Sunday, January 24, 2016

နှစ်သက်မိသော စကားပုံတစ်ခု

နှုတ်ရွှင်သောကြောင့် အပေါင်းအသင်း ပေါများသူ၊ နှုတ်သွက်သောကြောင့် လူချစ်လူခင် ပေါများသူ၊ အပြောကောင်း၍ နောက်လိုက်နောက်ပါ ပရိသတ် ပေါများသူ၊ အဟောကောင်း၍ ဘုန်းကြီးသူတို့သည် အားကျစရာ ကောင်းသူများ ဖြစ်ကြသော်လည်း “Actions speak louder than words (လုပ်ဆောင်ချက်တို့သည် စကားလုံးများထက် ပို၍ ကျယ်လောင်သည်)”ဟူသော စကားပုံကိုကား နှစ်သက်လှပါသည်။\
သို့သော် အထက်ပါ ပုဂ္ဂိုလ်တို့ကို အားကျမိသည်မှာ အကြိမ်ကြိမ်ပင် ဖြစ်ပါသည်။ စကားပြောကောင်းရန် မဖြစ်မနေ လိုအပ်သည်ဟုလည်း အဖန်ဖန် ထင်မှတ်မိဖူးပါသည်။ ရဟန်းတစ်ပါးအနေဖြင့် စကားပြောကောင်းမှ တရားဟောကောင်းမည်၊ လေလုံးထွားနိုင်မှ တရားပွဲများများရမည်၊ သို့မှသာလျှင် ဓမ္မပူဇာ အသပြာရွှင်မည်ဟုပင် တွက်လိုက်မိသေးကြောင်း ၀န်ခံရပေမည်။ ထို့ပြင် အာဘောင်အာရင်း သန်သန်နှင့် အလျဉ်းသင့်တိုင်း ၀ါဒဖြန့်နိုင်လျှင် မှားယွင်းသော အကြောင်းအရာကိုပင် နားထောင်သူတို့ လက်ခံလာအောင် စည်းရုံးနိုင်လိမ့်မည်ဟုလည်း နှုတ်စွာသူတို့၏ စွမ်းရည်ကို အထင်ကြီးလိုက်မိပါသေးသည်။

မဟတ္တမ ဂန္ဒီ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ [ဒေါက်တာ ဦးသန်းထွန်း (ရွှေဘို)၏ မြန်မာဘာသာပြန်]ကို ဖတ်နေခိုက်ဖြစ်သော ယခုအခါ၌ နှုတ်ရေးနှုတ်ရာနှင့် သက်ဆိုင်သော ဂန္ဓီကြီး၏ အယူအဆကို တွေ့ရပါသည်။ ဖတ်ပြီးသမျှ စာအုပ်ရှေ့ပိုင်း၌ ဂန္ဒီကြီးသည် စကားပြောရန် ၀န်လေးသူ ဖြစ်၏။ စာအုပ်နောက်ပိုင်း၌ မည်သို့ဖြစ်မည်ကိုကား မသိရသေးပါ။ စာမျက်နှာ (၅၄၃)မျက်နှာရှိသော ဤစာအုပ်၏ စာမျက်နှာ (၆၁)၌ ဂန္ဓီကြီး ယူဆပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
“စကားလုံးများကို အတတ်နိုင်ဆုံး ချွေတာရန်”
“အမှန်တရားကို ရှိသည်ထက် ပို၍ ပြောဆိုခြင်း၊ လျှော့ချလိုခြင်း၊ ကိုယ်လိုရာ ဆွဲလိုခြင်းတို့သည် လူသား၏ သဘာဝ အားနည်းချက်တစ်ခုဖြစ်ရာ ၎င်းကို နှိမ်းနှင်းရန်အတွက် ဆိတ်ဆိတ်နေခြင်းမှာ လိုအပ်ပေ၏။”


ဂန္ဓီကြီး၏ မှတ်ချက်ကြောင့် စောစောက နိဒါန်းချီခဲ့သည့် စကားပုံကို နှစ်သက်မှုမှာ ပို၍ခိုင်မာလာပါသည်။

(ဆက်ရန် . . . . .)

:) 
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

No comments:

Post a Comment