Tuesday, February 2, 2016

ဒီမိုကရေစီ၊ ဆရာ-ဒကာ နှင့် သာသနာ


“တို့သာသနာကတော့ မလွယ်တော့ပါဘူး ငါ့ရှင်ရယ် . . .။ ဒီမိုကရေစီခေတ် ရောက်ရင်တော့ သာသနာ ပိုပြီး ကျဆုံးမယ် ထင်တာပဲ။”


“ဘယ်လိုကြောင့်လဲ ဘုရား . . .။ ဒီမိုကရေစီခေတ်မှာ တိုင်းပြည်တိုးတက်မယ်လို့ ပြောကြတာပဲ . . .။ တိုင်းပြည် တိုးတက်ရင် သာသနာလည်း တိုးတက်ရမှာပေါ့ ဘုရား . . .။”



“ငါ့ရှင် သိတဲ့အတိုင်းပဲလေ . . .။ လူတွေ သာသနာနဲ့ အဆက်အစပ် နည်းနည်းသွားတယ်။ ဘုရား တရား ဝေးဝေးသွားကြတယ်လေ။”



“သာသနာနဲ့ အဆက်အစပ် ပိုများလာတာတွေလည်း ရှိပါတယ် ဘုရား။ ဘုရား တရား လေ့လာလိုက်စားမှု ပိုများလာတာတွေလည်း ရှိပါတယ် . . .။”



“ငါ့ရှင်ပြောတာလည်း မှန်ပါတယ်။ အများစုက အချိုးမပြေတာတွေ . . . များများလာတယ်။ ရဟန်းသံဃာရယ်လို့ ရိုသေရကောင်းမှန်း မသိတာတို့၊ ရဟန်းသံဃာရဲ့ ဆုံးမစကား နားမထောင်တာတို့ . . .။ နောက်ဆုံး ပြောရရင် . . . ရဟန်းသံဃာကို စော်ကားတာတို့ . . .။”



“လူတိုင်း ဘာသာရေး စိတ်ဝင်းစားဖို့၊ လူတိုင်း ဘာသာရေး အလေးထားဖို့ တင်းပြည့်ကျပ်ပြည့်တော့ မျှော်လင့်လို့ မရပါ ဘုရား . . .။ တပည့်တော်တော်တို့ ဘုန်းကြီးတွေ ဘက်ကလည်း တင်းပြည့်ကျပ်ပြည့်တွေမှ မဟုတ်ကြတာ . . . ။ တပည့်တော် နားလည်တာကတော့ . . . ဆန်ရင်းနာနာဖွပ်တယ် ခေါ်ရမလား . . .။ လူတွေ မရိုသေရင် ရိုသေအောင် နေပြရမယ်၊ လူတွေက ကိုယ့်စကားကို နားမထောင်ရင် နားထောင်ချင်အောင် ကျင့်ကြံရမယ်၊ ဆုံးမရမယ် . . .။ အဲ့ဒီလို နားလည်တာ ဘုရား . . .။”



“အင်း . . . ဒီမိုကရေစီခေတ်မှာ ပိုဆိုးမယ်လို့ ပြောကြတာပဲ။”



“တပည့်တော် အနေနဲ့ကတော့ အဲ့ဒီ . . . ဒီမိုကရေစီ ဆိုတာကို အပြည့်အ၀ နားမလည်ပေမယ့် သာသနာအတွက် ပိုဆိုးမှာကိုတော့ . . . မစိုးရိမ်ပါ ဘုရား။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး . . . စတာတွေ လွတ်လပ်မျှတတယ် ဆိုရင် တပည့်တော်တို့ သာသနာ အတွက်လည်း လွပ်လပ် မျှတရမှာပေါ့။ တစ်ခြား အခွင့်အလမ်းတွေ ပွင့်လာရင် သာသနာ အတွက်လည်း အခွင့်အလမ်း ပိုလာရမှာပေါ့။ စောစောက အရှင်ဘုရား အမိန့်ရှိတဲ့ . . . လူတွေက ရဟန်းသံဃာကို မရိုသေတာ၊ ရဟန်းသံဃာရဲ့ ဆုံးမစကား နားမထောင်တာ၊ ရဟန်းသံဃာကို စော်ကားတာ . . . ဒါတွေဟာ ဖြစ်တတ်တဲ့ သဘာဝပဲလို့ . . . ထင်ပါတယ် ဘုရား။ လူတစ်ယောက်ယောက်၊ မိသားစု တစ်စုစုက မြင်မြင်သမျှ ရဟန်းသံဃာကို မရိုမသေ လုပ်နေတယ်ဆိုရင်တော့ . . . မရိုသေသူတွေရဲ့ အပြစ်ပေါ့။ ရဟန်းသံဃာ ၀ါဝါမြင်တိုင်း မရိုမသေလုပ်တာ မဟုတ်ဘဲ သက်ဆိုင်ရာ ရဟန်းတစ်ပါးပါး ရဟန်းတစ်စုစုကိုပဲ မရိုသေနိုင်တာမျိုး ဆိုရင်တော့ မရိုမသေ အလုပ်ခံရတဲ့ ရဟန်းသံဃာဘက်ကိုလည်း ကြည့်သင့်တာပေါ့ ဘုရား . . .။”



