Monday, July 26, 2021

မျိုးဆက်သစ် ငါ့ရှင်ငယ်များသို့ (၁)

 July 23, 2021


-----
ကြီးကြီးကျယ်ကျယ် လာလုပ်မနေနဲ့ဆိုတဲ့ အချိုးမျိုး ချိုးချင်လည်း ချိုးလို့ ရပါတယ်။ သိလွန်းတတ်လွန်းလို့ ပြောတာတော့ မဟုတ်ပါဘူး။ ပြောရမယ့်တာဝန် ရှိတယ် ထင်မိလို့ ပြောပါတယ်။ အရေးစိုက်ခြင်း မစိုက်ခြင်းက ငါ့ရှင်တို့ရဲ့ အပိုင်းပါ။ ထေရ်ကြီးတွေကို မလျှောက်ရဲလို့၊ အရဲစွန့်ပြီး လျှောက်နေရင်လည်း အကျိုးထူးလှမှာ မဟုတ်လို့ ငါ့ရှင်တို့ကိုပဲ ဦးတည်ပါတယ်။ ငါ့ရှင်တို့ကို ဦးတည်တယ် ဆိုပေမယ့် အားလုံးနဲ့ဆိုင်တဲ့ သာသနာရေး စကားပါ။
ငါ့ရှင်တို့ ပတ်သက်ရတဲ့ အရေးကိစ္စတိုင်းမှာ သတင်းအချက်အလက်တွေ ရနိုင်သလောက် စုယူပြီး အဖြူထည် အပွင့်စိတ်နဲ့ သုံးသပ်နိုင်ကြဖို့ အကြံပေးချင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးလိုမျိုး လောကအရေး တစ်နေရာရာမှာ အသုံးချခံ ဖြစ်မသွားကြစေချင်လို့ သတိပေးတာပါ။ တိုက်ရိုက်ဖြစ်ဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးတော့ဖြစ်ဖြစ် အသုံးချခံ ဖြစ်သွားရင် ကာယကံရှင် ငါ့ရှင်တို့ နင့်နာတာထက် သာသနာတော် ထိခိုက်တာက အဆများစွာ ပိုဆိုးပါမယ်။ ငါ့ရှင်တို့အတွက် အဖိုးအခ သဘောမျိုး လာဘ်လာဘ တစ်စုံတစ်ရာ အကျိုးရတယ် ဆိုရင်တောင် သာသနာတော်အတွက် အကျိုးယုတ်မှာပါပဲ။ ဒါ့ကြောင့် ပြောရတာပါ။ မပွန်းမထိသေးတဲ့ အဖြူထည် ရွရွလေးတွေကို အထူး ရည်ရွယ်ပါတယ်။ ကာလဒေသ ယန္တရားရဲ့ ရောမွှေမှုထဲမှာ အရွယ်နဲ့ မလိုက်အောင် ​ညပ်ပါခဲ့ရပြီး ဆွတ်ဆွတ်မဖြူနိုင်တော့တဲ့ အရှင်ဘုရားလေးတွေလည်း ရှိမှာပါ။ ရှိပါစေတော့။
ဗုဒ္ဓဘာသာရဲ့ အထင်ကရ နေ့တစ်နေ့ဖြစ်တဲ့ ဝါဆိုလပြည့်နေ့နဲ့ ဆက်စပ်လို့ သိမိကြားမိ စဥ်းစားမိရာကနေ ငါ့ရှင်လေးတွေကို ပြောချင်စိတ် ပေါ်မိတာပါ။ တွေ့လိုက်ရတဲ့ သတင်းတစ်ခုက . . . . . ဝါဆိုလပြည့်နေမို့ အမေရိကန်သံရုံး ပိတ်တယ် တဲ့။ သံရုံးက မေတ္တာစကားနဲ့ ဆုတောင်းပေးတယ် တဲ့။ ဒါကို ငါ့ရှင်လေးတို့ ဘယ်လို သဘောရလဲ။ သိပ်မလိုအပ်ပေမယ့် ဘာသာရေး ထည့်ပြောရရင် အမေရိကန်သံရုံးဆိုတာက ခရစ်ယန်တွေ။ သူတို့က စာတစ်တန် ပေတစ်တန်နဲ့ ကြေငြာချက်ထုတ်တာ။ ဗုဒ္ဓဘာသာဖြစ်တဲ့ ငါ့ရှင်တို့က သူတို့သံရုံး ပိတ်ပိတ် မပိတ်ပိတ် အရေးမစိုက်ဘူး ဆိုရင်တော့ အပိတ်ထဲ ပါသွားပါပြီ။ ပိတ်ထားလို့ မရပါဘူး။ အထူးသဖြင့် ရာစုသစ်မှာ ဖွင့်ထားဖို့ လိုပါတယ်။ သူတို့ရဲ့ မေတ္တာစကားကို အယုံအကြည် မရှိဘူး ဆိုရင်တော့ ရိုင်းစိုင်းတဲ့အဆင့် ရောက်သွားပါပြီ။ ပွင့်လင်း ယဥ်ကျေးကြစေချင်ပါတယ်။ အခု ပြောနေတာဟာ ပြည်ပအားကိုးတဲ့ သဘောလား၊ အမေရိကန်အတွက် လော်ဘီလုပ်နေတာလား။ အမျိုးမျိုး တွေးယူနိုင်ပါတယ်။ ညံ့ရင်ညံ့သလောက် စေတနာနဲ့ ဆိုလိုရင်းကို သဘောမပေါက်ဘဲ အပြစ်တွေများလာနိုင်ပါတယ်။ အဲ့ဒီလို မဖြစ်စေချင်ပါဘူး။ အခုထုတ်လိုက်တဲ့ အမေရိကန် သံရုံးရဲ့ ထုတ်ပြန်ချက်ကို အမျိုးမျိုး သုံးသပ်ခွင့် ရှိပါတယ်။ ဘယ်လိုပဲ သုံးသပ်သုံးသပ် လက်ခံစရာ ထုတ်ပြန်ချက် တစ်ခုအဖြစ် ပြေပြေပြစ်ပြစ် လက်ခံနိုင်တယ်ဆိုရင်ကို ကျေနပ်စရာပါ။ 
 
