Feb 26, 2021
လူတိုင်းလက်ခံကြရမယ့် ဘုံတန်ဖိုး လက်ခံနိုင်စရာတွေကို ရှင်းရှင်းလင်းလင်း သိထားကြစေလိုကြောင်း ရှေးဉီးစွာ ပြောကြားလိုပါတယ်။ ဒီမိုကရေစီအကြောင်း မပြောချင်နေပါ။ မြတ်ဗုဒ္ဓ ဒေသနာကိုလည်း မေ့ထားလို့ ရပါတယ်။ ဘယ်နိုင်ငံရေး စနစ်ပဲ ကျင့်သုံးကျင့်သုံး လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း၊ တန်းတူအခွင့်အရေး . . . . . (လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း၊ တန်းတူအခွင့်အရေး . . . . .) စတဲ့ ဘုံတန်ဖိုး လက်ခံနိုင်စရာတွေကို မျက်ကွယ်ပြုထားလို့ မရပါဘူး။ ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် မဇ္စျိမပဋိပဒါ - အလယ်လမ်း၊ မေတ္တာ-ကရုဏာ-မုဒိတာ-ဥပေက္ခာ ဗြဟ္မစိုရ် တရား . . . . (မဇ္စျိမပဋိပဒါ - အလယ်လမ်း၊ မေတ္တာ-ကရုဏာ-မုဒိတာ-ဥပေက္ခာ ဗြဟ္မစိုရ် တရား . . . .) စတဲ့ ဘုံတန်ဖိုး လက်ခံနိုင်စရာတွေကို ငြင်းလို့ မရပါဘူး။ ဒီ လက်ခံနိုင်စရာတွေကို ငြင်းပယ်ရင် အစွန်းရောက်သူပါပဲ။ ဒီ လက်ခံနိုင်စရာတွေကို အနှစ်ပါအောင် မကျင့်သုံးနိုင်ရင် ကြောင်သူတော် နိုင်ငံရေး၊ အရေခြုံ ဘာသာရေးပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာ ဘာ့ကြောင့်လဲ။ မှိုင်းလုံးတွေကြောင့်ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးမှိုင်း၊ ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်း . . . ခေတ်တိုင်းခေတ်တိုင်းမှာ အမျိုးမျိုးသော . . . မှိုင်းလုံးတွေ ရှိပါတယ်။ မှိုင်းလုံးတွေ မိပါမယ်။ မှိုင်းမိမှားလို့ ဘက်ယိမ်းမှားရင် . . . အထူးသဖြင့် အကျိုးစီးပွား တစ်ခုခုအတွက် ဘက်ယိမ်းလိုက်ပါပြီး လက်ခံနိုင်စရာတွေကို မလိမ့်တပတ်နဲ့ ရှောင်ကွင်းရင် အောက်လမ်းသမားပဲ ဖြစ်ပါတယ်။ ပထဝီဝင် ဒေသအသီးသီးက နယ်ပယ်ရပ်ဝန်း အသီးသီးမှာ တစ်ဘက်စီ တစ်ဘက်စီတိုင်းက နည်းမျိုးစုံ အားမျိုးစုံနဲ့ ဆွဲနေကြပါတယ်။ ဘက်လိုက်မမှားမိဖို့ အရေးကြီးပါတယ်။ လက်ခံနိုင်စရာတွေကို ဘယ်လောက်ထိ လက်ခံနိုင်မလဲ ဆိုတာကတော့ လူကြီးမင်းရဲ့ အရည်အချင်းပေါ် မူတည်ပါတယ်။ အထူးသဖြင့် . . . ပြောကြား နားထောင်၊ ရေးသား ဖတ်ရှု လုပ်နေကြတဲ့ သတင်းခေတ်မှာ လူတိုင်းလူတိုင်းဟာ မှိုင်းသမားတွေပါ။ မှိုင်းတိုက်ကြပါမယ်။ မှိုင်းမိကြပါမယ်။ ပွင့်ပွင့်လင်းလင်းပဲ ရှင်းအောင်ပြောပါမယ်။ လူကြီးမင်း ဖတ်ရှုနေတဲ့ ဒီစာဟာလည်း မှိုင်းစာပဲ ဖြစ်ပါတယ်။ လက်ခံနိုင်စရာတွေကို ကိုယ့်အရည်အချင်းအလိုက် အတတ်နိုင်ဆုံး လက်ခံကြဖို့ ဆွယ်တရား ဟောနေခြင်း ဖြစ်ပါတယ်။ မှိုင်းတိုက်နေတာ ဖြစ်ပါတယ်။ မှိုင်းလုံးဖြူပဲ ဆိုပါစို့။ သဒ္ဓါပွားအောင် ပြောရရင် သာသနာပြုနေတာပါ။
ရှင်အာစာရ
No comments:
Post a Comment