Sunday, June 20, 2021

ဖြေချင်ဖြေ မဖြေချင်နေ၊ အရည်းအချင်းတော့ မလျော့စေလို

 May 29, 2021


-----
ပရိယတ္တိနဲ့ ပတ်သက်လို့ ဆရာတော် ဦးရာဇဓမ္မာဘိဝံသရဲ့ သြဝါဒကို ကလေးအတွေးနဲ့ ခံယူခဲ့ရတုန်းက အပြည့်အဝ နားလည်ဖို့ ခက်ခဲ့တယ်။ ဆရာတော်ကြီးရဲ့ အယူအဆက ပြင်းထန်လွန်းလိုက်တာလို့တောင် ထင်မိလိုက်သေးတယ်။ တဖြည်းဖြည်းတော့ နားလည်သလို ရှိလာပြီး အခြေအနေ အကြောင်းခြင်းရာတွေကို ခြုံငုံဆက်စပ် ကြည့်နိုင်တော့မှ ဟုတ်မယ်ဆို ဟုတ်လောက်တယ်ဟလို့ ဖြစ်လာတယ်။ အရင့်အမာကြီးတွေကို မီဖို့ တကယ်မလွယ်​တာကို ကြာလေ သဘောပေါက်လေ။
ပရိယတ္တိ အရည်အချင်းကို စာမေးပွဲနဲ့ ဆုံးဖြတ်ရာမှာ အားနည်းချက်တွေ ရှိနိုင်ပေမယ့် ဆရာတော်ကြီးက စာမေးပွဲ စနစ်ကို လက်ခံတယ်။ မင်းတို့ ကောင်တွေကို စာမေးပွဲနဲ့မှ မစစ်ရင် မင်းတို့အရည်အချင်းကို သိနိုင်မှာ မဟုတ်ဘူး၊ စာမေးပွဲ မရှိရင် မင်းတို့က ခေါင်းမြီးခြုံပြီး အိပ်နေမှာ၊ စာမေးပွဲ လုပ်ရမယ် ဆိုပေမယ့် ပရိယတ္တိ ပညာရေးကို စနစ်တကျ ဖျက်ဆီးတာတွေလည်း ရှိနေတော့ ကျောင်းတွင်းစာမေးပွဲနဲ့ ကြပ်ထားရမယ် ဆိုတာမျိုး သြဝါဒ ပေးလေ့ရှိတယ်။ ကျောင်းတွင်း စာမေးပွဲနဲ့ သတ်မှတ်တဲ့ အရည်အချင်း မပြည့်ရင် ကျောင်းတိုက်ကနေ အစိုးရ စာမေးပွဲ ဖြေခွင့် မပေးဘူး။ ကျောင်းတွင်းစာမေးပွဲ အောင်ပြီးရင် အစိုးရ စာမေးပွဲ အောင်ဖို့ သေချာပြီ။ ကျောင်းတွင်းစာမေးပွဲ မအောင်လည်း သတ်မှတ်တဲ့ အမှတ် ရရင် အစိုးရ စာမေးပွဲ ဖြေခွင့်ရတယ်။ အဲ့ဒီလိုနဲ့ ကျောင်းတွင်းမှာ ကျပေမယ့် အစိုးရ စာမေးပွဲ အောင်တာက များတယ်။ ဒါက ဆရာတော်ကြီး ဦးရာဇဓမ္မာဘိဝံသရဲ့ ပရိယတ္တိ သြဝါဒ နဲ့ ပရိယတ္တိအလုပ်တွေထဲက သိမီခဲ့သလောက် မှတ်သားစရာပါ။
ဆရာတော်ကြီး အမိန့်ရှိတဲ့ ပရိယတ္တိ ပညာရေးကို စနစ်တကျ ဖျက်ဆီးတယ် ဆိုတာက . . . ဥပမာ . . . မေးခွန်းပေါက်တာ၊ စာမေးပွဲ ဖြေရာမှာ လွှတ်ပေးတာမျိုး။ ခေတ်အရ၊ စနစ်အရ၊ ကာလဒေသအလျောက် ဖြစ်ပေါ်လာတဲ့ ယိုပေါက်တွေဟာ ပျက်စီးပါစေလို့ တမင်ရည်ရွယ် ဖျက်ဆီးတာ မဟုတ်ရင်တောင်မှ သာသနာကို ထိခိုက်ပါတယ်။
လတ်တလော စာမေးပွဲ ရာသီအတွင်း စာမေးပွဲ ဖြေမယ်၊ မဖြေဘူး ကွဲလွဲနေကြချိန်မှာ ဖြေချင်တဲ့ဘက်က သံဃာတော်တွေ အနေနဲ့၊ အထူးသဖြင့် အုပ်ထိမ်းသူ တိုက်အုပ်တိုက်ကြပ် ဆရာတော်ကြီးတွေ အနေနဲ့ စာသင်သားရဲ့ ကျောင်းတွင်းအရည်အချင်းကို ငဲ့ကွက်ရှုမြင်ခြင်းက တစ်ခြား ငဲ့စရာတွေထက် အဆများစွာ ပိုမို အရေးကြီးကြောင်း လျှောက်ထားလိုရင်းပါ။ မဖြေချင်တဲ့ သံဃာတော်တွေ အနေနဲ့လည်း စာမေးပွဲ မဖြေရင်တောင်မှ အရာရာကို မေ့ထားပြီး စာသင်စာချ လုပ်နေနိုင်ပါတယ်။ မေ့မထားနိုင်ဘူး ဆိုရင်လည်း ကာလဒေသ အခြေအနေအရပေါ့ ဘုရား။

No comments:

Post a Comment