ဇန်နဝါရီ ၄ ရက်၊ ၂၀၂၁
(အမှာ။ ။ နဝတ-နအဖ ခေတ်များက စခဲ့သော သာသနာရေး ဘွဲ့ပေးစနစ်ဆိုးသည် ဒီမိုကရေစီ ခေတ်မှာလည်း ရှင်သန်ခဲ့ပါသည်။ လက်ရှိ အမှောင်ခေတ် မရောက်ခင် တစ်လခန့် အလိုက ရေးခဲ့သော ဆက်စပ် စာမူကို ဗဟုသုတ အလို့ငှာ ပြန်လည် မျှဝေပါသည်။ မည်သို့မည်ပုံ ဘွဲ့တံဆိပ်တော်များ ရရှိခဲ့ကြသည်ကို ခြေခြေမြစ်မြစ် သုံးသပ်နိုင်ကြရန် ဖြစ်ပါသည်။ အမှောင်ခေတ်၌ ဆက်လက်ဖြစ်ထွန်းခဲ့သော အဆိုပါ သာသနာရေး စနစ်ဆိုးသည် မနေ့က ထိုးနှက်လိုက်ပုံမှာ . . . . .။)
-----
အသိအမှတ် ပြုလောက်အောင် ထူးခြားသည့် ဂုဏ်အရည်အချင်း တစ်ခုခုကို အသိအမှတ် ပြုသင့်သည်မှာ ရှင်းစရာ မလိုအောင် ထင်ရှားသောအချက် ဖြစ်ပါသည်။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်က တန်ခိုးအရာ၊ ပညာအရာ အစရှိသော အရာဌာန အသီးသီး၌ အထူးချွန်ဆုံး ပုဂ္ဂိုလ်တို့ကို အသိအမှတ်ပြု၍ အမြင့်ဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့များ ပေးခြင်းကို အကိုးသာဓက ပြုနိုင်ပါသည်။ ဤကဲ့သို့သော ဂုဏ်ပြုခြင်းမျိုးကို ရှေးက ပြုကျင့်ခဲ့သည့်နည်းတူ ယခုလည်း ပြုကျင့်ရမည်မှာ မှန်ပါသည်။ သို့သော် ရှေးက ဆောင်ရွက်ခဲ့မှုများနှင့် ယခု ကျင့်သုံးနေမှုများ အနှစ်သာရအားဖြင့် တူပါ၏လောဟု မေးခွန်းထုတ်ရန် ရှိနေပါသည်။
အထူးသဖြင့် ယခုလက်ရှိ ကျင့်သုံးနေသော မြန်မာနိုင်ငံ၏ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်မှု အခြေအနေနှင့် စပ်လျှဉ်း၍ သတိပြုဖွယ်၊ စဉ်းစားဖွယ်ရာများ ရှိနေပါသည်။ ဘွဲ့တံဆိပ်တော်များနှင့် စပ်လျှဉ်းသည့် ပစ္စက္ခ သာသနာရေး အခြေအနေကို သုံးသပ်တင်ပြလိုပါသည်။
ဤကိစ္စနှင့် စပ်လျှဉ်း၍ ဘွဲ့ခံဆရာတော်သည် တရားပြသည့် ကမ္မဌာနာစရိယ ဖြစ်နိုင်ပါသည်။ တရားဟောသည့် ဓမ္မကထိကလည်း ဖြစ်နိုင်ပါသည်။ စာချဆရာတော်၊ တိုက်အုပ်တိုက်ကြပ် ဆရာတော်၊ ပဓာနနာယက ဆရာတော်များလည်း ဖြစ်နိုင်ပါသည်။ ပတ်ဝန်းကျင်ကျဉ်းကျဉ်း အသိုက်အဝန်းသေးသေး နယ်ပယ်အငယ်အတွင်းက သာမန်ဆရာတော် ဖြစ်နိုင်သကဲ့သို့ နိုင်ငံကျော်၊ ကမ္ဘာကျော် အကျော်ဒေးယျ ဆရာတော်လည်း ဖြစ်နိုင်ပါသည်။ သက်တော်အရွယ် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ဂုဏဝိသိဋ္ဌ ဂုဏ်ထူးဝိသေသများ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ဒါယကာ ဒါယိကာမ ပရိသတ် အခြံအရံ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ မည်သို့သော ဆရာတော်ပင် ဖြစ်စေကာမူ ဘွဲ့တံဆိပ် တစ်ခုခုကို လက်ခံလိုက်ပြီဆိုလျှင် လက်ရှိအခြေအနေ လက်ရှိမူအရ ဘုန်းကြီးက လူ့အောက်ကျို့လိုက်ရခြင်းပင် ဖြစ်သည်ဟု ရိုးသားစွာ သုံးသပ်မိပါသည်။
