လူမိုက်နှင့် ပေါင်းသင်းခြင်းသည် ဆင်းရဲခြင်း၏ အကြောင်း ဖြစ်၏။ သို့သော် အခြေအနေ အမျိုးမျိုးကြောင့် လူမိုက်နှင့် ပေါင်းသင်းရနိုင်သည်။ ဆင်းရဲမည်မှန်း သိလျက် မရှောင်နိုင်အား၍ မချိမဆန့် ဖြစ်စေ၊ မအပ်သော ချမ်းသာကို လွဲမှားစွာ မျှော်တ၍ စိတ်လိုလက်ရ နှစ်ထောင်းအားရ ဖြစ်စေ လူမိုက်နှင့် ပေါင်းသင်းရနိုင်သည်။
ဥပမာ . . . လူမိုက်က လာရောက်၍ အရောဝင်သဖြင့် မရှောင်သာတော့ဘဲ လူမိုက်နှင့် ပေါင်းလိုက်ရသည်။ လူမိုက်ကို ရှောင်သွေလွှဲလျှင် လူမိုက်က ငြိုငြင်မည်၊ ရန်ပြုမည်၊ နှောင်ဖွဲ့မည်၊ ရိုက်နှက်မည်၊ ထုသတ်မည် စစွာသော လူမိုက် ဖန်တီးမည့် ဘေးဥပါဒ်တို့ကို ထိတ်လန့်၍ လူမိုက်နှင့် ပေါင်းလိုက်ရသည်။
ထို့ပြင် လူမိုက်နှင့် ပေါင်းသင်းလျှင် ဘုန်းတန်ခိုးကြီးမားမည်၊ ခြွေရံသင်းပင်း ခပင်းအစုံ ကုံလုံကြွယ်ဝမည်၊ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာ ရတနာနှင့် ရွှေငွေ ကြောက်သံ ပတ္တမြား ကျွန်းသစ်ရေနံ ဆန်စပါး စသည်များစွာ မက်မောဖွယ်ရာတို့ ရရှိမည်ဟူသော လောဘရမ္မက် ငန်းငန်းတက်၍လည်း လူမိုက်နှင့် ပေါင်းလိုက်သည်။ ထိုအခါမျိုး၌ လူမိုက်နှင့် ပေါင်းသင်းခြင်းဖြင့် ရလိုရာ ရနိုင်သော်လည်း ဘုရားဟောနှင့် မညီမလျော် ထော်လော်ကန့်လန့် မသန့်သောအမှု ဖြစ်သည်ကို သုတဖြင့် သိပြီးလျှင် ရဟန်းရှင်လူ ပြည်သူတို့ ကဲ့ရဲ့မည့် ကိစ္စကို ရှောင်သွေကျော်ခွ လူလည်ကျနိုင်ရန် အလို့ငှာ တိတ်တိတ်ပုန်း၍ လူမိုက်နှင့် သဟဲပြုသည်။ ပြည်သူကို ဘာမထီ၊ ရှင်လူကို ထွမ်ထွီ၍ လူမိုက်၏ ခြေအစုံအောက် အလျားထိုး မှောက်ရစေဦးတော့ အောက်ကျို့၍ပင် ပြောင်ပြောင်ကြီး ပေါင်းသည်လည်း ရှိတတ်သည်။
မည်သည့်နည်းဖြင့် ပေါင်းစေကာမူ လူမိုက်နှင့် ပေါင်းသင်းခြင်းသည် လူမိုက်နှင့် ပေါင်းသင်းခြင်းသာလျှင် ဖြစ်သောကြောင့် မင်္ဂလာတုံးသော ကိစ္စသာ ဖြစ်၏။ ဆင်းရဲကြောင်းသာ ဖြစ်သည်။ ဘုရားရှင်၏ ဒေသနာမှာ လိမ်ညာသော စကားဖျင်း မဖြစ်နိုင်။ မှန်ရမည်သာ ဖြစ်၍ လူမိုက်ကို ရှောင်နိုင်မှ မင်္ဂလာ ပြည့်ဝပြီးသုခချမ်းသာ ရနိုင်ရာ၏။
ထိုသို့ဖြစ်လျှင် ရှောင်စရာ လူမိုက်ဟူသည်ကား အဘယ်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သနည်း။ လူမိုက်ဟူသည်ကို ကြန်အင်အမှတ် လက္ခဏာရပ် လေးမျိုးဖြင့် ပညာရှိ အဆူဆူတို့ တံဆိပ်ကပ်တော်မူကြ၏။ (လက္ခဏာလေးရပ်ကို ဓာတ်ပုံမှာ ရှု)
No comments:
Post a Comment