Saturday, June 17, 2017

ဘ၀တွက်တာ ပညာရေး



ပညာရေးစနစ် ကောင်းမွန်သည့် နိုင်ငံတော်အတွင်း လူဖြစ်ခွင့် ရသည့်အတွက် မောင်တာ အလွန်ကံကောင်းသည်ဟု ဆိုရမည် ဖြစ်၏။ ကျောင်းမနေခင် ကလေးငယ် ဘ၀မှာပင် လေ့လာသင်ယူစရာများ ပြည့်စုံနေသည့် ပတ်ဝန်းကျင်ကောင်း နေထိုင်ရှင်သန်ခွင့် ရခြင်းသည်လည်း ကြီးမားသော အခွင့်အရေးပင် ဖြစ်၏။ ကျောင်းနေချိန် ကာလတလျှောက်လုံး အထုံဝါသနာ ပါရမီအလျောက် ထူးချွန်ထက်မြက်ခွင့်ရအောင် ပံ့ပိုးပေးသည့် ပညာရေးမှာ အဖိုးအတန်ဆုံးဟု ဆိုရပေတော့မည်။ ဤသို့လျှင် . . . မောင်တာ ကျောင်းနေ၏။
 
စာစီစာကုံး ရေးသားရာ ထူးချွန်သူ မောင်တာကို အတန်းဖော်များက အားကျကြသည်။ မောင်တာ၏ အရေးအသားကို ကျောင်းသူကျောင်းသားများ တုပကြရန် ဆရာဆရာမများက လမ်းညွှန်ဆုံးမလေ့ ရှိ၏။ မောင်တာ၏ အရည်အချင်းကို စောင့်ကြည့်နေသည့် ကျောင်းအုပ်ကြီး ဦးဘသာ ဦးဆောင်သည့် မိဘဆရာ အသင်းသည် မောင်တာကြီးလာလျှင် ထူးချွန်ထက်မြက်သည့် စာရေးဆရာကြီး ဖြစ်လာလိမ့်မည်ဟု ယုံကြည်ထားကြ၏။ မောင်တာ၏ ၀ါသနာ ထင်ရှားလာအောင် ပံ့ပိုး၍ ပွတ်တိုက်ပေးကြ၏။ မောင်တာ၏ မွေးနေ့တို့ မောင်တာရရှိသည့် မွေးနေ့လက်ဆောင်တို့မှာ စာအုပ်စာပေတို့သာ များ၏။ မောင်တာရရှိသည့် ဆုလာဘ်များတွင်လည်း စာအုပ်စာတမ်းတို့ ပါဝင်၏။ မူလတန်းကျောင်းသား ဘ၀မှာပင် မောင်တာ၏ စာစီစာကုံး စာအုပ်လေးတစ်အုပ် ပုံနှိပ်မူအဖြစ် ထွက်ရှိလာ၏။ မိဘဆရာအသင်းက ထုတ်ဝေသည်။

သို့သော် . . . ထို့နောက်
မောင်တာ၏ ၀ါသနာနှင့် စွမ်းရည်တို့ ကွေးညွတ်၍ ပြောင်းလဲလာဟန် တူ၏။ မောင်တာ၏ စာရေးစွမ်းရည် မသိမသာ ကျဆင်းလာပြီး သင်္ချာစွမ်းရည် အနည်းငယ် မြင့်လာ၏။ ထို့နောက် သင်္ချာရမှတ်များ အမှတ်ပြည့် ဖြစ်လာပြီး စာစီစာကုံး အရေးအသားမှာ ဖြစ်ကတတ်ဆန်း အဆင့်သို့ ရောက်သွား၏။ အခြေအနေကို အကဲခတ်မိသော မိဘဆရာ အသင်းက . . . . .။

သို့သော် . . . ထို့နောက်
ပန်းချီ အနုပညာ မှ အားကစား။ ၀ိဇာဘာသာရပ် တစ်ခုမှ တစ်ခု။ သိပ္ပံဘာသာရပ် တစ်ခုမှ တစ်ခု။ နှုတ်ရေးစွမ်းရည်မှ ကာယစွမ်းရည်။ မည်သို့ဆိုစေကာမူ မိဘဆရာ အသင်းက . . . . .။

ဤသို့လျှင် . . .
မောင်တာ၏ ၀ါသနာ ပါရမီကို ကိုယ်စားပြု ဖော်ညွှန်းသည့် အခြေပြဇယား မျဉ်းကြောင်းသည် အတက်အကျ အကွေ့အကောက် အတွန့်များစွာ ရှိနေသည်ကို မိဘဆရာ အသင်းက . . . . .။

သို့သော် . . . ထို့နောက်
ပျမ်းမျှရမှတ် မြင့်မားသူ မောင်တာသည် နှစ်သက်ရာ တက္ကသိုလ်သို့ တက်ရောက်ခွင့် ရရှိ၏။ သို့သော် ကာလအတန်ကြာအောင် တက္ကသိုလ် ရွေးခြယ်ရန် အခက်တွေ့နေ၏။ နောက်ဆုံး ဗုဒတက္ကသိုလ် တစ်ခုကို ရွေးခြယ်ပြီး ၀ိဇာဘာသာရပ်များ၊ သိပ္ပံဘာသာရပ်များ နှင့် အခြားသော အဋ္ဌာရသ ဘာသာရပ်များကို စုံလင်အောင် သင်ယူပြီး . . . . .။ 

ဤသို့လျှင် . . . 
မောင်တာသည် ပါရဂူဘွဲ့ ရရှိသည်အထိ . . . .။

နောက်ဆုံး ရဟန်းတာ အရှင်မြတ်သည် စာရေးသည်လည်း ရှိ၏။ ချဲတွက်သည်လည်း ရှိ၏။ ဘောလုံးလည်း လောင်း၏။ ပရဟိတလည်း လုပ်၏။ နိုင်ငံရေးလည်း စိတ်ဝင်စား၏။ ဖုံးပွတ်ရင်းလည်း ကွန်ပျူတာ ကလိ၏။

ထို့ပြင် . . .
နောက်ဆုံး ရဟန်းတာ အရှင်မြတ်သည် . . . . . . . . . .။

:)
ရှင်အာစာရ

No comments:

Post a Comment