“ဒါတော့ ဒါပေါ့လေ . . .။ တစ်ချို့ဆိုရင် . . . စီးပွားရေးလေး အထိုက်အလျောက် အဆင်ပြေတာနဲ့ . . . ငွေရှိရင် ဘာမဆိုဖြစ်တယ်ဆိုပြီး . . . ဘုန်းကြီးတွေကို ထီမထင်တာမျိုး . . . ”



“မှန်ပါ . . .။ စီးပွားရေးပဲ သိ . . . ငွေနောက်ပဲ လိုက်နေပြီး ဘုရားမသိ တရားမသိ သံဃာမသိ . . . ဒါမျိုးတွေလည်း ရှိမှာပေါ့ ဘုရား . . .။ အဲ့ဒါမျိုးကျတော့ . . . တပည့်တော်တို့ ဘာတတ်နိုင်မှာလဲ။  သူတို့ . . .  သာသနာနဲ့ နီးစပ်မှု ရှိမယ်ဆိုရင် . . . ရှိခွင့်ရအောင် သာသနာ့ ပတ်ဝန်းကျင်ကောင်းလေးတွေ ဖန်းတီးပေးရုံပေါ့။ ဒါဆို . . . တပည့်တော်တို့ဘက်က သာသနာ့တာဝန် ကျေပါပြီ ဘုရား . . .။



ဘုန်းကြီးတွေကို ထီမထင် . . . ဆိုတာမျိုးမှာလည်း ဘုန်းကြီးတိုင်းကို ထီမထင်တာ ဆိုရင်တော့ သူတို့ . . . မြန်မာဗုဒ္ဓဘာသာတွေ အနေနဲ့ . . . လွန်လွန်းတာပေါ့။ ငွေကြေးချမ်းသာတဲ့ သူတွေလည်း သက်ဆိုင်ရာ သာသနာ့ အ၀န်းအ၀ိုင်း တစ်ခုခုမှာ . . . သာသနာနဲ့ ဆက်စပ်ပတ်သက်နေတာ၊ ကိုးကွယ်ဆည်းကပ်နေတာတွေ အများကြီး ရှိပါတယ် ဘုရား . . .။ သာသနာအတွက် စိတ်ပျက်စရာကြီးတော့  မဟုတ်ပါ ဘုရား . . .။



ရဟန်းသံဃာရဲ့ ဆုံးမစကား နားမထောင်တာနဲ့ ရဟန်းသံဃာကို စော်ကားတာတွေမှာတော့ . . . ဘယ်လိုကိစ္စမှာ ဘယ်လိုဆုံးမတာလဲ၊ ဘာကြောင့် ဘယ်လိုစော်ကားတာလဲ . . . ကြည့်စရာတွေ ရှိတာပေါ့ ဘုရား။



ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ရဟန်းတော်တွေရဲ့ အဆုံးအမကို လိုက်နာရမယ်ဆိုတာ မူအရတော့ မှန်တာပေါ့။ လက်တွေ့ မှာတော့ . . . လူပုထုဇဉ်နဲ့ ရဟန်းပုထုဇဉ်တွေ ဖြစ်နေတော့ ဘုန်းကြီးပြောရင် မှန်တယ်၊ လူဆိုတာ ဘုန်းကြီးစကား နားထောင်ရမယ်လို့ . . . တရားသေ သတ်မှတ်လို့ မရပါ ဘုရား . . .။ မကောင်းတဲ့ ကိစ္စမှာ တားမြစ်တယ်၊ ကောင်းတဲ့ဘက် လမ်းညွှန်တယ်၊ မဟောဖူးသေးတဲ့တရား ဟောပြတယ်၊ ဟောဖူးတာကို ပြန်ဟောတယ်၊ လူတွေ နတ်ရွာနိဗ္ဗာန် ရရှိအောင် မေတ္တာထားတယ် ဆိုတဲ့ . . . ရဟန်းကျင့်ဝတ်တွေ ကျေပွန်တယ် ဆိုရင် လူတွေအနေနဲ့ ရဟန်းသံဃာရဲ့ အဆုံးအမကို လိုက်နာရမှာပေါ့။ ကောင်းတဲ့ ကိစ္စမှာ တားမြစ်တယ်၊ မကောင်းတဲ့ဘက် လမ်းညွှန်တယ် . . . ဆိုတာမျိုး . . . ရဟန်းကျင့်ဝတ်နဲ့ ပြောင်းပြန်တွေ ဖြစ်နေမယ် ဆိုရင်တော့ . . . လူတွေက ဘယ်လိုလုပ် လိုက်နာနိုင်ကြမှာလဲ လိုက်နာရင်လည်း မှားမှာပေါ့။



စော်ကားတယ်ဆိုတဲ့ ကိစ္စမှာတော့ . . . မြန်မာတွေ အနေနဲ့ ဗုဒ္ဓဘာသာဝင် မဟုတ်ရင်တောင်မှ ရဟန်းသံဃာကို စော်ကားဖို့ မလွယ်ပါ ဘုရား . . .။ ဒါက . . . ယေဘုယျ အခြေအနေကို ပြောတာပါ . . .။ သက်ဆိုင်ရာလူနဲ့ သက်ဆိုင်ရာရဟန်း သီးခြားဆက်ဆံရေး၊ သီးခြားကိစ္စ တစ်ခုခုမှာ . . . အဖုအထစ် တစ်ခုခု ရှိနေပြီး လူတွေဘက်က ရဟန်းသံဃာကို စော်ကားတာမျိုး ရှိနိုင်တာပေါ့ ဘုရား . . .။ အဲ့ဒါမျိုး . . . မကောင်းပေမယ့် သာသနာတော် တစ်ရပ်လုံးအတွက် ထိခိုက်စရာတော့ မဟုတ်ပါ ဘုရား . . .။



နောက်ပြီး . . . လူတွေဘက်က မတော်မတရား စော်ကားလာတယ် ဆိုရင်တောင်မှ ရဟန်းသံဃာတွေက အတတ်နိုင်ဆုံး သည်းခံခွင့်လွှတ်ကြရမှာပေါ့ ဘုရား . . .။ အကြောင်းမဲ့ စော်ကားတယ် ဆိုရင်တောင် . . . တပည့်တော်တို့ဘက်က ဆတ်ဆတ်ထိမခံ တုံ့ပြန်ဖို့ မသင့်တာပါ . . .။ တုံ့ပြန်စရာလည်း မလိုတာပါ . . .။ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ဒီနိုင်ငံမှာ ဗုဒ္ဓဘာသာ အသိုက်အ၀န်းက စော်ကားတဲ့သူကို ဆုံးမလိုက်ကြမှာပါ။ တပည့်တော်တို့ဘက်က ရဟန်းပီသဖို့ပဲ လိုတာပါ ဘုရား . . .။ အဲ့ဒီလိုဆိုရင် . . . ဗုဒ္ဓဘာသာ ဒကာဒကာမတွေက တပည့်တော်တို့ကို ကာကွယ်ပေးကြမှာပါ ဘုရား . . .။



သာသနာတော်အတွက် မလွယ်ဘူးဆိုပြီး စိတ်ပျက်မနေဘဲ သာသနာ့ကိစ္စကို တတ်နိုင်သလောက် လုပ်ကြတာပေါ့ ဘုရား။ ဒီမိုကရေစီခေတ်မှာ ပိုဆိုးမယ်လို့လည်း စိတ်မပူပါနဲ့ . . .။ တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာ . . . သူတို့သာသနာနဲ့ သူတို့ ရှိနေကြတာပဲ။ တပည့်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီခေတ်မှာလည်း တပည့်တော်တို့ သာသနာဟာ တပည့်တော်တို့ သာသနာပဲပေါ့ ဘုရား . . .။”



(ဆက်ရန် . . . . .)



:)

ရှင်အာစာရ

No comments:

Post a Comment