အဘယ့်ကြောင့်ပါနည်း။ လက်ရှိ မြန်မာနိုင်ငံ၌ ဖြစ်တည်နေသော သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်မှု အခြေအနေမှာ ကြီးကြီးငယ်ငယ် မည်သည့်ဘွဲ့မဆို ဘွဲ့ခံဆရာတော်က ဘွဲ့ရလိုပါကြောင်း၊ ဘွဲ့နှင့်တန်သည့် ဂုဏ်အရည်အချင်းများ ပြည်စုံပါကြောင်း အချက်အလက် အစုံအလင် တင်ပြ၍ လျှောက်ထားရသည်သာ ဖြစ်ပါသည်။ ထိုကဲ့သို့ လျှောက်လွှာတင်သွင်း၍ ဘွဲ့ရလိုကြောင်း မတောင်းခံလျှင် ဘွဲ့မရနိုင်ပါ။ ဤသို့သော ဘွဲ့လျှောက်မှု၊ ဘွဲ့ကပ်မှု ကိစ္စနှင့် စပ်လျှဉ်း၍ စဉ်းစားတတ်လျှင် စဉ်းစားရမည့် သာသနာရေး အခြေအနေ ဖြစ်ပါသည်။
မည်သည်ကို စဉ်းစားရမည်နည်း။ မေးခွန်းထုတ်ဖွယ်ရာ၊ စဉ်းစာဖွယ်ရာ များစွာ ရှိပါသည်။ တောင်းယူခြင်းဖြင့် ရရှိအပ်သော ဘွဲ့တံဆိပ်တော်၏ ဂုဏ်ကျက်သရေသည် အဘယ်နည်း။ ဂုဏ်ရှိသူအဖြစ် မိမိကို သူတစ်ပါးက အသိအမှတ် ပြုပေးရန် လျှောက်လွှာတင်သွင်း၍ တောင်းဆိုရခြင်း အလုပ်သည် ချီးမွမ်းအပ်သောအလုပ် ဟုတ်ပါ၏လော။ ဤမျှသာ မကပါ။ သာသနာရေးဆိုင်ရာ လူအရာရှိတို့၏ လူရုံးအဆင့်ဆင့်သို့ ရဟန်းတော်များက အဆင့်ဆင့် အတန်တန် ဘွဲ့ခံလျှောက်လွှာ တင်သွင်းရခြင်းသည် မြတ်သောကိစ္စ ဟုတ်ပါ၏လော။ ဤကိစ္စမျိုးကို ရဟန်းက လူ့ထံ အောက်ကျို့ရခြင်းဟု ဆိုနိုင်သည် မဟုတ်ပါလော။
ဝိနယကုက္ကုစ္စ ကြီးတတ်လျှင် ဆက်လက်၍ စဉ်းစားဖွယ်ရာ ရှိပါသေးသည်။ ကြီးမြတ်သည့် ဆရာတော် သမားတော်ကြီး တစ်ပါးပါးကို ဘွဲ့တံဆိပ်တော် ဆက်ကပ်ရန်ရှိသည် ဆိုပါစို့။ အဆိုပါ ဂုဏဝိသိဋ္ဌ ဆရာတော်ကြီးသည် ဘွဲ့တံဆိပ်တော်နှင့် ထိုက်တန်ပါသော်လည်း အထက်၌ ပြဆိုခဲ့သည့် နည်းအတိုင်း လူ့ထံအောက်ကျို့၍ ဘွဲ့တံဆိပ်လျှောက်လွှာ တင်တော်မမူလိုသည် ဖြစ်ငြားအံ့။ သို့ဖြစ်၍ ဘွဲ့ကပ်လိုသူ သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့က ဆရာတော်ကြီးကိုယ်စား ဘွဲ့လျှောက်လွှာနှင့် သက်ဆိုင်သည့် စာရွက်စာတမ်း ကိစ္စများ ဆောင်ရွက်ပေးကြသည် ဆိုပါစို့။ ဤအခြေအနေမျိုးမှာပင်လျှင် နောက်ဆုံး၌ အပြည့်အစုံ အဆင်သင့် စီမံထားသည့် ဘွဲ့လျှောက်လွှာ စာရွက်၌ ကာယကံရှင် ဆရာတော် ဘုရားကြီး ကိုယ်တော်တိုင်က လက်မှတ်ရေးထိုးရသည်သာ ဖြစ်ပါသည်။ ဤဖြစ်ရပ်မျိုး၌လည်း ဆရာတော် ဘုရားကြီးက လူအရာရှိ ငတိမြတ်ထံ အောက်ကျို့၍ အသနားခံ လျှောက်ထားရာ ရောက်သည်ပင် မဟုတ်ပါလော။
မည်သည့်နည်းဖြင့် လျှောက်ထားသည်ဖြစ်စေ မူအရ လျှောက်ထားခြင်းသည် လျှောက်ထားခြင်းသာ မဟုတ်ပါလော။ ထိုသို့ လူအရာရှိ လူရုံးသို့ ဆရာတော်များက ဦးတိုက်လျှောက်ထားရသည့်မူကို ရှက်စရာ ယုတ်နိမ့်မှုအဖြစ် ရှုမြင်သင့်သည် မဟုတ်ပါလော။ ထိုအဖြစ်မျိုးအတွက် နောက်ဆုံးပိတ် လက်မှတ်ထိုးရုံ ထိုးပေးရသည့် ဆရာတော်ကြီးများကို အမှန်တကယ် ကြည်ညိုသည် ဆိုပါက ကုက္ကစ္စကြီးစွာ အားနာသင့်သည်သာ ဖြစ်ပါသည်။
မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံးနေသော သာသနာတော်ဆိုင်ရာ ဘွဲ့လျှောက်-ဘွဲ့ကပ် မူစနစ်သည် ဘွဲ့ခံဆရာတော်ကို ဂုဏ်ပြုပူဇော်ခြင်းကိစ္စ ဖြစ်သော်လည်း စေ့စေ့ငုငု စဉ်းစားသုံးသပ်လျှင် ဘုန်းကြီးက လူ့အောက်ကျို့ရသည့် မဖွယ်မရာကိစ္စ ဖြစ်နေသောကြောင့် သင့်မြတ်အောင် သုံးသပ်ပြင်ဆင်ရမည်သာ ဖြစ်ပါသည်။ အဘယ်သို့ ပြင်ဆင်မည်နည်း။
ဥပမာ . . . ဆရာတော်တို့က ဘွဲ့လိုလားသဖြင့် ဘွဲ့လျှောက်၍ ဘွဲ့ကပ်ခြင်းမျိုး မဟုတ်ဘဲ သက်ဆိုင်သူ သာသနာရေး အရာရှိတို့က ထိုက်တန်သည့် ဆရာတော်ကို မှန်မှန်ကန်ကန် လေ့လာရွေးခြယ်၍ ထိုက်တန်စွာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းမျိုး ဖြစ်သင့်ပါသည်။ ထိုသို့ မဟုတ်လျှင်လည်း နီးစပ်သူ တပည့်ကြီးများ၊ သို့မဟုတ် ဆက်စပ်သူ ဂုဏ်သရေရှိ ဒကာဒကာမများက ထိုက်တန်သည့် ဆရာတော်ကို ညွှန်ပြသည့် အနေဖြင့် သာသနာတော်ဆိုင်ရာ ရုံးအဆင့်ဆင့်သို့ လျှောက်လွှာများဖြင့် တင်ပြသည်ကို သာသနာရေး အရာရှိကြီးငယ် အဆင့်ဆင့်က ဟုတ်မှန်စွာ စိစစ်၍ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းမျိုး ဖြစ်သင့်ပါသည်။
လက်ရှိကျင့်သုံးနေသည့် စနစ်ထက် သာလွန်ကောင်းမွန်သည့် အခြားနည်းလမ်းများလည်း ရှိနိုင်ပါသေးသည်။
ယခု တင်ပြချက်သည် မဖြစ်မနေ ဘွဲ့တံဆိပ်တော် ဆက်ကပ်သင့်သည့် ဆရာတော်ကြီးများကို ဘွဲ့တံဆိပ်တော် ဆက်ကပ်ရေး အတွက်သာ ဖြစ်ပါသည်။ အခြားသော မသက်မဆိုင်၊ မဆီမဆိုင်၊ မထိုက်မတန် ဘွဲ့လျှောက်-ဘွဲ့ကပ် ကိစ္စများလည်း ကြားသိမြင်တွေ့နေရပါသေးသည်။ အဆိုပါ ကိစ္စရပ်များအတွက် အထူးမပြောလိုတော့ပါ။ သာသနာတော်နှင့် လုံးဝမလျှော်သည့် အဆိုပါ ကိစ္စရပ်များကို ကျောင်းနှင့်ကန်နှင့် အတန်အသင့် နီးစပ်သူတို့ပင် သိရှိနေကြပြီး ဖြစ်ပါသည်။
အချုပ်ဆိုရလျှင် ထိုကိစ္စမျိုး လုံးဝ မရှိသင့်ပါ။ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း သာသနာပြု လုပ်ငန်းသည် အမှန်တကယ် ဂုဏ်ကြီးသည့် ဆရာတော်ကြီးများကို (မရည်ရွယ်ဘဲ အမှတ်မထင်ဖြစ်စေ) နှိမ်မိဖိမိသည့် အခြေအနေမျိုး ရောက်သွားပြီး သာသနာဖျက်ရာ မရောက်စေလိုပါ။
(ဖြည့်စွက်ချက် - လက်ရှိအခြေအနေမှာ အထွေထွေ ကပ်ဘေး ဆိုက်ရောက်နေချိန် ဖြစ်ပါသည်။ ကပ်ဘေးကို ဥပေက္ခာပြု၍ ဂုဏ်အတုဖြင့် အပူဇော်ခံလိုသူ သာသနာ့အာဇာနည် အရှင်မြတ်များကို မည်သို့သော သဒ္ဓါဖြင့် ကြည်ညိုကြပါမည်နည်း။ သဒ္ဓါစစ်တို့ လူးလွန့်ခွင့်ရမည့် ခေတ်ကို တောင့်တမိပါသည်။)
ရှင်အာစာရ
No comments:
Post a Comment