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အထူးတလည် ပြောနေရတာကတော့ မနေ့က တွေ့လိုက်ရတဲ့ မပြေမပြစ် ဖေ့စ်ဘွတ် စတေးတပ်စ် တစ်ခုကို ပြန်သတိရမိလို့ပါ။ မြန်မာရဟန်းတော် တစ်ပါးရဲ့ စကားပါ။ စတေးတပ်စ်ရဲ့ လေသံကနေ မှန်းကြည့်ရတာ. .. . အဲ့ဒီ ရဟန်းဟာ တော်တော်ကြီး အစွန်းရောက်ပုံ ရပါတယ်။ လက်ရှိ အကြပ်အတည်း ကိုဗစ်ကပ်ဘေးကာလ အောက်စီဂျင် ရှားပါးမှုနဲ့ ဆက်စပ်နေပါတယ်။ လတ်တလောမှာ ဗလီတစ်ခုက အောက်စီဂျင် လှူနေတယ်။ အဲ့ဒီကိုသွားပြီး အလှူခံကြတဲ့ အထဲမှာ ဗုဒ္ဓဘာသာတွေလည်း ပါတယ်။ အဲ့ဒါကို အစွန်းရောက် ရဟန်းက မကျေမနပ် ဖြစ်နေပုံပဲ။ ဗုဒ္ဓဘာသာတွေဟာ အလကားရရင် အကုန်ယူတာပဲ၊ အယူလွန်ပြီး ကုလားမယား ဖြစ်ကြရတယ်ဆိုတဲ့ သဘောမျိုးနဲ့ ရင်ထုမနာ ဖြစ်နေပုံရတယ်။ ဘယ်လောက်ပိတ်လိုက်သလဲ။ ဘယ်လောက် ပိန်းလိုက်သလဲ။ အောက်စီဂျင်က လူ့အသက် ဖြစ်နေချိန်မှာ သူ့မှာ သူ့အစွဲနဲ့သူ မွန်းကြပ်နေလိုက်တာ။ မြင်ရကြားရတာ ရှက်စရာကြီး။ ဆိုလိုတာက..... နုနုရွရွ အဖြူထည် အရှင်လေးတွေ အလားတူ ပိတ်ဆို့မှုထဲ မဝင်မိကြစေဖို့ပါ။ 
 
မပိတ်မရိုင်းဘဲ ပွင့်ပွင့်ယဥ်ယဥ်နဲ့ စောစောက ပြောခဲ့တဲ့ အမေရိကန် သံရုံးရဲ့ မေတ္တာစကား ထုတ်ပြန်ချက်လိုမျိုး၊ အောက်စီဂျင် အလှူပေး အလှူခံ ကိစ္စလိုမျိုး နိုင်ငံခြားနဲ့၊ ဘာသာခြားနဲ့ ပတ်သက်ရတဲ့ အခါမျိုးမှာ တင်းတင်းကြီး တောင့်ခံမောက်မာ မနေဘဲ အပြေအပြစ် သဘောတရားတွေကို နားလည်သဘောပေါက် လက်ခံနိုင်ကြစေချင်တာပါ ငါ့ရှင်လေးတို့ရေ။ ကြိုက်ကြိုက် မကြိုက်ကြိုက် ကြုံရင်ကြုံသလို ပြောပါ့အုံးမယ်။
 
ပြေပြေပြစ်ပြစ် နပ်နပ်ပတ်ပတ် သုံးသပ်နိုင်ခြင်းအားဖြင့် သာသနာကို အသရေတက်စေတော်မူနိုင်ကြပါစေကြောင်း။
 
🙂
ရှင်အာစာရ

No comments:

Post a Comment