Thursday, July 14, 2016

လေ့ကျင့်ခန်း

ဝါဆိုသင်္ကန်း ကပ်ကြတဲ့ ကျောင်းသူကျောင်းသားတွေ ကိုယ့်အသက် ကိုယ့်အတန်းနဲ့ သင့်တော်တဲ့ စဉ်းစားဥာဏ် ရှိဖို့လိုတယ် . . .။ မေးခွန်းထုတ်ကြည့်။ ဘာဖြစ်လို့ သင်္ကန်းကပ်ကြတာလဲ။ ဆရာဆရာမတွေက ခိုင်းလို့လုပ်ရတာလား။ ဆရာဆရာမတွေက ဘာဖြစ်လို့ ခိုင်းရတာလဲ။

ကျောင်းသူကျောင်းသာတွေ ၀ါဆိုသင်္ကန်းကပ်တယ်ဆိုတာ ကုသိုလ်ရေးမှာ အလေ့အကျင့်ရအောင် လုပ်နေတာ။ ကုသိုလ်လေ့ကျင့်ခန်းပဲ။ ကျောင်းထွက်တဲ့အခါ အရွယ်ရောက်တဲ့အခါ ကုသိုလ်နဲ့ နေတတ်အောင် ငယ်ငယ်ကတည်းက လေ့ကျင့်ထားရတယ်။

ကျောင်းသူကျောင်းသားတွေ အထကမှာ ပညာသင်ကြတယ် ဆိုတာကိုက . . . လေ့ကျင့်နေကြတာ။ ကျောင်းတက်တယ်ဆိုတာ ဘာလုပ်တာလဲ။ (လေ့ကျင့်တာပါဘုရား။) ဘာတွေ လေ့ကျင့်တာလဲ။ အတွက်အချက်၊ အရေးအဖတ်။ အမှန်အမှား ခွဲခြားတတ်တဲ့ အလေ့အကျင့်။ ပြဿနာကို ဖြေရှင်းတဲ့ အလေ့အကျင့်။

True or False မရွေးရဘူးလား။ (ရွေးရပါတယ် ဘုရား။) Solve the problem တွက်ချက်ဖြေရှင်းတာတွေ မလုပ်ရဘူးလား။ (လုပ်ရပါတယ် ဘုရား။) လေ့ကျင့်နေကြတာ။ အရွယ်ရလာလို့ လောကထဲ ၀င်ပြီဆိုရင် ဖြေရှင်းစရာ ပြဿနာတွေ ကြုံရရင် ဖြေရှင်းနိုင်အောင်။ ဘယ်ဟာက မှားသလဲ၊ ဘယ်ဟာက မှန်သလဲ။ ဘယ်သူက မှားသလဲ၊ ဘယ်သူက မှန်သလဲ။ ဝေဘန်တတ်အောင်၊ အမှန်ကို ရွေးခြယ်တတ်အောင် ခုကတည်းက လေ့ကျင့်နေတာ။ အမှန်ကို သိအောင်၊ အမှန်ကို မြတ်နိုးတတ်အောင်။ Fill in the blank ကွက်လပ် မဖြည့်ရဘူးလား။ (ဖြည့်ရပါတယ် ဘုရား။) နွားမှာ ခြေတောက် . . . . . ချောင်း ရှိသည်။ ကွက်လပ် ဘယ်လိုဖြစ်မလဲ။ (လေးပါဘုရား။) လူမှာ ခြေတောက် . . . . . ချောင်း ရှိသည်။ ဘာဖြည့်မလဲ။ (နှစ်ပါဘုရား) မြွေမှာ ခြေတောက် . . . . . ချောင်း ရှိသည်။ ဘာ ဖြည့်မလဲ။ [ :) :) :) ] ကင်းခြေများမှာ ခြေတောက် . . . . . ချောင်း ရှိသည်။ ဖြည့်။ [ :) :) :) ] (တစ်ဆယ်။) တစ်ဘက် ငါးချောင်းပဲ ရှိတာလား။ မကဘူးထင်တယ်နော။ ကွက်လပ်ဖြည့် လေ့ကျင့်ခန်းကလည်း ဘ၀အတွက် လေ့ကျင့်တာပဲ။ ငါ့ပတ်ဝန်းကျင့်မှာ ငါက ဘယ်ကွက်လပ်ကို ဖြည့်နိုင်မလဲ။ ဘာဖြည့်ပေးရမလဲ။ ဘယ်လို ဖြည့်ပေးရမလဲ။ ကင်းခြေများမှာ ခြေတောက် . . . . . ချောင်း ရှိသည်ဆိုတဲ့ ကွက်လပ်ဖြည့်မှာ ရမ်းဖြည့်မှာပဲ။ ကင်းခြေများခြေတောက် ရေမှ မထားဖူးတာ။ တစ်ရာ။ ငါးဆယ်။ ကိုယ်ထင်ရာ ကိုယ့်ဖြည့်။ အရေအတွက် အတိအကျ မဟုတ်လည်း . . . အမြောက်အများဆိုပြီး ဖြည့်လိုက်ရမှာပဲ။ ဘ၀မှာ ကြုံရမယ့် ပြဿနာတွေလည်း တစ်ချို့က အဖြေအတိအကျ ရှိတယ်။ တစ်ချို့ကျတော့ ရမ်းချရတာပဲ။ အဖြေနဲ့ နီးစပ်ရင် အဆင်ပြေတယ်။

ကျောင်းသူကျောင်းသားတွေက လေ့ကျင့်ကြဖို့ လိုသလို ဆရာဆရာမတွေကလည်း ကျောင်းသူကျောင်းသားတွေ ပြဿနာဖြေရှင်းတဲ့ အလေ့အကျင့်ရအောင်၊ အမှန်ကို သိပြီး၊ အမှန်ကို ချစ်တတ်အောင်၊ လိုတဲ့နေရာမှာ အဆင်ပြေပြေ ကွက်လပ်ဖြည့်တတ်အောင် လေ့ကျင့်ပေးကြရမယ်။ အမှားအမှန် ခွဲခြားတတ်ပြီး အမှန်ကို ချစ်မြတ်နိုးတဲ့ ကျောင်းသူကျောင်းသားများ၊ ပြဿနာ ဖြေရှင်းတတ်တဲ့ ကျောင်းသူကျောင်းသားများ၊ ကွက်လပ်ဖြည့်နိုင်တဲ့ ကျောင်းသူကျောင်းသားများ ဖြစ်ကြပါစေ။

(ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ဘုရား)

:)
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

No comments:

Post a Comment