Mar 11, 2021
-----
တိုင်းရင်းသားပေါင်းစုံ မိတ်ဆွေရဟန်းတော်တွေနဲ့ ရင်းနှီးခွင့် ရခဲ့တဲ့အတွက် သာသနာတော်ကို ကျေးဇူးတင်ရမှာပါ။ တိုင်းရင်းသားပေါင်းစုံ မိတ်ဆွေ ရဟန်းတော်တွေက တစ်ဆင့် တိုင်းရင်းသားတွေရဲ့ ဘဝအခြေအနေ အထွေထွေကို စာနာနားလည်နိုင်တာ နဲ့ ခေတ်အဆက်ဆက် မှိုင်းတိုက်မှု မျိုးစုံကို ကျော်လွန်နိုင်တာ အတွက်ကတော့ ကိုယ်တွင်းအဇ္စျတ္တက လူသားဆန်မှု၊ လူ့ခံစားချက် နဲ့ လူ့အသိတရားကိုပဲ ကျေးဇူးတင်ရမှာပါ။
ပုဂ္ဂလိက ခံစားချက်ကို ပြောရရင်ဖြင့် . . . လက်ရှိအခြေအနေမှာ လူသားဆန်ဆန်ပဲ ရက်ရောလိုက်ချင်ပါတယ်။ အဆွေ တိုင်းရင်းသားတို့ . . . ဖက်ဒရယ် စနစ်ဖြင့် ပူးပေါင်းလိုက ပူးပေါင်းကြစေ။ ခွဲထွက်လိုပါကလည်း ခွဲထွက်ကြစေ။ တန်ခိုးရှင်သာ ဖြစ်မယ်ဆိုရင် ပေးလိုက်မယ်။ လိုတာယူကြ။
*****
စစ်အုပ်စုကိုလည်း မခွဲခြားမိစေရ။ လိုသည်ကို ယူကြစေ။ စစ်ထောက်ခံသူ အခြွေအရံများနှင့်တကွ စစ်ကမ္ဘာ သီးခြား ခွဲထွက်စေ။ စစ်ဘုန်းကြီးများကို သီးခြား ကိုးကွယ်စေ။ စစ်သာသနာ သီးခြားပြုစေ။ စစ်သားများကို စစ်သမီးများနှင့်သာ ထိမ်းမြားစေ။ စစ်ကလေးများ မွေးဖွားသန့်စင်၍ စစ်ကမ္ဘာ စည်ပင်ပြန့်ပွားစေ။ စစ်ကမ္ဘာ၌ စစ်အာဏာ အဆုံးစွန် တည်မြဲစေ။ မြေပေါ် ခုနစ်ယူဇနာ၊ မြေအောက် ခုနစ်ယူဇနာ . . . အရပ် ဆယ်မျက်နှာ ခုနစ်ယူဇနာစီ စစ်အာဏာ တည်မြဲစေ။ လူ့ကမ္ဘာသို့ကား လုံးဝ မကျူးကျော်မိစေရ။ စစ်ကမ္ဘာသူ စစ်ကမ္ဘာသားတို့ ဘဝတစ်ပါး ကူးပြောင်းငြားသော် . . . စစ်နိဗ္ဗာန်သို့သာ သီးခြားဝင်ကြစေ။
No comments:
Post a Comment