Sunday, March 21, 2021

Positive Thinking

 

Feb1, 2021
 
Chreative Thinking အကြောင်း၊ Teaching နဲ့ Learningဆိုင်ရာ modelတွေ၊ styleတွေ၊ Moduleတွေ၊ Unitတွေ နဲ့ Youtubeမှာ ညဉ့်နက်ခဲ့တယ်။ ပြောရရင် မနက်ပိုင်းထိ ရောက်သွားတာ။ ဒါတောင် အင်တာနက်လိုင်း ပြတ်သွားလို့။ အဲ့ဒါကိုပဲ ကြံဖန်ပြီး ကျေးဇူးတင်ရတော့တယ်။ ဒီလောက်တောင်ပဲလား။ ဒါပဲလား။ မနက်ခုနစ်နာရီ ပြန်နိုးချိန်မှာ လန်းလန်းဆန်းဆန်း ဖြစ်နေပေးတဲ့ ကျန်းမာရေးကလည်း ကျေးဇူးတင်စရာ။ ဆွမ်းဒကာတွေလည်း ကျေးဇူးတင်စရာ။ လောကရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ဒီမနက်ခင်းဟာ အကောင်းချည်းတော့ ဘယ်ဟုတ်ခဲ့မှာလဲ။ ဟုတ်တယ်။ ဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့တယ်။ အကြံတစ်ခုရလို့ တီဗီဖွင့်ကြည့်မှ မြဝတီ တစ်လိုင်း အလုပ်လုပ်နေတာ သိလိုက်ရတယ်။ စိတ်ခံစားမှု တည်ငြိမ်နေတာက ကျေးဇူးတင်စရာထက် အံ့ဩစရာ။ ထင်ထားတဲ့အတိုင်း ကြားလိုက်ရတဲ့ သတင်းအစ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ဆိုလိုက်တာနဲ့ တစ်ချက် ဒိတ်ကနဲ ဖြစ်သွားတာလေးပဲ။ တစ်ချက်ထဲပဲ။ မှတ်မှတ်ရရ တစ်ချက်ဆို တစ်ချက်ပဲ။ ကျန်တဲ့ . . . ခံစားချက်တွေ၊ ဆင်ခြင်သိတွေ၊ မျှော်လင့်ချက်တွေ ဝရုန်းသုန်းကား မဖြစ်လှဘူး။ ချွတ်ခြုံကျဖို့ဆို ဝေလာဝေး။ ဒီလောက်တောင်လား။ ဒါကိုလည်း ကျေးဇူးတင်တာပဲလား။ အင်းပေါ့။ ကျောင်းမှာ ကလေးတွေ ပုံမှန် ဖြစ်နေတာကတော့ အထူးတလည် ကျေးဇူးတင်စရာ မဟုတ်ပါဘူး။ သူတို့ဟာသူတို့ ပုံမှန်လည်ပတ်နေကြလို့ အေးအေးဆေးဆေး အနားယူခွင့် ရခဲ့တဲ့ တစ်နေ့တာကိုတော့ အထူး ကျေးဇူးတင်သင့်တာပေါ့။ ညနေလေးနာရီ အထိပဲ။ ခြေညောင်းလက်ဆန့်ချိန်မှာ ပန်းဆက်လမ်းဆီ လှမ်းဝယ်ထားတဲ့ စာအုပ်လေး ရောက်လာတယ်။ နိုင်ငံတော်ရဲ့ တိုးတက်မှု ဒီတစ်ခုကိုလည်း ကျေးဇူးတင်မိတယ်။ အင်တာနက် ဆက်ပြတ်နေသေးလို့ Youtube မရရင်တောင် လေ့လာစရာ ရပြီ။ ချွေချွေတာတာ လေ့လာရင် အောက်ထစ်ဆုံး တစ်ပတ်စာ ဖူလုံနိုင်တယ်။ စာ နောက်မှ ဖတ်မယ်။ သန့်ရှင်ရေး အတွက် တစ်ပိုင်းတစ်စ ခြောက်နေတဲ့ မြက်တွေကို မီးရှို့ရမယ်။ ဆောင်တွင်းပေမယ့် နေ့ခင်းဆို ပူလာပြီ။ ခုနေ မီးရှို့ထားမှ။ နောက်လဆိုရင်ကို မီးလောင်အား ပြင်းတော့မယ်။ ရွေးခြယ်မှု မှန်ခဲ့တယ်။ မီးလောင်ရာ အကွက်အကွက် လေးတွေကတော့ အလှတရား မဟုတ်သလို ကျေးဇူးတင်စရာလည်း မဟုတ်ပါဘူး။ အတန့်အတန့်နဲ့ လောင်ပေးတဲ့ ဒီမီးကိုလည်း ကျေးဇူးတင်ရအုံးမှာလား။ ဒါပဲလား။ ဘယ်မီးကို ကျေးဇူးတင်ရအုံးမှာလဲ။ အတန့်အတန့် လေးတွေနဲ့ အကန့်လိုက် အပိုင်းလိုက် လောင်တယ်ဆိုရင်တော့ မီးဆိုပေမယ့် ကျေးဇူးတင်ရမှာပါပဲ။ ဘယ်လို လောင်မှာလဲ ဆိုတာကတော့ ဘယ်သူ သိနိုင်မှာလဲ။ မီးပဲလေ။ သူလောင်တဲ့ အတိုင်းပဲပေါ့။ သူက ကိုယ်ဖြစ်ချင်သလို ဘယ်ဖြစ်ပေးမှာလည်း။ မီးဆိုပေမယ့် သူလည်း သူလောင်ချင်သလို လောင်လို့တော့ မရပါဘူး။ နောက်ဆုံး ကျေးဇူးတင်စရာက လက်ရှိသွေးပေါင်ချိန် . . . ၈၀ - ၁၂၀။ အတိအကျ ၈၀ - ၁၂၀။ အားလုံး . . . ကျန်းမာကြပါစေ။

:)
ရှင်အာစာရ

No comments:

Post a Comment