Friday, January 6, 2017

ဝမ်းမြောက်နုမော် (ဆင်ရွာကြီး)

(Nov 20, 2016)


အနုမောဒနာတရား ဆိုတာက ဝမ်းသာစရာ တရားစကားကို ပြောတာပါ။ စောစောက ကျောင်းထိုင်ဆရာတော်ကြီး အမိန့်ရှိခဲ့တဲ့ ကျေးဇူးတင်ဝမ်းမြောက်စကားနဲ့ အဓိပ္ပာယ် အတူတူပါပဲ။ ကိုယ်တိုင်ဝမ်းသာတဲ့အကြောင်း ပြောတဲ့စကား၊ ဒကာဒကာမတွေ ဝမ်းမြောက်ဝမ်းသာဖြစ်ဖို့ ဟောတဲ့တရား။
သာသနာတော်မှာ ရှင်ရဟန်းတွေကို ဒကာဒကာမတွေက ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းကြတယ်။ စေတီ ကျောင်းကန် စတဲ့ သာသနိက အဆောက်အဦတွေဟာ ဗုဒ္ဓဘာသာဝင်တွေ ပိုင်ဆိုင်ထားတဲ့ သဒ္ဓါတရားရဲ့ သင်္ကေတပဲ။ သဒ္ဓါတရားနဲ့ လှူရတာ ဝမ်းသာစရာ။ လှူနိုင်တာ ဝမ်းသာစရာ။ ပစ္စည်းလေးပါး ရရှိတဲ့ သံဃာတော်တွေလည်း ဝမ်းသာစရာ။ ခုနကပဲ ဆရာတော်ကြီး အမိန့်ရှိသွားတယ်။ ကျေးရွာသူ ကျေးရွာသားတွေ အနေနဲ့ ဆောက်လုပ်လှူဒါန်းဖို့ မလွယ်ကူတဲ့ ကျောင်းတော်ကြီး ဒေါ်သီတာမြင့်က လာပြီး ဆောက်လုပ်လှူဒါန်းတော့ ဆရာတော်ရော၊ ရွာသူရွာသားတွေရော ပျော်ကြရတယ်တဲ့။ မပျော်ဘူလား။ (ပျော်ပါတယ် ဘုရား။) သဒ္ဓါတရားရှိမှ ပျော်နိုင်တယ်။
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးကျေးရွာ၊ ယင်းတိုက်ပင်ကျောင်းတိုက်အတွင်း ဆောက်လုပ်လှူဒါန်းတဲ့ အေးသီတာမြ ကျောင်းဆောင်တော်ကို ရေစက်ချလှူဒါန်းတဲ့ ကျောင်းဒါယိကာမကြီး ဒေါ်သီတာမြင့်က သူ့ရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့ မြောက်များစွာသော ကုသိုလ်ကောင်းမှူတွေကို ပြုလုပ်တယ်။ ပုံမှန်နေ့တွေမှာလည်း နိုင်ငံအနှံ့မှာ ကုသိုလ်မျိုးစုံ ပြုလုပ်ဆည်းပူးတဲ့သူ။ ရတနာသုံးပါး နဲ့ ကံ ကံရဲ့အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရားနဲ့ ပြည့်စုံနေတော့ ကုသိုလ်ပြုရတာ ပျော်နေတယ်။ တစ်နိုင်ငံလုံး နေရာအနှံ့ ကုသိုလ်ကောင်းမှုတွေ လိုက်လုပ်နေတာ။ လူမှုရေး၊ ပညာရေး၊ သာသနာရေး သူမပြုဖူးတဲ့ ကုသိုလ် မရှိလောက်ဘူး ထင်ပါတယ်။ သဒ္ဓါတရားနဲ့ လုပ်ရတာ။
ကုသိုလ်နဲ့ ပျော်နိုင်ဖို့ လိုအပ်တာက သဒ္ဓါတရား။ သဒ္ဓါတရားရှိရင် ဘယ်ကုသိုလ်မဆို ပြုလုပ်နိုင်တယ်။ စောစောက ဆရာတော်ကြီး အမိန့်ရှိသွားတာက ဒီကျောင်းတော်ကြီးဟာ သူ့အတွက်တင် မဟုတ်ဘူး။ အဆက်ဆက် ပေါ်ပေါက်လာမယ့် မျိုးဆက်သစ် ရှင်ရဟန်းတွေအတွက်လည်း ပါတယ်တဲ့။ ကိုယ့်အတွက် ကိုယ်ရလို့ ဝမ်းသာရုံ မဟုတ်ဘူး။ သူတစ်ပါး အတွက်ပါ ဝမ်းသာရတယ်။ ဒီလို ဝမ်းသာနိုင်ဖို့ သဒ္ဓါတရား ရှိရတယ်။ စိတ်ရင်းစေတနာကောင်းနဲ့ သဒ္ဓါတရား အားကောင်းရင် ကောင်းသလောက် ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုနိုင်တယ်။
အခုလို ကျောင်တော်ကြီး ရရှိတာမျိုး၊ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါမှ မဟုတ်ပါဘူး။ ဘာပဲရရ တစ်ခုခု ရတယ်ဆိုရင် ပျော်ကြတာဟာ သဘာဝပဲ။ အဲ့ဒီထက် ကျော်ဖို့လိုတယ်။ သာမန် ပုထုဇဉ်သဘာဝ ကိုယ်ရလို့ ကိုယ်ပျော်တာတင် မကဘဲ သူများ ရတာကိုလည်း ဘေးကနေ ပျော်နိုင်ဖို့ လိုတယ်။ အဲ့ဒီအတွက်လည်း သဒ္ဓါတရားရှိဖို့ လိုတာပဲ။ သဒ္ဓါတရား မရှိရင် မပျော်နိုင်ဘူး။
ကုသိုလ်မျိုးစုံ ပြုလုပ်ပြီး ကုသိုလ်နဲ့ ပျော်ရွှင်နိုင်ဖို့၊ ကိုယ်ရလို့ ပျော်သလို သူများရတာကိုလည်း သာဓုခေါ်နိုင်ဖို့၊ သူတစ်ပါး ပြုလုပ်တဲ့ ကုသိုလ်ကို ကြားရမြင်ရတဲ့အခါမှာ သာဓုခေါ်ပြီး အနုမောဒနာ ပြုနိုင်ဖို့အတွက် လိုအပ်တဲ့ အခြေခံ သဒ္ဓါတရား တိုးပွားအောင် ကျင့်ကြံနေထိုင်နိုင်ကြပါစေကုန်သတည်း။
(မွေးနေ့ရှင် ကုသိုလ်ရှင် သာသနာ့ဒါယိကာမကြီး ဒေါ်သီတာမြင့်လည်း ကျန်းမာချမ်းသာပါစေကြောင်း။)

:)
ရှင်အာစာရ
(ခေတ္တ ဆင်ရွာကြီးကျေးရွာ)

No comments:

Post a Comment