Thursday, May 26, 2016

ယော ပန ဘိက္ခု



“ဟလို . . . ဘုန်းဘုန်း။”

“ပြော ပါ . . .။”

“အဲ . . . ရွာ မကြွခဲ့သေးဘူးလား ဘုရား . . .။”

“ကြွမှာပေါ့။”

“တပည့်တော်လည်း မသောက်တော့ပါဘူး။ အဟဲ . . .။”

“အင်း။ မမူးရင် မောင်းလို့ ရပြီ။ ဟား ဟား။”

“ဟား ဟား ဟား။ ဘုန်းဘုန်းကတော့ လုပ်ပြီ။ တပည့်တော်တို့က ကိစ္စမရှိဘူး။ ဘုန်းဘုန်းတို့သာ ကားမောင်း ဆိုင်ကယ်မောင်း . . . အရေးယူ ခံရမယ် ဘုရား။ ကြေငြာချက် တွေ့လိုက်တယ်။”

“အဲ့ဒါတော့ မပူနဲ့။ ကား ဒရိုက်ဘာ နေရာမှာကို မထိုင်ဘူး။ ဆိုင်ကယ်လည်း လက်ကိုင်ကိုတောင် စုံမကိုင်ဘူး။ အရေးယူပါစေ။”

“ကောင်းတယ် ဘုရား။ အရေးယူတာလည်း ကောင်းတယ်။ တပည့်တော်တို့ ရွာမှာလည်း ဘုန်းဘုန်းတို့ ကြီးကြပ်ပေးနိုင်ရင် ကောင်းမှာပဲ။ အမြင်မတော်ပါဘူး ဘုရား . . .။”

“တာဝန်ရှိ ဆရာတော်ကြီးတွေ ကြီးကြပ်မှာပါ။ ကျုပ်ကတော့ ရွာမှာဖြစ်ဖြစ် မြို့မှာဖြစ်ဖြစ် . . . အဲ့ဒါမျိုး တာဝန် မရှိဘူး နော်။ ကိုယ်တိုင် မမောင်းပေမယ့် မဖြစ်မနေ လိုအပ်လို့ မောင်းတယ်ဆိုရင်တော့ မောင်းတဲ့သူကိုလည်း အပြစ်မပြောချင်ဘူး။ ဖြစ်နိုင်ရင် . . . မမောင်းတာကို ပို သဘောကျတယ်။ လက်ခံနိုင်တယ် လက်မခံနိုင်ဘူး ဆိုတာကတော့ ပတ်ဝန်းကျင်အပေါ် မူတည်တယ် ထင်တာပဲ။”

“ဆိုင်ကယ်မောင်းတာ ကားမောင်းတာ . . . ၀ိနည်းတော် ဥပဒေက မတားဘူးလား ဘုရား။ အန္တရာယ်များပြီး အမြင်မတော်လို့ပါ။”

“ဘုရားလက်ထက်က ကား ဆိုင်ကယ်မှ မရှိတာ။ သိက္ခာပုဒ် ဘုရားဝိနည်းတော့ ဘယ်ရှိပါ့မလဲ။”

“ခုနေချိန် ဘုရားရှိရင် ဘုန်းဘုန်းတွေ ဆိုင်ကယ် မမောင်းဖို့ ကားမမောင်းဖို့ . . . ပြောမယ်ထင်တာပဲ ဘုရား။”

“တားမြစ်လောက်တယ်။ လက်ရှိ ဘုရားရှင်ရဲ့ ၀ိနည်းသိက္ခာပုဒ်တွေမှာ . . . လူတွေက မသင့်တော်ဘူးလို့ ဝေဖန်ရင် . . . ရဟန်းတွေ မလုပ်ဖို့ ဘုရားရှင်က တားမြစ်တာပဲ။”

:)
ရှင်အာစာရ
(ခေတ္တ မန္တလေး)

No comments:

Post a Comment