Sunday, March 21, 2021

ဟေ ဟေ မာ‌တောက်

Mar 10, 2021

-----
ကိုရင်တွေ ဘုရားဝတ်မတက်ဘဲ CDM လုပ်လိုက်ကြပြီလို့ ရှင်မာတောက်က ဓာတ်ပုံ သက်သေနဲ့ ပြောတယ်။ သူ ရည်ရွယ်တာက . . . ကာလပေါ် နိုင်ငံရေး ဟာသပဲ ဖြစ်မှာပါ။ မြင်သူတွေ သဘောပေါက်ကြမှာလည်း ကာလပေါ် နိုင်ငံရေး ဟာသပဲ ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် ရှင်မာတောက်ကတော့ . . . ဟိုအရင် ရှစ်လေးလုံးကနေ လက်ရှိ နွေးဦးအထိ ရှင်မာတောက်က ရှင်မာတောက်ပါပဲ။
ဆက်တွေးကြည့်ရင် . . . CDM လှိုင်းလုံးကြီး ရိုက်ခတ်အား ဘယ်လောက် ပြင်းတယ်ဆိုတာကို သိနိုင်ပါတယ်။ ဒါပဲလား။
ဟို . . . ငတုံးတွေ၊ ငလည်တွေထက် ထူးခြားသာလွန်ပြီး အမျိုးဘာသာသာသနာကို ချစ်တတ်သူ အတွက်မှာတော့ ဆက်စပ်တဲ့ အကြောင်းအရာ တစ်ခုက သတိရစရာ ဖြစ်လာပြန်တယ်။ သာသနာရေး ကိစ္စပါ။
နဝတ ခေတ်လောက်တုန်းက မန်းနပသ (ဒုတိယနှစ် ထင်တယ်) ဆက်မတက်တော့ဘဲ လူထွက်သွားတဲ့ လူငယ်တစ်ယောက်ရဲ့ သာသနာရေး အမြင်၊ သာသနာရေး ခံယူချက်ပါ။ လူထွက်ရတဲ့ အကြောင်းတွေထဲက တစ်ခုကို ရိုးရိုးပြတ်ပြတ်ပဲ ပြောတယ်။ ဘုန်းကြီးကျောင်း အာဏာရှင် စနစ်ကို လက်မခံနိုင်တော့လို့ လူထွက်တာ တဲ့။ ဥပမာ ဘယ်လိုလဲ ဆိုတော့ . . . ဘုရားရှိခိုး မလိုက်လို့ ဒဏ်ပေးတာ လုံးဝ မတရားဘူး တဲ့။ ကျောင်းစည်းကမ်း ဖြစ်အုံးတော့ . . . ဘုရားရှိခိုးတယ်ဆိုတာ သဒ္ဓါတရားနဲ့ ဆိုင်တာ တဲ့။ သဒ္ဓါတရား တိုးပွားအောင် လမ်းညွှန်ဆုံးမမှု မရှိဘဲ ဒဏ်နဲ့ခြိမ်းခြောက်ပြီး ဘုရားရှိခိုး ခိုင်းတာဟာ လုံးဝ အဓိပ္ပာယ် မရှိဘူး တဲ့။ အာဏာရှင် စနစ်ပဲ တဲ့။ ခုတော့ သူလည်း အိုင်တီပညာနဲ့ သားကျွေးမှု မယားကျွေးမှု ပြုနေပါပြီ။ လက်မခံနိုင်စရာ သာသနာရေး အချက်အလက်ကြောင့် ဘာသာမဲ့ ဖြစ်သွားတာတော့ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာပါပဲ။ ဆွမ်းတစ်ဇွန်း လျော့သွားလေရဲ့လို့ ဘုန်းကြီးပြိန်းတွေး တွေးပြီးတော့လည်း မပူစေချင်ပါဘူး။
ဆိုတော့ကာ . . . ဘာ ဆိုလိုချင်တာလဲ။ အာဏာရှင် စနစ်ဟာ ဘယ်နယ်မှာမှ အချိုးမပြေလှဘူး ဆိုတာကို သတိပေးချင်တာပါ။ သာသနာရေးမှာ ဖြူလွှတဲ့ သဒ္ဓါ အရေးကြီးတယ်၊ မျက်ကန်းသဒ္ဓါနဲ့ အစွန်းရောက်ပြီး အချိုးမပြေရင်တော့ သာသနာကို ဖျက်ဆီးရာတောင် ရောက်အုံးမယ် ဆိုတာကို သတိပေးချင်တာပါ။

No comments:

Post a Comment