိုယ်ချစ်ရမှာပေါ့။ ကိုယ်မချစ်လို့ ဘယ်သူက လာချစ်မှာလဲ။ ဒါပေမယ့် ချစ်လွန်းတော့၊ ကိုယ်ချစ်ပုံနဲ့ ကမ္ဘာက လက်ခံပုံ မတူတော့ . .. .. . အချစ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေ. .. .. . ကြားကြမြင်ကြ သိကြတယ် မဟုတ်လား။ 
 
ကိစ္စတိုင်းမှာ ကမ္ဘာကို ထည့်မတွက်လို့ မရပါဘူး။ ကမ္ဘာ့အခင်းအကျင်းကို အမှီအကိုး မပြုရင် ကမ္ဘာနဲ့ ပြဿနာတက်ရပါလိမ့်မယ်။ ပြဿနာ တက်ပြီးဆိုရင်. .. ... စောစောက ပြောခဲ့တဲ့ ဖေ့စ်ဘွတ် ပြဿနာမှာက ဖေ့စ်ဘွတ် မသုံးဘဲ နားထားလိုက်လို့ ရ​သေးတယ်။ အကောင့်အသစ် ဖွင့်သုံးလို့လည်း ရတယ်။ အကောင့် ပြန်ဆယ်လို့ ရနိုင်တယ်။ လက်တွေ့ဘဝမှာ၊ အထူးသဖြင့် သာသနာရေးမှာ ပြဿနာ ဖြစ်လာရင် ပြောသလောက် မလွယ်တော့ဘူး။ ဖေ့စ်ဘွတ် အသုံးနားသလို သသနာတော်ကြီး နားနေလို့မှ မရတာ။ ဖေ့စ်ဘွတ် အကောင့်သစ် ဖွင့်သလို သာသနာတော် အသစ် ထူထောင်ဖို့လည်း မဖြစ်နိုင်ဘူး မဟုတ်လား။ သာသနာတော် အဖတ် ပြန်ဆယ်ရရင် ဖေ့စ်ဘွတ်အကောင့် ပြန်ဆယ်တာလောက်နဲ့ မရတော့ဘူး။
 
သာသနာအပေါ် မှီတည်နေရတဲ့၊ သာသနာဝန် ထမ်းနေရတဲ့ ငါ့ရှင်လေးတို့ ပညာ သတိ ကြီးကြဖို့ သတိပေးပါရစေ။ နေရာတကာမှာ အရမ်းမလုပ်ကြဖို့ သတိပေးပါရစေ။ ငယ်ငယ်က နားထောင်ခဲ့ရတဲ့ ပန်တျာ တင်တင်မြင့်ရဲ့ မုန်တိုင်းအငြိမ့် ကက်ဆက်တိပ်ခွေထဲက လူရွင်တော်တွေက မင်းသမီးကို သတိပေးသလို ပေးရတော့မှာပဲ။ လူရွှင်တော်တွေ ပြောတာက အရမ်းမလှုပ်နဲ့၊ အရမ်းလှုပ်ရင် ပုဂံက ဘုရားတွေ ပြိုကုန်လိမ့်မယ် တဲ့။ ပန်တျာကြည်လင်နဲ့ လင်မယားကွဲပြီး အငြိမ့်ကတော့ အဲ့ဒီခေတ်က ဇာတ်သဘင် အရွေ့အတိုင်း ရုံးသွင်းရတဲ့ထိ အောင်မြင်ခဲ့တဲ့ မင်းသမီး ပန်တျာ တင်တင်မြင့် ဘယ်လောက် လှုပ်သလဲ ဆိုတာကတော့ ကြည့်ဖူးသူတွေပဲ သိပါလိမ့်မယ်။
 
ဆိုလိုတာက ငါ့ရှင်လေးတို့ အနေနဲ့ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာအတွက် လှုပ်ရေးကြုံလို့ လှုပ်တော့မယ်ဆိုရင် အရမ်းမလှုပ်ကြဖို့ နဲ့ ကမ္ဘာ့စံနဲ့ ဟလွန်းသွားရင် ပြဿနား ကြီးသွားတတ်တယ် ဆိုတာကို သတိပေးချင်တာပါ။ သတိပေးစကားကို အရေးစိုက်ခြင်း မစိုက်ခြင်းကတော့ ငါ့ရှင်တို့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါပဲ။
 
🙂
ရှင်အာစာရ

No comments:

Post a Comment